42
အိဂျစ်ပြည်တွင်စပါးရှိကြောင်း ယာကုပ်ကြားသိသော် သားတို့အား၊ အဘယ်ကြောင့် အချင်းချင်းကြည့်နေကြသနည်းဟူ၍လည်းေကာင်း၊ အိဂျစ်ပြည်တွင် စပါးရှိကြောင်းငါကြားရပြီ။ ငါတို့မသေ၊ အသက်ရှင်ကြစေရန် ထိုပြည်သို့သွားရောက်ဝယ်ခဲ့ကြလော့ဟူ၍လည်းေကာင်း၊ ဆိုသည့်အတိုင်း၊ ယောသပ်အစ်ကိုဆယ်ယောက်တို့သည် စပါးဝယ်ရန် အိဂျစ်ပြည်သို့သွားကြ၏။ ယောသပ်ညီဗင်္ယာမိန်ကိုကား ဘေးသင့်ရောက်မည်စိုးရိမ်၍ အစ်ကိုတို့နှင့်အတူ ယာကုပ်မစေမလွှတ်ချေ။
ထိုအခါ ခါနာန်ပြည်၌ အစာခေါင်းပါးခြင်းကပ်သင့်သောကြောင့် စပါးဝယ်ရန်ရောက်လာသောသူတို့တွင် ဣသရေလသားတို့လည်းပါကြ၏။ ယောသပ်သည် နိုင်ငံချုပ်မင်းဖြစ်၍ ပြည်သားအပေါင်းတို့အား ရောင်းခြင်းအမှုကိုစီရင်ရသဖြင့် အစ်ကိုတို့လာရောက် ပျပ်ဝပ်ရှိခိုးကြသော်၊ အစ်ကိုတို့ကို မြင်၍မှတ်မိသော်လည်း သူစိမ်းအဟန်ကြမ်းကြုတ်စွာပြောဆိုလျက်၊ အဘယ်ကလာကြသနည်းဟုမေးရာ စပါးဝယ်ရန်ခါနာန်ပြည်မှလာကြပါသည်ဟု လျှောက်ကြ၏။ ယောသပ်သည် အစ်ကိုတို့ကိုမှတ်မိသော်လည်း ယောသပ်ကိုသူတို့မမှတ်မိကြချေ။ သူတို့နှင့်စပ်၍ မြင်ခဲ့သောအိပ်မက်များကို ယောသပ်သတိရလျက် သင်တို့သည် သူလျှိုဖြစ်ကြ၏။ ပြည်တော်၌ပါးသောနေရာကို ​ေချာင်းကြည့်ရန်လာကြသည်တကားဟုဆိုလျှင်၊ 10 သူတို့က၊ မဟုတ်ရပါ။ အရှင်ဘုရား၊ ကျွန်တော်မျိုးတို့သည် စပါးဝယ်ရန်သက်သက်ရောက်လာကြပါ၏။ 11 ကျွန်တော်မျိုးရှိသမျှတို့သည် တစ်ဘတည်းသား၊ လူရိုးလူကောင်းများဖြစ်ကြပါ၏။ သူလျှိုမဟုတ်ရပါဟု လျှောက်ကြ၏။ 12 ထိုသို့မဟုတ်၊ ပြည်တော်၌ပါးသောနေရာကို ချောင်းကြည့်ရန်ရောက်လာကြသည်ဟု ယောသပ်ပြန်ဆိုသော်၊ 13 ကျွန်တော်မျိုးတို့သည် ခါနာန်ပြည်၌တစ်ဘတည်းသား ဆယ့်နှစ်ယောက်ဖြစ်ကြပါ၏။ ညီထွေးကား အဘထံယခုနေရစ်ပါ၏။ တစ်ယောက်မှာမူမရှိပါဟု လျှောက်ပြန်ကြလျှင်၊ 14 ယောသပ်က၊ သင်တို့သူလျှိုဖြစ်ကြသည်ဟု ငါဆိုရာ၌၊ 15 သင်တို့အပေါ်တွင်စစ်ဆေးမည်မှာ ညီထွေးဆိုသူမလာလျှင် ဤအရပ်မှသင်တို့မထွက်မသွားကြရဟု ဖာရောမင်း၏အသက်တော်ကို တိုင်တည်၍ငါဆို၏။ 16 သင်တို့စကားမှန် မမှန် စစ်ဆေးရန်၊ အကျဉ်းခံနေကြရမည်။ သင်တို့အနက် တစ်ဦးတစ်ယောက်ကိုစေလွှတ်၍၊ ညီထွေးဆိုသူကိုခေါ်ခဲ့စေ။ သို့မဟုတ် သူလျှိုအမှန်ဖြစ်ကြမည်ဟူ၍၊ ဖာရောမင်း၏အသက်တော်ကိုတိုင်တည်လျက် ငါပြောသည်ဟုဆိုပြီးလျှင်၊ 17 သူတို့ကို သုံးရက်အကျဉ်းချုပ်ထားလေ၏။ 18 သုံးရက်မြောက်သောနေ့တွင် ယောသပ်က၊ ငါသည်ဘုရားသခင်ကို ခန့်ညားသူဖြစ်၍၊ သင်တို့အသက်ချမ်းသာစေခြင်းငှါ ပြုရမည်အမှုမှာ၊ 19 လူရိုးလူကောင်းမှန်ကြလျှင် ညီအစ်ကိုဖြစ်သောသင်တို့အနက် တစ်ယောက်ကိုနှောင်အိမ်တွင် အကျဉ်းခံစေလျက် အိမ်သူအိမ်သားတို့မွတ်သိပ်ခြင်းကင်းစေရန် စပါးကိုယူသွားပြီးသော်၊ 20 ညီထွေးကို ငါ့ထံသို့ခေါ်ခဲ့ကြလော့။ သို့မှသင်တို့စကားမှန်ကြောင်း ထင်ရှား၍ သေဒဏ်လွတ်ကြလိမ့်မည်ဟု ဆိုသည့်အတိုင်း သူတို့လိုက်နာကြ၏။ 21 ထိုအခါ သူတို့က၊ အကယ်စင်စစ်ငါတို့သည် ညီ့အမှုနှင့်စပ်လျဉ်း၍ အပြစ်ကြီးကြ၏။ ငါတို့ကိုတောင်းပန်သောအခါ သူ့စိတ်ဆင်းရဲခြင်းကိုမြင်လျက်နှင့် မနာခံဘဲနေကြ၏။ ထိုကြောင့် ငါတို့အပေါ်သို့ ဤဒုက္ခရောက်လေပြီဟု အချင်းချင်းပြောဆိုကြရာ၊ 22 ရုဗင်က၊ သူငယ်ကိုမပြစ်မှားပါနှင့်ဟု ငါဆိုသည်မဟုတ်လော။ သင်တို့မနာခံသောကြောင့် သူ့အသွေးကိုငါတို့ထံမှ တောင်းယူပြီဟုပြန်ဆို၏။ 23 သူတို့အားစကားပြန်ဖြင့်ပြောသောကြောင့် ထိုစကားကိုယောသပ်နားလည်သည်ဟု သူတို့မသိကြ။ 24 ယောသပ်သည် သူတို့ထံမှလှည့်သွား၍ ငိုလေ၏။ တစ်ဖန်ပြန်လာမြွက်ဆိုပြီးလျှင် ရှိမောင်ကိုရွေးကောက်လျက် သူတို့ရှေ့တွင်ချည်နှောင်လေ၏။ 25 သူတို့အိတ်များကို စပါးပြည့်စေရန်လည်းေကာင်း၊ အသီးအသီးတို့အိတ်များတွင် ဆိုင်ရာအဖိုးငွေကိုပြန်ထည့်စေရန်လည်းေကာင်း၊ လမ်းရိက္ခာကိုပေးစေရန်လည်းေကာင်း၊ ယောသပ်အမိန့်ရှိသည့်အတိုင်းပြုကြ၏။ 26 သူတို့လည်း မြည်းများပေါ်တွင် စပါးတင်၍ထွက်သွားပြီးနောက်၊ 27 စခန်းသို့ရောက်၍ တစ်ယောက်သောသူသည် မြည်းစာစပါးယူရန်အိတ်ကိုဖွင့်ရာ အိတ်၀တွင်ငွေကိုတွေ့လျှင်၊ 28 ညီအစ်ကိုတို့အား၊ ကျွန်ုပ်ငွေကိုပြန်ထည့်လိုက်ပြီ။ ကြည့်ကြ။ အိတ်ထဲ၌ရှိသည်ဟုဆိုသော် သူတို့သည် စိတ်နှလုံးတုန်လှုပ်ချောက်ချားလျက် ငါတို့အားဘုရားသခင်ပြုတော်မူသည်မှာ မည်သို့နည်းဟု အချင်းချင်းမေးမြန်းကြ၏။
29 ခါနာန်ပြည်ရှိ အဘယာကုပ်ထံရောက်၍ ဖြစ်ပျက်သမျှကိုပြန်ပြောသည်မှာ၊ 30 ထိုပြည်တွင် နိုင်ငံချုပ်မင်းသည် ကျွန်တော်တို့အားကြမ်းကြုတ်စွာပြောဆိုလျက် ထိုပြည်ကိုပင် သူလျှိုလုပ်သည်ဟု ထင်မှတ်လေ၏။ 31 ကျွန်တော်တို့ကလည်း သူလျှိုမဟုတ်။ လူရိုးလူကောင်းများဖြစ်ကြပါ၏။ 32 တစ်ဘတည်းသား ညီအစ်ကိုဆယ့်နှစ်ယောက်ဖြစ်ကြပါ၏။ တစ်ယောက်ကားမရှိပါ။ ညီထွေးမှာမူ ခါနာန်ပြည်၌ အဘထံယခုနေရစ်ပါသည်ဟု လျှောက်သောအခါ၊ 33 ထိုနိုင်ငံချုပ်မင်းက၊ သင်တို့သည် လူရိုးလူကောင်းမှန် မမှန်ငါသိရန်နည်းမှာ၊ ညီအစ်ကိုဖြစ်သော သင်တို့အနက် တစ်ယောက်ကိုငါ့ထံ၌ထားခဲ့၍ အိမ်သူအိမ်သားတို့မွတ်သိပ်ခြင်းကင်းစေရန် စပါးကိုယူသွားပြီးလျှင် ညီထွေးကိုငါ့ထံသို့ဆောင်ခဲ့ကြလော့။ 34 သို့မှသင်တို့သည် သူလျှိုမဟုတ်။ လူရိုးလူကောင်းမှန်သည်ကို ငါသိရသဖြင့် ညီအစ်ကိုကိုအပ်မည်။ သင်တို့လည်း ပြည်တော်၌ကူးသန်းရောင်းဝယ် ခွင့်ရကြလိမ့်မည်ဟုဆိုကြောင်း အဘအားလျှောက်ကြားကြ၏။ 35 ထိုနောက်အိတ်များကို ဖောက်သွန်ရာ အသီးအသီးတို့အိတ်များတွင် ဆိုင်ရာငွေထုပ်များကိုတွေ့၍ သူတို့နှင့်အဘသည် ၎င်းငွေထုပ်များကိုမြင်သောအခါ ကြောက်လန့်ကြ၏။ 36 အဘယာကုပ်ကလည်း သင်တို့သည်ငါ့အား သားဆုံးပါးစေခဲ့ပြီ။ ယောသပ်မရှိ။ ရှိမောင်မရှိ။ ဗင်္ယာမိန်ကိုလည်းခေါ်သွားကြဦးမည်။ ငါ့အပေါ်တွင် ဤအမှုအလုံးစုံသင့်ရောက်ပြီတကားဟု သူတို့အားဆိုလျှင်၊ 37 ရုဗင်က၊ ဗင်္ယာမိန်ကို ကျွန်တော့်လက်သို့အပ်ပါ။ အဘထံပြန်၍ဆောင်ခဲ့ပါမည်။ မဆောင်ခဲ့လျှင် ကျွန်တော့်သားနှစ်ယောက်ကို အဆုံးစီရင်ပါဟု အဘအားလျှောက်၏။ 38 အဘကလည်း၊ သင်တို့နှင့်ငါ့သားမသွားရ။ အစ်ကိုသေ၍ သူတစ်ယောက်တည်းကျန်ရစ်၏။ သွားကြရမည့်လမ်းတွင် သူ၌ဘေးသင့်လျှင် သင်တို့သည် ဆံဖြူအိုမင်းသူငါ့ကိုပူဆွေးခြင်းဖြင့် မရဏာ့နိုင်ငံသို့ ဆင်းသက်စေကြလိမ့်မည်ဟုဆိုလေ၏။