7
1-2 ဘုရင်မင်းတို့ကိုလုပ်ကြံရာမှပြန်လာသောအာဗြဟံအား ကြိုဆိုလျက်ကောင်းကြီးပေးသူ၊ အာဗြဟံ့ထံ လက်ရဥစ္စာရှိသမျှအနက် ဆယ်ဖို့တစ်ဖို့ခံယူသူရှာလင်မင်း၊ မြင့်မြတ်သောဘုရားသခင့်ပရောဟိတ် မေလခိဇေဒက်သည် ဦးစွာဖြောင့်မတ်ခြင်းဘုရင်ဟူ၍လည်းေကာင်း၊ နောက်ရှာလင်မင်းတည်းဟူသော ငြိမ်သက်ခြင်းဘုရင်ဟူ၍လည်းေကာင်း အမည်ပညတ်ရှိသည့်ပြင်၊ ခမည်းတော်၊ မယ်တော်၊ မျိုးနွယ်တော်မရှိ။ အသက်အရွယ်တော် အစအဆုံးမရှိ။ ဘုရားသခင့်သားတော်ကဲ့သို့ပင်ဖြစ်၍ ပရောဟိတ်အဖြစ်၌အစဉ်တည်နေ၏။
လက်ရဥစ္စာအနက် ဆယ်ဖို့တစ်ဖို့အလှူကို အမျိုးအဘအာဗြဟံ့ထံခံယူသောထိုပုဂ္ဂိုလ်သည် မည်မျှကြီးမြတ်ကြောင်းဆင်ခြင်ကြလော့။ လေဝိအနွယ်သားတို့အနက် ပရောဟိတ်ရာထူးကိုဆက်ခံသူတို့သည် အာဗြဟံမှဆင်းသက်သော ညီအစ်ကိုချင်းတို့ထံ ဆယ်ဖို့တစ်ဖို့အလှူခံယူရန် တရားဥပဒေရရှိကြသည်မှန်၏။ လေဝိအနွယ်နှင့်မစပ်သောထိုပုဂ္ဂိုလ်မူကား အာဗြဟံ့ထံဆယ်ဖို့တစ်ဖို့အလှူခံယူလျက် ကတိတော်များရရှိသူ့ကိုပင် ကောင်းကြီးပေးခဲ့၏။ သိမ်ငယ်သူသည် ကြီးမြတ်သူထံကောင်းကြီးခံရမြဲဖြစ်သည်မှာ ငြင်းခုံရန်အလျှင်းမရှိ။ ယခုကာလတွင် သေတတ်သောသူတို့သည် ဆယ်ဘို့တစ်ဖို့အလှူကိုခံယူတတ်ကြ၏။ ထိုကာလ၌မူကား အသက်ရှင်နေသည်ဟု သက်သေခံရှိသူခံယူ၏။ 9-10 ၎င်းပြင် မေလခိဇေဒက်ကြိုဆိုသည့်အခါ လေဝိသည်သူ့အဘတွင်ကိန်းနေသည်ဖြစ်၍ တနည်းအားဖြင့်ဆိုလျှင် ဆယ်ဖို့တစ်ဖို့ခံယူသောလေဝိပင် အာဗြဟံအားဖြင့်ထိုအလှူကိုဆက်သခဲ့လေ၏။
11 လူမျိုးတော်တို့အား ပညတ်တရားကိုထုတ်ဆင်ရသော လေဝိအနွယ်ဆက်ခံသူပရောဟိတ်အဖြစ်ဖြင့် စုံလင်ခွင့်ရှိလျှင် အာရုန့်နည်းတူမဟုတ်၊ မေလခိဇေဒက်နည်းတူ ဘွဲ့ထူးခံပရောဟိတ်တစ်ပါးသည် မည်သို့ပေါ်ထွန်းရန်အကြောင်းရှိတော့အံ့သနည်း။ 12 ပရောဟိတ်မျိုးပြောင်းပြီးဖြစ်လျှင် တရားလည်းပြောင်းရ၏။ 13 ဤကျမ်းချက်ရည်ဆောင်သောအရှင်သည် ပူဇော်ရာပလ္လင်တော့်ရှေ့ တစ်ေယာက်မျှမခစားဘူးသော တစ်နွယ်ထဲကဖြစ်ပွားတော်မူ၏။ 14 ငါတို့အရှင်ဘုရားသည် ပရောဟိတ်ထုံးနည်းပညတ်ချက်ကို မောရှေမထားရာယုဒအနွယ်မှ ပေါ်ထွန်းတော်မူကြောင်းထင်ရှား၏။ 15-17 ၎င်းပြင် သင်သည် မေလခိဇေဒက်နည်းတူ ထာဝရပရောဟိတ်ဖြစ်သည်ဟူသော သက်သေခံချက်နှင့်အညီ ကိုယ်ကာယဆိုင်ရာပညတ်တရားအရမဟုတ်၊ နိစ္စအသက်ဆိုင်ရာတန်ခိုးတော်အရ မေလခိဇေဒက်နည်းတူ ပရောဟိတ်တစ်ပါးပေါ်ထွန်းခဲ့သည်မှန်လျှင် တရားပြောင်းကြောင်းသာ၍ထင်ရှား၏။ 18 မည်သည်ကိုမျှ ထိုတရားမစုံလင်စေသည့်အလျောက် အားနည်းခြင်း၊ အကျိုးမဲ့ခြင်းကြောင့် အထက်ပညတ်တော်ကိုဖျက်သိမ်းပြီးလျှင်၊ 19 ဘုရားသခင်အပါးတော်သို့ချဉ်းကပ်ခွင့်ရစေသော သာ၍မြတ်သည့်မျှော်လင့်ခြင်းတရားကို ထပ်ပေးတော်မူ၏။ 20-22 ဆိုခဲ့သူတို့ကိုသစ္စာတော်မထားဘဲ ပရောဟိတ်အဖြစ်ခန့်ထားသည်မှန်၏။ ကိုယ်တော်ကိုမူကား ထာဝရဘုရားက သင်သည်ထာဝရပရောဟိတ်ဖြစ်ကြောင်း သစ္စာထားချက်အတိုင်း သဘောပြောင်းလဲတော်မူမည်မဟုတ်ဟု ဗျာဒိတ်ပေးတော်မူသောအရှင်သစ္စာဆိုလျက် ခန့်ထားတော်မူသည်ဖြစ်၍ သစ္စာတော်နှင့်ခန့်ထားတော်မူသည့်အလျောက် ယေရှုသည်သာ၍မြတ်သောပဋိဉာဉ့်ဆိုင်ရာ အာမခံဖြစ်တော်မူ၏။ 23 ထိုသူတို့လည်းသေတတ်သဖြင့် အမှုဆောင်လျက်အစဉ်မနေနိုင်သောကြောင့် ပရောဟိတ်အများရှိရ၏။ 24 ကိုယ်တော်မူကား ကမ္ဘာအဆက်ဆက်တည်တော်မူသောကြောင့် မပယ်မဖျက်နိုင်သောပရောဟိတ်ရာထူးကို ရရှိသည်ဖြစ်၍၊ 25 ကိုယ်တော်အားဖြင့် ဘုရားသခင့်ထံချဉ်းကပ်သူတို့အတွက်အသနားတော်ခံရန် အစဉ်ရှင်နေသည့်အလျောက် ထိုသူတို့ကိုအဆုံးတိုင်ကယ်တင်တော်မူနိုင်၏။
26 ထိုသို့သန်ရှင်းလျက်၊ ရိုးသားလျက်၊ စင်ကြယ်လျက်၊ အပြစ်သားတို့နှင့်သန့်ခြား၍ ကောင်းကင်အထပ်ထပ်ကိုလွန်သောပရောဟိတ်မင်းသည် ငါတို့နှင့်သင့်လျော်ပေ၏။ 27 ထိုအရှင်သည် ဆိုခဲ့သောပရောဟိတ်မင်းတို့ကဲ့သို့ ဦးစွာကိုယ့်အပြစ်၊ နောက်လူပရိသတ်အပြစ်များအတွက် ပူဇော်သက္ကာများကို နေ့စဉ်ဆက်ကပ်မှုပြုရန်မလို။ ကိုယ်ကိုဆက်ကပ်တော်မူသည်ဖြစ်၍ ထိုအမှုကိုအပြီးသတ်တော်မူ၏။ 28 ပညတ်တရားတော်ဖြင့် အားနည်းသူတို့သည် ပရောဟိတ်မင်းရာထူးခံရကြ၏။ ထိုတရားတော်နောက်ဖြစ်သော သစ္စာထားတော်မူချက်ဖြင့်ကား ကမ္ဘာအဆက်ဆက်စုံလင်သောသားတော်သည် ခံရတော်မူ၏။