44
ထိုနောက်ယောသပ်က သူတို့အိတ်များတွင် စပါးပါနိုင်သမျှပြည့်စေ၍ အသီးအသီးတို့အိတ်ဝတွင် ဆိုင်ရာအဖိုးငွေကိုလည်းေကာင်း၊ အငယ်ဆုံးသောသူ၏အိတ်ဝတွင် စပါးဖိုးငွေနှင့် ငါ့ငွေဖလားကိုလည်းေကာင်း၊ ထည့်လိုက်လော့ဟု အိမ်အုပ်ဘဏ္ဍာစိုးအား မှာထားသည့်အတိုင်းပြုပြီးမှ၊ နံနက်လင်းလျှင်လင်းချင်း ထိုသူတို့ကို မြည်းနှင့်တကွလွှတ်လိုက်လေ၏။ မြို့မှထွက်၍ ခရီးမ​ေ၀းသေးမှီ ယောသပ်က၊ ထိုသူတို့ကို မှီအောင်လိုက်၍ဆိုရမည်မှာ အကောင်းအစား အဆိုးကို အဘယ်ကြောင့်သင်တို့ဆပ်ကြသနည်း။ ငါ့အရှင်သောက်ရုံမက အနာဂတံသဉာဏ်ကို ရစေသောဖလားမဟုတ်လော။ သင်တို့ပြုခဲ့သောအမှု မကောင်းစွတကားဟု ပြောဆိုလော့ဟူ၍ ဘဏ္ဍာစိုးအားမှာထားသည့်အတိုင်း၊ ထိုသူသည်မီအောင်လိုက်၍ ပြောဆိုလေ၏။ ထိုသို့သော စကားကိုအဘယ်ကြောင့် အရှင်ပြောပါသနည်း။ ကျွန်တော်မျိုးတို့သည် ထိုသို့သောအမှုနှင့်ကင်း​ေ၀းလေစွ။ ယခင်အိတ်ဝတွင် တွေ့ရှိသောငွေကို ခါနာန်ပြည်မှအရှင့်ထံ တစ်ဖန်ဆောင်ခဲ့ပါလျက်နှင့် ကိုယ်တော်သခင့်အိမ်၌ရွှေငွေကို မည်သို့ခိုးယူပါအံ့နည်း။ ကျွန်တော်မျိုးတို့အနက် အကြင်သူ့ထံတွေ့အံ့။ ထိုသူ့ကိုအဆုံးစီရင်ပါ။ ကြွင်းသူတို့လည်း အရှင့်ထံကျွန်ခံပါမည်ဟု လျှောက်ကြ၏။ 10 ဘဏ္ဍာစိုးကလည်း သင်တို့စကားအတိုင်း အကြင်သူ၌တွေ့အံ့။ ထိုသူသည် ငါ့ထံကျွန်ခံလျက် ကြွင်းသူတို့မူကား ကင်းလွတ်ကြစေဟုဆိုသော်၊ 11 ကိုယ်စီအိတ်ကို မြေသို့အမြန်ချ၍ဖွင့်ပြကြရာ၊ 12 အကြီးမှစ၍အငယ်တိုင်အောင်ရှာသဖြင့် ဗင်္ယာမိန့်အိတ်တွင် ဖလားကိုတွေ့သည်နှင့် ထိုသူတို့သည် ကိုယ့်အဝတ်ကိုဆုတ်လျက်၊ 13 ကိုယ်စီ မြည်းပေါ်မှာဝန်တင်၍ မြို့သို့ပြန်လာကြ၏။ 14 ယုဒသည် ညီအစ်ကိုတို့ပါ ယောသပ်အိမ်သို့ဝင်လျှင် အိမ်၌သူရှိသေးသည်နှင့် ရှေ့တွင်ပျပ်ဝပ်ရှိခိုးကြ၏။ 15 ယောသပ်ကလည်း၊ သင်တို့ပြုသောအမှုကား မည်သို့နည်း။ ငါသို့သောသူသည် အနာဂတံသဉာဏ်အမှန်ရှိကြောင်း မသိကြသလောဟုဆိုလျှင်၊ 16 ယုဒက၊ ကျွန်တော်မျိုးတို့သည် အရှင့်ထံမည်သည့်စကားဖြင့် မည်သို့ထုချေ၍ ဖြောင့်မတ်ရာရောက်နိုင်ပါအံ့နည်း။ ကျွန်တော်မျိုးတို့မတရားမှုကို ဘုရားသခင်တွေ့တော်မူပြီ။ ဖလားနှင့်တကွ လက်ပူးလက်ကြပ်မိသူမှစ၍ ကျွန်တော်မျိုးတို့ပါ အရှင့်ကျွန်ဖြစ်ကြပါပြီဟု လျှောက်လေသော်၊ 17 ယောသပ်က၊ ထိုသို့ပြုရန် ငါနှင့်ကင်းဝေးလေစွ။ အကြင်သူ့လက်၌ငါ့ဖလားကိုတွေ့၏။ ထိုသူသာလျှင် ငါ့ကျွန်ဖြစ်စေ၊ သင်တို့မူကား အဘထံသို့ချမ်းသာစွာပြန်သွားကြလော့ဟု စီရင်လေ၏။
18 ယုဒသည်ချဉ်းကပ်လျက် အရှင်ဘုရား၊ ကျွန်တော်မျိုးအား လျှောက်ထားအသနားတော်ခံခွင့်ကို ပေးတော်မူပါ။ အရှင်သည် ဖာရောမင်းနှင့်မခြားသောကြောင့် ကျွန်တော်မျိုးအပေါ်တွင် ဒေါသမီးလောင်တော်မမူပါနှင့်။ 19 အဘရှိသေးသလော။ ညီရှိသေးသလောဟုမေးတော်မူလျှင်၊ 20 ကျွန်တော်မျိုးတို့က၊ အဘအသက်ကြီးသူနှင့် အဘအသက်ကြီးရင့်မှရသောသားငယ်ရှိပါ၏။ တစ်မိတည်းဖွားအစ်ကိုသေ၍ တစ်ယောက်တည်းကျန်ရစ်သည်နှင့် အဘချစ်ခင်ပါသည်ဟု ပြန်လျှောက်ကြသော်၊ 21 ထိုသူ့ကိုငါရှုကြည့်ရန်ခေါ်ခဲ့ကြဟု ကျွန်တော်မျိုးတို့အား အရှင်မိန့်တော်မူပါ၏။ 22 ကျွန်တော်မျိုးတို့ကလည်း ထိုသူငယ်ကို အဘမကွေမကွင်းနိုင်ပါ။ ကွေကွင်းရလျှင် အဘသေပါလိမ့်မည်ဟုလျှောက်ကြရာ၊ 23 ညီထွေးမပါက သင်တို့သည် ငါ့မျက်နှာကိုမြင်ရတော့မည်မဟုတ်ဟု ကျွန်တော်မျိုးတို့အား မိန့်တော်မူသည်နှင့်အညီ၊ 24 အရှင့်ကျွန်၊ ကျွန်တော်မျိုးတို့အဘထံ ပြန်ရောက်၍ အရှင့်စကားကို ပြန်ကြားကြပါ၏။ 25 ထိုနောက် ငါတို့သုံးဆောင်ရန် အနည်းငယ်ကိုသွားဝယ်ကြဦးဟု အဘဆိုသော်၊ 26 ကျွန်တော်တို့မသွားနိုင်ပါ။ ညီမပါလျှင် ထိုမင်း၏မျက်နှာကိုမြင်ရတော့မည်မဟုတ်သောကြောင့် ညီပါမှသွားနိုင်မည်ဟု ပြန်ပြောကြပါ၏။ 27 အရှင့်ကျွန်၊ ကျွန်တော်မျိုးတို့အဘကလည်း ငါ့မယားတွင် သားနှစ်ယောက်တို့ကိုဖွားမြင်ကြောင်း သင်တို့သိကြ၏။၊ 28 တစ်ယောက်မှာ ငါထံမှထွက်သွားပြီးလျှင် အကယ်စင်စစ်ကိုက်ဖြတ်ခြင်းကို ခံရလေစွတကားဟု ငါဆိုခဲ့သည်နှင့်အညီ ယခုတိုင်အောင် သူ့ကိုမတွေ့မမြင်ရ။ 29 ဤသားကိုလည်း ငါ့ထံမှခေါ်သွား၍ သူ၌ဘေးသင့်လျှင် သင်တို့သည်ဆံဖြူအိုမင်းသူငါ့ကို ဒုက္ခဖြင့်မရဏာ့နိုင်ငံသို့ ဆင်းသက်စေကြလိမ့်မည်ဟု ကျွန်တော်မျိုးတို့အားဆိုပါ၏။ 30 သို့ဖြစ်၍ ကျွန်တော်မျိုးတို့သည် အဘဖြစ်သူ အရှင့်ကျွန့်ထံသို့ပြန်ရောက်သောအခါ ဤသူငယ်မပါလျှင် ထိုသူနှစ်ဦးတို့တစ်သက်တည်းရှိသောကြောင့်၊ 31 သူငယ်မပါမရှိသည်ကိုသိမြင်သော် အဘသေလွန်ပါလိမ့်မည်။ ကျွန်တော်မျိုးတို့သည် အရှင့်ကျွန်၊ ဆံဖြူအိုမင်းသူ၊ ကျွန်တော်မျိုးတို့အဘကို ပူဆွေးခြင်းဖြင့် မရဏာ့နိုင်ငံသို့ ဆင်းသက်စေကြလေပြီ။ 32 ကျွန်တော်မျိုးက ထိုသူငယ်ကိုအဘထံပြန်၍မဆောင်ခဲ့လျှင်၊ အဘကိုပြစ်မှားသူတစ်သက်လုံးဖြစ်ပါစေဟုဆိုလျက် အဘထံသူငယ့်အတွက် အာမခံခဲ့ရပါ၏။ 33 သို့ဖြစ်၍ သူငယ့်ကိုယ်စားနေရစ်လျက် အရှင့်ထံကျွန်ခံပါမည်။ သူငယ်ကိုကား အစ်ကိုတို့နှင့်အတူ ပြန်သွားခွင့်ပြုတော်မူပါ။ 34 သူငယ်မပါလျှင် အဘထံ ကျွန်တော်မည်သို့ပြန်သွားနိုင်ပါအံ့နည်း။ အဘ၌သင့်ရောက်လတ္တံ့သောဒုက္ခကို ကျွန်တော်မရှုစိတ်နိုင်ပါဟု လျှောက်လေ၏။