2
ညီအစ်ကိုတို့၊ သင်တို့အတွင်းငါတို့ဝင်ရောက်ကြသည်မှာ လွယ်လင့်တကူမဟုတ်။ သင်တို့သိကြသည့်အတိုင်း၊ ဖိလိပ္ပိမြို့တွင်ညှဉ်းပန်းခြင်း၊ အနာတရပြုခြင်းခံရပြီးနောက် ငါတို့ဘုရားသခင်အားဖြင့်ရဲရင့်၍ ကြိုးစားအားထုတ်လျက် ဘုရားသခင့်သတင်းတော်မြတ်ကို သင်တို့အားကြားပြောကြောင်း ကိုယ်တိုင်မှတ်မိကြ၏။ ငါတို့နှိုးဆော်ချက်သည် ယောင်မှားခြင်း၊ ညစ်ညူးခြင်းမှမဖြစ်၊ လှည့်ဖြားခြင်းနှင့်လည်းမဆိုင်။ သတင်းတော်မြတ်ကြားပြောခွင့်လွှဲအပ်ရန် ဘုရားသခင့်သဘောတော်ရှိသည့်အတိုင်း ငါတို့သည်လူစိတ်နှင့်မဟုတ်။ ငါတို့နှလုံးများကိုစစ်ဆေးတော်မူသော ဘုရားသခင့်စိတ်တော်နှင့်တွေ့ရန် ကြားပြောကြ၏။ သင်တို့သိကြသည့်အတိုင်း မြှောက်ပင့်သောစကားနှင့်လည်းေကာင်း၊ ဘုရားသခင်သက်သေဖြစ်တော်မူသည့်အတိုင်း လောဘရှိ၍ဟန်ဆောင်သောစိတ်နှင့်လည်းေကာင်း၊ မည်သည့်အခါမျှမရောက်။ 6-7 ခရစ်တော်၏တမန်တော်များအဖြစ်သြဇာရှိသော်လည်း သင်တို့ဖြစ်စေ၊ အခြားသူတို့ဖြစ်စေ၊ လူ့ထံမှဘုန်းအသရေကိုမရှာ။ နို့စို့သူငယ်တို့ကိုမိခင်မွေးမြူသည့်နည်းတူ သင်တို့ဘောင်တွင်သိမ်မွေ့စွာနေလျက် သင်တို့ကိုချစ်ခင်စုံမက်သဖြင့်၊ ဘုရားသခင့်သတင်းတော်မြတ်ကိုသာမက ကိုယ့်အသက်ကိုလည်း ဝေပေးလိုသောဆန္ဒရှိကြ၏။ ညီအစ်ကိုတို့၊ သင်တို့အနက်မည်သူ့အပေါ်တွင်မျှ ဝန်မဖြစ်စေရန် ငါတို့သည်နေ့ညဉ့်မပြတ်လုပ်ကိုင်လျက် ဘုရားသခင့်သတင်းတော်မြတ်ကိုကြားပြောစဉ် ငါတို့ကြိုးစားပင်ပန်းခံခြင်းကို သင်တို့သတိရကြ၏။ 10 ယုံကြည်သောသင်တို့နှင့်စပ်၍ ငါတို့သည်မည်မျှအပြစ်မဲ့လျက် သန့်ရှင်းဖြောင့်မတ်စွာ ကျင့်ကြံပြုမူခဲ့ကြောင်း သင်တို့နှင့်ဘုရားသခင်သက်သေဖြစ်သည့်အလျောက်၊ 11-12 နိုင်ငံတော်နှင့်ဘုန်းတော်ထဲသို့ ခေါ်ထားတော်မူသောဘုရားသခင်နှင့်ထိုက်တန်အောင် ကျင့်ကြံပြုမူကြစေရန် အဘနှင့်သားသမီးကဲ့သို့သင်တို့အသီးအသီးအား ငါတို့မည်သို့နှိုးဆော်တိုက်တွန်း၍ သတိပေးကြောင်း ကိုယ်တိုင်သိကြ၏။
13 ၎င်းပြင် သင်တို့သည်ဘုရားသခင့်တရားတော်ကို ငါတို့ထံမှကြားနာကြသည့်ကာလ လူ့တရားအဖြစ်မဟုတ်။ ဘုရားသခင့်တရားတော်မှန်သည့်အတိုင်း တရားတော်အဖြစ်ခံယူကြသောကြောင့် ငါတို့လည်း ဘုရားသခင့်ကျေးဇူးတော်ကိုမပြတ်ချီးမွမ်းကြ၏။ ယုံကြည်သောညီအစ်ကိုတို့၊ သင်တို့၌ထိုတရား တော်ပြုပြင်သည်နှင့်အညီ၊ 14 ခရစ်တော်ယေရှု၌တည်နေသော ယုဒပြည်ရှိဘုရားသခင့်အသင်းတော်များသည် ယုဒလူမျိုးချင်းတို့လက်တွင် ခံရသောဒုက္ခမျိုးကို သင်တို့လည်းကိုယ့်လူမျိုးချင်းတို့လက်တွင် ခံရကြသည်နှင့်၊ ထိုအသင်းတော်တို့ပုံစံကို လိုက်ကြလေပြီ။ 15 ထိုယုဒလူမျိုးတို့သည် အရှင်ယေရှုမှစ၍ ပရောဖက်တို့ကိုသတ်လျက် ငါတို့ကိုနှင်ထုတ်သဖြင့် ဘုရားသခင်နှစ်သက်တော်မမူသူ၊ လူခပ်သိမ်းတို့ကိုဆန့်ကျင်ဘက်ပြုသူများဖြစ်ကြသည့်ပြင်၊ 16 လူမျိုးခြားတို့ကိုကယ်တင်အံ့သောငှာ မဟောမပြောရဟုငါတို့အားမြစ်တားကြသဖြင့် ကိုယ့်ဒုစရိုက်အစဉ်ဖြည့်လျက် ကိုယ့်အပေါ်သို့အမျက်တော်ဒဏ် အကုန်သင့်ရောက်လေပြီ။
17 ညီအစ်ကိုတို့၊ ငါတို့သည်စိတ်နှလုံးအားဖြင့်မဟုတ်။ ကိုယ်ခန္ဓာအားဖြင့် ကာလအနည်းငယ်သင်တို့နှင့် ကွဲကွာရသောကြောင့် သင်တို့မျက်နှာကိုမြင်ရန် လွန်ကဲစွာစိတ်စေတနာထက်သန်ကြ၏။ 18 ငါပေါလုသည် သင်တို့ထံ တစ်ကြိမ်နှစ်ကြိမ်ရောက်လိုသော်လည်း ငါတို့ကိုစာတန်ကန့်ကွက်၏။ 19 ငါတို့မျှော်လင့်ရာအကြောင်း၊ ရွှင်လန်းရာအကြောင်း၊ ဂုဏ်တင်ရာသရဖူမှာအသို့နည်း။ ငါတို့အရှင်ယေရှုကြွလာတော်မူသည့်ကာလ ရှေ့တော်တွင် သင်တို့ပင်မဟုတ်လော။ 20 ငါတို့အသရေရှိရန်အကြောင်း၊ ရွှင်လန်းရန်အကြောင်းကား သင်တို့တည်း။