13
1-2 သင်္ဂဟဝတ်ကိုပြုမြဲပြုကြလော့။ ဧည့်ဝတ်အားဖြင့် အချို့တို့သည် စေတမန်တော်များကိုမမှတ်ဘဲ ဧည့်ခံကြပြီးဖြစ်၍ ထိုဝတ်ကိုမလစ်လပ်ကြနှင့်။ ကိုယ်တိုင်အကျဉ်းသားသဖွယ်အကျဉ်းကျသူတို့ကိုလည်းေကာင်း၊ ကိုယ်ခန္ဓာတည်နေသောအဖြစ် နှိပ်စက်ခံရသူတို့ကိုလည်းေကာင်း သတိရကြလော့။ သင်တို့ရှိသမျှတွင် အိမ်ထောင်ပြုခြင်းအမှုကိုဂုဏ်တင်လျက် ဆက်ဆံခြင်းဝတ်ကိုစင်ကြယ်စေကြလော့။ မတရားမေထုန်ပြုသူတို့နှင့် သူ့သားအိမ်ရာပြစ်မှားသူတို့ကိုကား ဘုရားသခင်စီရင်တော်မူလိမ့်မည်။ လောဘကင်း၍ ကိုယ်ပိုင်ပစ္စည်းနှင့်ရောင့်ရဲကြလော့။ အသို့ဆိုသော် ငါသည်သင့်ကို မည်သည့်အခါမျှစွန့်ထားမည်မဟုတ်ဟု မိန့်တော်မူချက်ရှိသဖြင့်၊ ထာဝရဘုရားမစတော်မူသည့်အလျောက် ငါမကြောက်မရွံ့။ လူသည်ငါ့ကိုမည်သို့ပြုနိုင်အံ့နည်းဟု ရဲရင့်စွာငါတို့ဆိုရကြ၏။
ဘုရားသခင့်တရားတော်ကို သင်တို့အားဟောပြောခဲ့သောအကြီးအမှူးများကို သတိရကြလော့။ မည်သို့ကျင့်ကြံပြုမူ၍ စုတေကြသည်ကိုဆင်ခြင်လျက် သူတို့ယုံကြည်ခြင်းပုံစံကိုလိုက်ကြလော့။ ယေရှုခရစ်သည် ယမန်နေ့၊ ယနေ့နှင့် ကမ္ဘာအဆက်ဆက်မပြောင်းမလဲတည်တော်မူ၏။ ကွဲလွဲထူးခြားသောသြဝါဒများဖြင့် မမျောပါးကြနှင့်။ ပူဇော်သူတို့အားအကျိုးမပေးနိုင်သော ဆွမ်းအားဖြင့်မဟုတ်၊ ကျေးဇူးတော်အားဖြင့်စိတ်တည်ကြည်ရလျှင် ကောင်းမြတ်၏။ 10 တဲတော်ဝတ်ကိုဆောင်ရွက်သူတို့ မစားထိုက်သောပူဇော်ရာပလ္လင်တော်သည် ငါတို့၌ရှိ၏။ 11 အပြစ်အဖို့ဖြေရာအသွေးကို သန့်ရှင်းရာဌာနတွင်းသို့ ပရောဟိတ်မင်းဆောင်သွင်းပြီးလျှင် ဆိုင်ရာအကောင်များကို တပ်စားခန်းပြင်မှာ ကျွမ်းလောင်စေကြသည့်နည်းတူ၊ 12 ယေရှုလည်းအသွေးတော်အားဖြင့် လူမျိုးတော်ကိုသန့်ရှင်းစေခြင်းငှာ မြို့တံခါးပြင်မှာအ​ေသခံတော်မူ၏။ 13 သို့ဖြစ်၍ ငါတို့သည်ကိုယ်တော်အတွက်ကဲ့ရဲ့ခံလျက် တပ်စားခန်းပြင် ကိုယ်တော်ရှိရာသို့ထွက်သွားကြကုန်အံ့။ 14 ငါတို့သည် ဤလောကတွင်တည်မြဲရာမြို့မရှိ။ နောင်ဘဝမြို့တော်ကို တောင့်တလျက်နေကြ၏။ 15 သို့ဖြစ်၍ နာမတော်ကိုဝန်ခံရာ နှုတ်ခမ်းအသီးတည်းဟူသောချီးမွမ်းခြင်းကို ဘုရားသခင့်ထံ ထိုအရှင်အားဖြင့် အစဉ်မပြတ်ပူဇော်ဆက်ကပ်ကြကုန်အံ့။ 16 ကျေးဇူးပြုခြင်း၊ ပေးကမ်းခြင်းဝတ်ကို မလစ်လပ်ကြနှင့်။ ထိုသို့သောပူဇော်သက္ကာများကို ဘုရားသခင်နှစ်သက်တော်မူ၏။
17 အကြောင်းပြရမည့်သူများအဖြစ် သင်တို့ဝိညာဉ်အတွက် စောင့်ရှောက်သောအကြီးအမှူးတို့၏စကားကို နားထောင်ဝန်ခံလျက်နေကြလော့။ သို့မှသူတို့သည် သင်တို့အကျိုးယုတ်စေမည့် ညည်းတွားခြင်းဖြင့်မဟုတ်၊ အားရဝမ်းမြောက်စွာဆောင်ရွက်ခွင့်ရကြလိမ့်မည်။
18 အနည်းနည်းတွင် ရိုးဖြောင့်စွာငါတို့ကျင့်ကြံပြုမူလိုသည့်အလျောက် ကြည်လင်သောသြတ္တပ္ပစိတ်ရှိကြောင်း စိတ်ချသောငါတို့အဖို့ ပဌနာပြုကြလော့။ 19 ငါသည် သင်တို့ထံလျင်မြန်စွာပြန်ရောက်ခွင့်ရခြင်းငှာ ထိုသို့ပြုစေရန်အထူးနှိုးဆော်လိုက်၏။
20 ငါတို့အရှင်ယေရှုတည်းဟူသော မဟာသိုးထိန်းတော်ကို ထာဝရပဋိညာဉ်တော်၏အသွေးတော်အားဖြင့် သူသေတို့အထဲမှဆောင်ခဲ့တော်မူသော ငြိမ်သက်ခြင်းအရှင်ဘုရားသခင်သည် 21 မျက်မှောက်တော်တွင် နှစ်သက်ဖွယ်ရာကို ယေရှုခရစ်အားဖြင့်ငါတို့၌ပြုပြင်လျက် အလိုတော်ကိုဆောင်ရွက်ကြအံ့သောငှာ ကျေးဇူးအမျိုးမျိုးနှင့် သင်တို့ကိုစုံလင်စေတော်မူပါစေသော။ ကိုယ်တော်သည် ကမ္ဘာအဆက်ဆက်ဘုန်းကြီးပါစေသတည်း။ အာမင်။
22 ညီအစ်ကိုတို့၊ အထက်နှိုးဆော်ချက်ကို အချုပ်အားဖြင့်ငါရေးလိုက်သည့်အလျောက် သည်းခံကြမည့်အကြောင်း ငါတိုက်တွန်း၏။ 23 ငါတို့ညီတိမောသေလွတ်ကြောင်းသိကြလော့။ မကြာမီရောက်လာလျှင် အတူတကွသင်တို့ထံအကြည့်အရှုငါလာမည်။ 24 သင်တို့အကြီးအမှူးရှိသမျှကိုလည်းေကာင်း၊ တပည့်တော်ချင်းပေါင်းတို့ကိုလည်းကောင်း နှုတ်ဆက်ကြလော့။ ဣတလိအသင်းတော်က သင်တို့ကိုနှုတ်ဆက်လိုက်ကြ၏။
25 ကျေးဇူးတော်သည် သင်တို့ရှိသမျှနှင့်အတူ တည်စေသတည်း။