သက်သာလောနိတ်ဩဝါဒကျမ်း
ဒုတိယစောင်
1
ပေါလု၊ သိလွာနု၊ တိမောသေတို့က ငါတို့အဘဘုရားသခင်နှင့်အရှင်ယေရှုခရစ်၌ တည်နေသော သက်သာလောနိတ်အသင်းတော့်ထံ ရေးလိုက်သည်မှာ၊ ခမည်းတော်ဘုရားသခင်နှင့် အရှင်ယေရှုခရစ်အထံတော်မှ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌ တည်ရှိပါစေသော။
ညီအစ်ကိုတို့၊ သင်တို့ယုံကြည်ခြင်း အလွန်တိုးပွားသည့်ပြင် အချင်းချင်းတို့အား အသီးအသီးတို့မေတ္တာ ကြွယ်ဝသည့်အတွက် ဘုရားသခင့်ကျေးဇူးတော်ကိုထိုက်လျော်သည့်အတိုင်း ငါတို့အစဉ်ချီးမွမ်းရကြ၏။ သို့နှင့်အညီ တွေ့ကြုံရသောနှိပ်စက်ခြင်း၊ ဒုက္ခရောက်ခြင်းရှိသမျှတွင် သင်တို့တည်ကြည်လျက်၊ ယုံကြည်လျက်နေကြသည်ကိုအကြောင်းပြု၍ ဘုရားသခင့်အသင်းတော်များ၌ ငါတို့ကိုယ်တိုင်ဂုဏ်တင်ခွင့်ရကြ၏။ ထိုသို့နေကြသည်မှာ ဘုရားသခင့်နိုင်ငံတော့်အတွက် ဒုက္ခခံရသောသင်တို့ကို ထိုနိုင်ငံတော်နှင့် ထိုက်တန်သူများအဖြစ်မှတ်တော်မူပြီဟု တရားသဖြင့် ဘုရားသခင်စီရင်တော်မူသော သက်သေလက္ခဏာတည်း။ 6-8 အရှင်ယေရှုသည် တန်ခိုးတော့်ဆိုင်ရာစေတမန်တော်တို့နှင့်တကွ မီးလျှံအားဖြင့် ကောင်းကင်ဘုံမှပေါ်တော်မူသည့်ကာလ၊ သင်တို့ကိုဒုက္ခရှာသူတို့အားဒုက္ခကိုလည်းေကာင်း၊ ဒုက္ခရောက်ခဲ့သောသင်တို့၌ ငါတို့နှင့်အတူချမ်းသာကိုလည်းေကာင်း ဘုရားသခင်စီရင်တော်မူသည်မှာ မုချဖြောင့်မတ်၏။ ထိုအရှင်သည်ဘုရားသခင်ကို မသိသောသူတို့နှင့် ငါတို့အရှင်ယေရှု၏သတင်းတော်မြတ်အတိုင်း မလိုက်နာသူတို့အပေါ်တွင် ဒဏ်စီရင်တော်မူမည်ဖြစ်သည်နှင့်အညီ၊ 9-10 ထိုနေ့တော်၌ သီးသန့်ထားတော်မူသူတို့ကြောင့် ဘုန်းတော်ပွင့်ခွင့်၊ ငါတို့သက်သေခံချက်ကို ယုံကြည်သောသင်တို့မှစ၍ ယုံကြည်သူရှိသမျှကြောင့် ချီမွမ်းခွင့်ခံခြင်းငှါကြွလာတော်မူသော် ဆိုခဲ့သောသူတို့သည် အရှင်ဘုရားအထံတော်နှင့်ဘုန်းကြီးသောတန်ခိုးတော်မှပယ်လျက် ထာဝရပျက်စီးဒဏ်ခံရကြလတ္တံ့။ 11-12 သို့ဖြစ်၍ ငါတို့ဘုရားသခင်နှင့်အရှင်ယေရှုခရစ်၏ကျေးဇူးတော်အလျောက် သင်တို့အားဖြင့် အရှင်ယေရှု၏နာမတော်ဘုန်းပွင့်စေရန်လည်းေကာင်း၊ ကိုယ်တော်အားဖြင့်သင်တို့ဘုန်းပွင့်စေရန်လည်းေကာင်း၊ ငါတို့ဘုရားသခင်သည် သင်တို့ကိုခေါ်ထားတော်မူရာအဖြစ်အနေနှင့် ထိုက်တန်သောသူများဟု မှတ်ယူတော်မူလျက် တန်ခိုးတော်ဖြင့်ကောင်းမွန်သောအကြံ၊ ယုံကြည်ခြင်းဆိုင်ရာအကျင့် ရှိသမျှပြည့်စုံစေတော်မူပါမည့်အကြောင်း သင်တို့အဖို့ငါတို့အစဉ်ပဌနာပြုကြ၏။