13
အထက်ကာလ၊ ဧဖရိမ်၏ အာဏာသံကြောင့် တုန်လှုပ်ခြင်းရှိကြ၏။ ဣသရေလအမျိုးတွင် ဩဇာကြီးသော်လည်း၊ ဗာလနတ်ကြောင့် ပြစ်ဒဏ်ခံထိုက်သည့် အလျောက်၊ အသေဖြစ်ရလေစွ။ ယခုတိုင်အောင် ထိုသူတို့သည်၊ ပြစ်မှားမြဲပြစ်မှားလျက်၊ ကိုယ့်သဘောအတိုင်း ပန်းတည်းတို့လက်ဖြင့် ရုပ်ပွားများကို၊ ငွေဖြင့် သွန်းလုပ်၍၊ ထိုအရာများအား၊ တင်လျှောက်ကြသည်တကား။ ယဇ်ဆရာတို့လည်းနွားရုပ်ကိုပင်၊ နမ်းရှုတ်ဦးညွတ်တတ်ကြ၏။ သို့ဖြစ်၍၊ ထိုသူတို့သည် နံနက်မိုးတိမ်သဖွယ်၊ လျင်စွာပျောက်သော နှင်းအုပ်သဖွယ်၊ ကောက်နယ်တလင်းမှ လေဗွေဝှေ့သောဖွဲသဖွယ်၊ လေသာပြူတင်းထွက် မီးခိုးသဖွယ် ဖြစ်ရကြလတ္တံ့။ အိဂျစ်ပြည်မှ ထွက်သည်ကစ၍၊ သင့်ဘုရားသခင်ဖြစ်သောငါထာဝရဘုရားမှတစ်ပါး၊ အခြားသောဘုရားကိုသင်မသိ။ အခြားသောကယ်တင်ပိုင်ရှင်မရှိချေ။ ငါသည်မိုးခေါင်သောအရပ်သဲတောတွင်၊ သင့်ကိုသတိမူသော်လည်း၊ နောင်ကာလစားကျက်ကောင်းသည်နှင့် အမျှဝစွာစားရလျက်ပင်၊ ဝသည်နှင့်အမျှ စိတ်နေမြင့်၍၊ ငါ့ကိုသတိလစ်ကြလေစွ။ သို့ဖြစ်၍ ကေသရာဇာသဖွယ်ဖြစ်သောငါသည်၊ ကျားသစ်ကဲ့သို့လမ်းတွင်ချောင်းမြောင်းခြင်း၊ သားငယ်ပျောက်သောဝံမကဲ့သို့ဆီးဆို့လျက်၊ နှလုံးအကာကိုကုပ်ဖြတ်ခြင်း၊ ထိုအရပ်၌ပင် ခြင်္သေ့ကဲ့သို့ကိုက်စားခြင်းများကိုပြုမည့်အလျောက်၊ သားရဲတို့အသတ် အဖြတ်ကို၊ သူတို့ခံရကြလတ္တံ့။ အိုဣသရေလ၊ သင်သည်ပျက်ပြားလေပြီ။ မည်သူမစအံ့နည်း။ 10 မြို့ရွာများတွင် သင့်ကိုကယ်အပ်သောဘုရင်မင်းသည်လည်းေကာင်း၊ ဘုရင်မင်းနှင့်မှူးမတ်တို့ကိုပေးတော်မူပါဟု၊ သင်တောင်းလျှောက်ခဲ့သောတရားမင်းတို့သည်လည်းေကာင်း၊ အဘယ် မှာနည်း။ 11 အမျက်တော်နှင့် ငါပေးသောဘုရင်မင်းကို၊ ဒေါသနှင့်ငါရုပ်သိမ်းပြီ။ 12 ဧဖရိမ်၏ဒုစရိုက်ကိုထုပ်၍၊ အပြစ်ကိုသိုထားလေပြီ။ 13 ထိုသူသည် သားဖွားသောဝေဒနာခံရဆဲတကား။ မလိမ္မာသောသားငယ်ပါတကား။ ဝမ်းတွင်း၌ လွယ်ချိန်လွန်ခဲ့လေပြီ။ 14 မရဏာ့နိုင်ငံတန်ခိုးမှရွေးခြင်း၊ သေမင်းလက်မှနုတ်ခြင်းကို ငါပြုမည်လော။ အိုသေမင်း၊ သင့်ဆိုင်ရာဘေး၊ အိုမရဏနိုင်ငံ၊ သင့်ဆိုင်ရာအန္တရာယ်သည်၊ အဘယ်မှာ နည်း။ ကရုဏာမျက်နှာတော်လွှဲပြီ။ 15 ဆွေမျိုးသားချင်းတို့ထက် အသီးပြန့်ပြောခဲ့သော်လည်း၊ ငါထာဝရဘုရားထံလေတော်၊ အရှေ့လေပင်၊ သဲတောအရပ်မှတိုက်လာသဖြင့်၊ စမ်းရေခန်း၍ စမ်းပေါက် ခြောက်သည်နှင့်၊ အဖိုးထိုက်သောရတနာများသည်၊ သိမ်းဆည်းရာရောက်ရလတ္တံ့။ 16 ကိုယ့်ဘုရားသခင်ကို ပုန်ကန်သောရှမာရိသည်၊ အပြစ်ဒဏ်ခံရ၍၊ မြို့သားတို့သည်၊ ဓားဖြင့်ကျဆုံးခြင်း၊ သူငယ်တို့သည် ဆောင့်သတ်ခြင်း၊ ကိုယ်ဝန်ဆောင်မိန်းမတို့သည် ခွဲဖောက်ခြင်းများကို ခံကြရလတ္တံ့။