3
အဆုံးစကားမှာ ညီအစ်ကိုတို့၊ အရှင်ဘုရား၏တရားတော်သည် သင်တို့၌ကဲ့သို့တိုးပွား၍ ဘုန်းပွင့်စေတော်မူပါမည့်အကြောင်း၊ ယုံကြည်ခြင်းတရားကို လူတိုင်းမရသောကြောင့် လူဆိုးလူသွမ်းတို့လက်မှ လွတ်ခွင့် ရစေတော်မူပါမည့်အကြောင်း ငါတို့အဖို့ပဌနာပြုကြလော့။ သို့ရာတွင် အရှင်ဘုရားသည်သစ္စာရှိတော်မူသည့်အလျောက် သင်တို့ကိုတည်ကြည်စေလျက် အဆိုးကိုကွယ်ကာတော်မူလိမ့်မည်။ ငါတို့မှာထားသမျှအတိုင်း ပြုမြဲပြုကြလိမ့်မည်ဟု သင်တို့နှင့်စပ်၍ အရှင်ဘုရားအားဖြင့်စိတ်ချကြ၏။ အရှင်ဘုရားသည် သင်တို့စိတ်နှလုံးများကို ဘုရားသခင်၏မေတ္တာတော်ထဲသို့လည်းေကာင်း၊ ခရစ်တော်၏တည်ကြည်တော်မူခြင်းထဲသို့လည်းေကာင်း ပို့ဆောင်တော်မူပါစေသော။
ညီအစ်ကိုတို့၊ ငါတို့အရှင်ယေရှုခရစ်၏နာမတော်၌ မိန့်မှာသည်ကား၊ ငါတို့ထံမှခံရသောထုံးနည်းအတိုင်း မလိုက်၊ လေလွင့်ကျင့်ကြံသောညီအစ်ကိုရှိသမျှထံမှ ဖဲကြဉ်ကြလော့။ ငါတို့သည် သင်တို့ဘောင်တွင် လေလွင့်လျက်မနေခဲ့သည်ဖြစ်၍ ငါတို့ပုံစံကိုမည်သို့လိုက်သင့်ကြောင်း သင်တို့ကိုယ်တိုင်သိကြ၏။ ငါတို့သည် မည်သူ့ထံ၌မျှဆွမ်းခံ၍မစား။ သင်တို့အနက်မည်သူ့အပေါ်တွင်မျှ ဝန်မဖြစ်စေရန် နေ့ညဉ့်မပြတ်ပင်ပန်းစွာ လုပ်ကိုင်ကြိုးစားလျက်နေခဲ့ကြ၏။ ထိုသို့နေခဲ့ကြသည်မှာ ဆွမ်းခံခွင့်မရှိသောကြောင့်မဟုတ်။ သင်တို့လိုက်အပ်သောပုံစံကိုပေးခြင်းငှါတည်း။ 10 အလုပ်မလုပ်လိုသူအစားမစားရဟူ၍ သင်တို့နှင့်အတူရှိစဉ်ပင် ငါတို့မှာထားခဲ့၏။ 11 သင်တို့ဘောင်တွင် အချို့တို့သည်လေလွင့်ကျင့်ကြံလျက်၊ အလုပ်မလုပ်ဘဲ၊ မဆိုင်ရာတွင် စွာတတ်ကြောင်းငါတို့ကြားသိရ၏။ 12 ထိုသို့သောသူတို့သည် သေဝပ်စွာလုပ်ကိုင်လျက်အသက်မွေးစေရန် အရှင်ယေရှုခရစ်တော်အားဖြင့် ငါတို့မှာထားနှိုးဆော်လိုက်၏။ 13 အိုညီအစ်ကိုတို့၊ ကောင်းမှုကိုလက်မလွှတ်ဘဲပြုကြလော့။ 14 မည်သူမဆို ဤစာပါငါတို့အမိန့်ကိုနားမထောင်လျှင် ထိုသူ့ကိုမှတ်၍ရှက်ကြောက်ရစေရန် မပေါင်းသင်းဘဲနေကြလော့။ 15 သို့ရာတွင်ရန်သူကဲ့သို့မမှတ်၊ ညီအစ်ကိုချင်းကဲ့သို့ပဲ့ပြင်ကြလော့။
16 ငြိမ်သက်ခြင်းအရှင်ကိုယ်တော်တိုင်ပင်သင် တို့အားအနည်းနည်းဖြင့် ငြိမ်သက်ခြင်းကို အစဉ်သနားတော်မူပါစေသော။ အရှင်ဘုရားသည် သင်တို့ရှိသမျှနှင့်အတူတည်တော်မူပါစေသော။
17 ငါပေါလုသည် နှုတ်ဆက်စကားကိုကိုယ်တိုင်ရေးလိုက်၏။ စာတိုင်းတွင် အထိမ်းအမှတ်အဖြစ် ဤသို့ရေးလိုက်၏။ 18 ငါတို့အရှင်ယေရှုခရစ်၏ကျေးဇူးတော်သည် သင်တို့ရှိသမျှနှင့်အတူတည်စေသတည်း။