5
သို့ရာတွင်ညီအစ်ကိုတို့၊ အချိန်ကာလများအကြောင်း သင်တို့အားရေးရန်မလို။ ညဉ့်အခါ ခိုးသူလာသကဲ့သို့ အရှင်ဘုရား၏နေ့ရက်တော်ရောက်လာမည်ကို သင်တို့ကိုယ်တိုင်အသေအချာသိကြ၏။ ငြိမ်သက်သည်၊ လုံခြုံသည်ဟုဆိုလျက်နေကြစဉ်ပင် သားဖွားသောမိန်းမ၌ ဝေဒနာသင့်ရောက်သည့်နည်းတူ လွတ်ခွင့်မရှိဘဲ ပျက်စီးခြင်းဘေးရုတ်တရက်သင့်ရောက်မည်။ ညီအစ်ကိုတို့၊ ထိုနေ့တော်သည် သူခိုးကဲ့သို့သင်တို့ကိုအုပ်မိရန် မှောင်မိုက်တွင်မနေဘဲ၊ ရှိသမျှပင် အလင်းရောက်သူ၊ နေ့ရောက်သူများဖြစ်ကြ၏။ ညဉ့်နှင့်သော်လည်းေကာင်း၊ မှောင်နှင့်သော်လည်းေကာင်း၊ ငါတို့မဆိုင်သည်ဖြစ်၍၊ အခြားသူတို့ကဲ့သို့မအိပ်ဘဲ သတိနှင့်စောင့်နေကြကုန်အံ့။ အိပ်သောသူတို့သည် ညဉ့်အခါအိပ်တတ်ကြ၏။ မူးယစ်သောသူတို့လည်း ညဉ့်အခါမူးယစ်တတ်ကြ၏။ ငါတို့မူကား နေ့ဆိုင်သူများဖြစ်သောကြောင့် ယုံကြည်ခြင်း၊ ချစ်ခြင်းရင်အုပ်ကိုဆင်ယင်လျက်၊ ကယ်တင်ခြင်းဆိုင်ရာ ေမျှာ်လင့်ခြင်းမောက်ရှုကိုဆောင်းလျက်၊ သတိနှင့်နေကြကုန်အံ့။ 9-10 ငါတို့ကို အမျက်တော်ခံအဖြစ် ဘုရားသခင်ခန့်ထားတော်မူသည်မဟုတ်။ နိုးကြားသည်ဖြစ်စေ၊ အိပ်ပျော်သည်ဖြစ်စေ၊ အရှင်ယေရှုခရစ်နှင့်အတူအသက်ရှင်နေစေရန် ငါတို့အဖို့အသေခံတော်မူသောထိုအရှင်အားဖြင့် ကယ်တင်ခံအဖြစ်ခန့်ထားတော်မူ၏။ 11 သို့ဖြစ်၍ အချင်းချင်းနှစ်သိမ့်စေလျက် တစ်ဦးကိုတစ်ဦးဆောက်တည်ရင်းအတိုင်း ဆောက်တည်ကြဦးလော့။
12 သို့ရာတွင်ညီအစ်ကိုတို့၊ သင်တို့ဘောင်တွင်ဆောင်ရွက်လျက် အရှင်ဘုရားအားဖြင့်အုပ်ချုပ်ပဲ့ပြင်သူတို့ကို သိမှတ်၍၊ 13 သူတို့ပြုသောအမှုအတွက် အထူးလေးမြတ်ကြည်ညိုကြစေရန် ငါတို့တောင်းပန်ပါ၏။ တစ်ယောက်နှင့်တစ်ယောက်အသင့်အတင့်နေကြလော့။ 14 ၎င်းပြင်ညီအစ်ကိုတို့၊ လေလွင့်သူတို့ကိုပဲ့ပြင်ခြင်း၊ စိတ်လျော့သူတို့ကိုတိုက်တွန်းခြင်း၊ အားနည်းသူတို့ကိုထောက်မခြင်း၊ သူခပ်သိမ်းတို့အားစိတ်ရှည်ခြင်းများကိုပြုကြမည့်အကြောင်း ငါတို့နှိုးဆော်ပါ၏။ 15 မည်သူမျှအဆိုးအတွက် အဆိုးမတုံ့ပြန်ရန်သတိမူ၍ အချင်းချင်းတို့ကောင်းကျိုး၊ လူခပ်သိမ်းတို့ကောင်းကျိုးကိုသာ ရှာကြလော့။ 16-18 ခရစ်တော်ယေရှုအားဖြင့် သင်တို့အဖို့ဘုရားသခင်အလိုတော်ရှိသည့်အတိုင်း အစဉ်ရွှင်လန်းခြင်း၊ မပြတ်ပဌနာပြုခြင်း၊ အရာရာတွင်ကျေးဇူးတော်ချီးမွမ်းခြင်းများကို ပြုကြလော့။ 19-20 ဝိညာဉ်တော်အရှိန်ကိုမသတ်ကြနှင့်။ ဟောပြောဉာဏ်ကိုမထီလေးစားမပြုကြနှင့်။ 21 အရာရာကိုစံချလျက် အကောင်းကိုစွဲကိုင်၍၊ 22 အဆိုးဟူသမျှကို ကြဉ်ရှောင်လော့။
23 ငြိမ်သက်ခြင်းအရှင်ဘုရားသခင်သည် သင်တို့ကို ကိုယ်တော်တိုင်လုံးလုံးသန့်ရှင်းစေတော်မူပါစေသော။ သင်တို့နာမ်ဝိညာဉ်၊ စိတ်သဘော၊ ကိုယ်ခန္ဓာသုံးပါးလုံးကို ငါတို့အရှင်ယေရှုခရစ်ကြွလာတော်မူသည့်ကာလ အပြစ်မဲ့အောင်စောင့်ထိန်းတော်မူပါစေသော။ 24 သင်တို့ကိုခေါ်ထားတော်မူသောအရှင်သည် သစ္စာတည်တော်မူသည့်အလျောက် ထိုသို့ပင် ပြုတော်မူလိမ့်မည်။
25 ညီအစ်ကိုတို့၊ ငါတို့အဖို့ပဌနာပြုကြလော့။ 26 ညီအစ်ကိုရှိသမျှကို သန့်ရှင်းစွာနမ်းရှုပ်လျက် နှုတ်ဆက်ကြလော့။ 27 ဤစာကို ညီအစ်ကိုခပ်သိမ်းတို့အားဖတ်ပြကြရန် အရှင်ဘုရားကိုတိုင်တည်၍ ငါတောင်းပန်၏။
28 ငါတို့အရှင် ယေရှုခရစ်၏ကျေးဇူးတော်သည် သင်တို့နှင့်အတူတည်ရှိစေသတည်း။