9
ကိုယ့်ဘုရားသခင်နှင့်ခွာသွားမှားယွင်း၍၊ ကောက်နယ်တလင်းရှိသမျှ၌ အခကိုတပ်မက်သောအိုဣသရေလအမျိုး၊ လူမျိုးခြားတို့နည်းတူ၊ အားရရွှင်လန်းခြင်းမပြုလင့်။ ကောက်နယ်တလင်း၊ ဖိနင်းရာ စပျစ်ကျင်းထွက်စားဖွယ်၊ သောက်ဖွယ်မလုံမလောက်၊ စပျစ်ရည်ခန်းခြောက်လိမ့်မည်။ ဧဖရိမ်သည် ထာဝရဘုရားပိုင်ပြည်တော်တွင်မနေရဘဲ၊ အိဂျစ်ပြည်သို့ပြန်သွားရမည်။ အာရှုရိပြည်၌လည်း မသန့်စွာစားသောက်ရမည်။ ထာဝရဘုရားထံသွန်းလောင်းရာသက္ကာကိုလည်းေကာင်း၊ နှစ်သက်တော်မူဖွယ်ပူဇော်သက္ကာကိုလည်းေကာင်း၊ ဆက်ကပ်ခွင့်ရတော့မည်မဟုတ်။ သုံးဆောင်သူဟူသမျှကိုမသန့်ရာရောက်စေသောအသုဘပွဲပမာ၊ အစာကိုသုံးဆောင်ရကြသည့်အတိုင်း၊ ဗိမာန်တော်အတွင်းသို့တင်သွင်းခွင့်မရဘဲ၊ အသက်မွေးရန်မျှသာစားသောက်ရကြမည်။ ပြုမြဲပွဲနေ့၊ ထာဝရဘုရားထံပူဇော်ပွဲနေ့များ၌၊ မည်သိုပြုကြမည်နည်း။ ဘေးဆိုးမှ ထွက်ပြေးခဲ့သော်လည်း၊ အိဂျစ်ပြည်၌စုပုံခြင်း၊ မင်ဖိမြို့၌ မြေမြှုပ်ခြင်းကိုခံရကြလတ္တံ့။ ဆူးပင်သည် နေရင်းအိမ်များကိုလည်းေကာင်း၊ ပေါင်းပင်သည်ငွေရတနာများကိုလည်းေကာင်း၊ ဖုံးလွှမ်းလိမ့်မည်။ ဣသရေလသိမြင်ရသည့်အတိုင်း၊ ဒဏ်စီရင်ရန်နေ့ရက်၊ ဆပ်ပေးရန်နေ့ရက်ကာလသင့်ရောက်လေပြီ။ ကိုယ့်ဒုစရိုက်များပြား၍၊ ရန်ငြိုးဖွဲ့ခြင်းကြီးလေးသည့်အလျောက်၊ ပရောဖက်သည် လူမိုက်၊ နတ်ဝင်သည်လူရူးဖြစ်၏။ ဧဖရိမ်သည်၊ ငါ့ဘုရားသခင့်တစ်ဖက်သူလျှိုသဖွယ်၊ ပရောဖက်လည်း၊ နည်းလမ်းတော်ရှိသမျှ၌ ညွှတ်ကွင်းသဖွယ်ဖြစ်လျက်၊ ကိုယ့်ဘုရားသခင့်ဗိမာန်တော်တွင်ပင်၊ ရန်ငြိုးဖွဲ့ကြသည်တကား။ ဂိဗာမြို့၌ပျက်ယွင်းခဲ့သည့်နည်းတူ၊ ဆိုးသွမ်းစွာပျက်ယွင်းကြသည့်အလျောက်၊ ဒုစရိုက်ကိုမှတ်သားလျက်၊ ပြစ်ဒဏ်စီရင်တော်မူမည်။
10 သဲတော၌ စပျစ်ခိုင်သဖွယ် ငါတွေ့ခဲ့ရာ ဣသရေလ၊ အဦးမှည့်သော သဖန်းသီးသဖွယ်ငါမြင်ခဲ့ရာသင့်ဘိုးဘေးတို့သည်၊ ဗာလပေဂုရသို့ရောက်၍၊ ထိုရှက်ဖွယ်ရာနတ်အား၊ ကိုယ်ကိုသီးသန့်ထားလျက်၊ တပ်မက်သောအရာနှင့်အမျှ ရွံရှာဖွယ်ဖြစ်ကြသည့်အတိုင်း၊ 11 ဧဖရိမ်အမျိုး၌ သန္ဓေတည်ခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း၊ သားဖွားခြင်းမရှိသဖြင့်၊ ငှက်ကဲ့သို့ဂုဏ်အသရေပျံလွှားလိမ့်မည်။ 12 သားမွေးသော်လည်း၊ အမျိုးတိမ်ကောသည့်တိုင်အောင် ငါသေစေမည်။ ငါလွှဲခွာသော်၊ အမင်္ဂလာရှိလိမ့်မည်။ 13 တုရုမြို့ကဲ့သို့၊ စားကျက်တွင် စိုက်ပျိုးဟန်ရှိသောဧဖရိမ်သည်၊ လုပ်ကြံသူတို့အား၊ သားသမီးတို့ကို ထုတ်အပ်ရမည်။
14 အိုထာဝရဘုရား၊ ထိုသူတို့အားပေးချတော်မူပါ။ မည်သို့ပေးတော်မူအပ်သနည်းဟူမူ၊ သားလျှောသောဝမ်း၊ ခန်းခြောက်သောသားမြတ်ကို ပေးချတော်မူပါ။
15 ဂိလဂါလမြို့တွင် ဆိုးသွမ်းမှုရှိသမျှကို၊ သူတို့ပြုကြသောကြောင့်၊ ထိုနေရာ၌ ငါမုန်းထား၏။ ဆိုးသွမ်းသောအပြုအကျင့်အတွက်၊ ဆက်လက်မမြတ်နိုးဘဲ၊ စံရာတော်မှ ငါနှင်ထုတ်မည်။ မင်းရှိသမျှသည် ဖီဆန်ကြသည်တကား။ 16 ဧဖရိမ်သည်၊ အပစ်အခတ်ခံရ၍၊ အမြစ်ပါသွေ့ခြောက်လျက် အသီးမသီးချေ။ သားဖွားသော်လည်း၊ ချင်းရင်သွေးတို့ကို ငါသေစေမည်။
17 ငါဘုရားသခင်သည်၊ မနာခံသောထိုသူတို့ကို စွန့်ပစ်တော်မူသည့်အတိုင်း၊ လူမျိုးခြားတို့ဘောင်တွင်လေလွင့်ကြရလတ္တံ့။