6
1-2 ထိုကြောင့် အသေဖြစ်သောကိုယ်ကျင့်များမှနောင်တရခြင်း၊ ဘုရားသခင်အားယုံကြည်ခြင်း၊ ဆေးကြောဝတ်အကြောင်းသင်ကြားခြင်း၊ လက်တင်ခြင်း၊ သူသေတို့ရှင်ပြန်ထမြောက်ခြင်း၊ နိယာမတရားစီရင်ဆုံးဖြတ်ခြင်းတည်းဟူသောအမြစ်ကိုတစ်ဖန်မချဘဲ ခရစ်တော်၏မူလတရားကိုထားခဲ့၍ အရွယ်ရောက်သူအဖြစ်သို့တက်ကြကုန်အံ့။ ဘုရားသခင်ခွင့်ပြုတော်မူလျှင် ထိုသို့တက်ကြမည်။ အလင်းတော်ပွင့်ခွင့်၊ ကောင်းကင်ဆုကျေးဇူးတော်ကိုမြည်းစမ်းခွင့်၊ သန့်ရှင်းသောဝိညာဉ်တော်ကို ဆက်ဆံခွင့်၊ ဘုရားသခင်တရားတော်မြတ်နှင့် နောင်ဘဝဆိုင်ရာတန်ခိုးများကို မြည်းစမ်းခွင့်ရပြီးနောက်၊ ဖောက်ပြန်သူတို့မှာ ဘုရားသခင့်သားတော်ကိုကိုယ်တိုင်ကားတင်ပြန်လျက် ထုတ်ပြလျက်နေသောကြောင့် နောင်တရအံ့သောငှာ တစ်ဖန်အသစ်ပြုပြင်နိုင်ရန်မရှိချေ။ အကြိမ်ကြိမ်ရွာသောမိုးရေကိုသောက်ပြီးသော် ထွန်ယက်စိုက်ပျိုးသူတို့အဖို့အသုံးဝင်သည့် ကောက်ပဲထွက်စေသောမြေသည် ဘုရားသခင့်ထံကောင်းကြီးမင်္ဂလာခံရ၏။ ဆူးပင်၊ ပေါင်းပင်ပေါက်လျှင်မူကား ပယ်ခြင်းကိုခံရ၍ အမင်္ဂလာခံရနီးသည့်ပြင် အဆုံး၌ကျွမ်းလောင်ဒဏ်ခံရလိမ့်မည်။
အချင်းချစ်သူတို့၊ ဤသို့ငါတို့ပြောဆိုသော်လည်း သင်တို့တွင်ကယ်တင်ခြင်းဆိုင်ရာ ကောင်းမြတ်သောအဖြစ်အနေ တည်သည်ဟုစိတ်ချကြ၏။ 10 သီးသန့်ထားတော်မူသူတို့အား ပြုပြီးပြုဆဲလုပ်ကျွေးမှု၌ နာမတော်ကိုထောက်၍ သင်တို့ပြသောမေတ္တာကျေးဇူးနှင့် ကိုယ်ကျင့်များကိုမေ့လျော့ရန် ဘုရားသခင်သည် ဖြောင့်မတ်ခြင်းကင်းတော်မူသည်မဟုတ်။ 11 သင်တို့အသီးအသီးသည် ဆုံးခန်းတိုင်စုံလင်သောမျှော်လင့်ခွင့်ရအံ့သောငှာ ထိုမျှလောက်အားကြီးသောစိတ်ကိုပြလျက်၊ 12 ပျင်းရိခြင်းမရှိဘဲယုံကြည်ခြင်း၊ စိတ်ရှည်ခြင်းကြောင့် ကတိတော်အတိုင်းအမွေခံရသူတို့ပုံစံကို လိုက်သူများဖြစ်စေလို၏။ 13 ဘုရားသခင်သည် အာဗြဟံအားကတိထားတော်မူသည့်ကာလ ကိုယ်တော်ထက်ကြီးမြတ်သူ့ကိုတိုင်တည်၍ သစ္စာထားရန်မရှိသောကြောင့် ကိုယ်တော်တိုင်ကိုတိုင်တည်၍၊ 14 ငါသည် သင့်အား မုချကောင်းကြီးပေးလျက် တိုးတက်ပွားများစေမည်ဟု သစ္စာထားတော်မူရာ၊ 15 အာဗြဟံစိတ်ရှည်သဖြင့် ကတိတော်အတိုင်းခံရ၏။ 16 လူတို့သည် ကိုယ်ထက်ကြီးမြတ်ရာကိုတိုင်တည်၍သစ္စာထားတတ်သဖြင့် သစ္စာထားချက်သည် ငြင်းခုံခြင်းဟူသမျှကိုပြတ်စဲစေလျက် စိတ်ချရန်အကြောင်းဖြစ်သည့်အလျောက်၊ 17 ဘုရားသခင်လည်း ကတိထားချက်အတိုင်း အမွေခံရသူတို့အား အကြံတော်တည်မြဲကြောင်းဖော်ပြလို၍ သစ္စာထားချက်ဖြင့်အာမခံတော်မူ၏။ 18 သို့မှ တည်မြဲရာနှစ်ချက်နှင့်စပ်၍ သစ္စာဖျက်တော်မမူနိုင်သည်နှင့်အညီ ရှေ့၌ထားသောမျှော်လင့်ရာပန်းကို ဆွဲကိုင်ရန်ပြေးဝင်သောငါတို့သည် ခိုင်ခံ့စွာအားယူခွင့်ရရှိကြ၏။ 19-20 မေလခိဇေဒက်နည်းတူ ထာဝရပရောဟိတ်မင်းဖြစ်ပြီးလျှင် ငါတို့ရှေ့ဆောင်ဖြစ်သော ယေရှုဝင်ရောက်တော်မူနှင့်ရာကန့်လန့်ကာအတွင်း ငါတို့စိတ်ဝိညာဉ်၏ကျောက်ဆူးအဖြစ် ငါတို့ရရှိသည့်မြဲမြံတည်ကြည်သော ထိုမျှော်လင့်ရာလည်း ဝင်ရောက်လျက်ရှိ၏။