41
ထိုနောက် နှစ်နှစ်လွန်လျှင် ဖာရောမင်းမြင်မက်သည်ကား နိလမြစ်အနီးတွင်ကိုယ်တိုင်ရပ်နေရာ၊ ဝဖြိုး၍အဆင်းလှသော နွားမခုနစ်ကောင်တို့သည် မြစ်ထဲမှတက်လာပြီးလျှင် ကိုင်းတော၌ကျက်စားနေကြ၏။ ထိုနွားမများနောက် ပိန်ကြုံ၍အဆင်းမလှသောနွားမခုနစ်ကောင်တို့လည်း မြစ်ထဲမှတက်လာပြီးလျှင် ယခင်နွားမများအနီး ကမ်းပေါ်တွင်ရပ်နေကြစဉ်၊ ပိန်ကြုံ၍အဆင်းမလှသောနွားမတို့သည် ၀၍အဆင်းလှသောနွားမခုနစ်ကောင်တို့ကို မျိုစားကြကုန်၏။ ထိုနောက်ဖာရောမင်းနိုးလေ၏။ တစ်ဖန်စက်၍မြင်ပြန်သည်မှာ ဖွံ့ဖြိုး၍ကောင်းသောစပါးခုနစ်နှံသည် တစ်ပင်တည်း၌ထွက်၏။ ထိုနောက်ပိန်သေး၍ အရှေ့လေဖျက်သောစပါး ခုနစ်နှံပေါက်ပြီးမှ၊ ပိန်သေးသောစပါးနှံသည် ဖွံ့ဖြိုး၍အောင်မာသောစပါးခုနစ်နှံကိုမျိုစား၏။ ထိုနောက်ဖာရောမင်းနိုး၍ အိပ်မက်ဖြစ်မှန်းကိုသိလေ၏။ နံနက်အချိန် ဖာရောမင်းသည်စိတ်ပူပန်၍ အိဂျစ်ပြည်တွင် ဗေဒင်ဆရာနှင့်ပညာရှိအပေါင်းတို့ကို ခေါ်စေပြီးလျှင် အိပ်မက်တော်ကိုပြန်ပြောသော်လည်း မင်းအားဖော်ပြနိုင်သောသူမရှိချေ။ ထိုအခါ ရေကြည်ဝန်က၊ ကျွန်တော်သည် ကိုယ့်အပြစ်ကိုယနေ့ဝန်ခံသည်မှာ၊ 10 ကျွန်တော်မျိုးများအပေါ်တွင် အရှင်မင်းအမျက်ထွက်၍ ကျွန်တော်နှင့်စားတော်ဝန်တို့ကို ကိုယ်ရံတော်မှူးအိမ်၌ အကျဉ်းထားတော်မူရာ၊ 11 ကျွန်တော်မျိုးတို့သည် ကိုယ်စီဆိုင်ရာအနက်ပါသောအိပ်မက်ကို တစ်ညဉ့်ချင်းတွင်မြင်မက်ကြပါ၏။ 12 ထိုအရပ်၌ ကျွန်တော်မျိုးတို့နှင့်အတူရှိသူ၊ ကိုယ်ရံတော်မှူး၏ကျွန်ဟေဗြဲလုလင်တစ်ယောက်အား ပြန်ပြောသဖြင့် ကိုယ်စီဆိုင်ရာအိပ်မက်အနက်ကို ဖတ်ပါ၏။ 13 ကျွန်တော်မျိုးတို့အားဖော်ပြသည့်အတိုင်း ဖြစ်ပျက်လျက် ရာထူးရင်းကိုကျွန်တော်မျိုးရပြန်၍ စားတော်ဝန်မူကား ဆွဲတင်ခြင်းကိုခံရပါပြီဟု ဖာရောမင်းအားလျှောက်လေ၏။ 14 ထိုအခါဖာရောမင်းသည် ယောသပ်ကိုခေါ်စေသဖြင့် နှောင်တွင်းမှအဆောတလျင်ထုတ်၍ သူသည်၊ ဆံမုတ်ဆိတ်ရိတ်ခြင်း၊ အဝတ်လဲခြင်းများကိုပြုပြီးလျှင် ရှေ့တော်သို့ဝင်ရောက်ရ၏။ 15 ဖာရောမင်းကလည်း အိပ်မက်ကိုငါမြင်မက်ပြီ၊ အနက်ကိုဖတ်နိုင်သူမရှိ၊ သင်သည်အိပ်မက်ကိုကြားရလျှင် ဖတ်နိုင်ကြောင်းငါကြားရသည်ဟု ယောသပ်အားမိန့်ဆိုသော်၊ 16 ယောသပ်က၊ ထိုသို့မဟုတ်ပါ။ ဘုရားသခင်သည် အရှင်မင်းကြီးအား သက်သာခြင်းအဖြေကို သနားတော်မူပါလိမ့်မည်ဟု ဆို၏။ 17 ဖာရောမင်းကလည်း ငါမြင်မက်သည်မှာ၊ 18 နိလမြစ်ကမ်းပေါ်တွင်ကိုယ်တိုင်ရပ်နေရာ ဝဖြိုး၍အဆင်းလှသော နွားမခုနစ်ကောင်တို့သည် မြစ်ထဲမှတက်လာပြီးလျှင် ကိုင်းတော၌ကျက်စားနေကြ၏။ 19 ထိုနွားများနောက် ပိန်ကြုံကပ်ခြောက်၍ အလွန်အရုပ်ဆိုးသောနွားမခုနစ်ကောင်တို့လည်း တက်လာကြ၏။ ထိုမျှလောက်ဆိုးသောနွားမတို့ကို အိဂျစ်ပြည်တစ်ဝှမ်းလုံးတွင် တစ်ခါမျှမမြင်စဖူး။ 20 ပိန်ကြုံ၍အရုပ်ဆိုးသောနွားမတို့သည် ဝသောယခင်နွားမခုနစ်ကောင်တို့ကို မျိုစားကြ၏။ 21 ၀မ်းထဲသို့ရောက်သော်လည်း ရောက်ကြောင်းကိုမည်သူမျှမသိနိုင်။ အရုပ်ဆိုးမြဲဆိုးလေ၏။ 22 ထိုနောက်ငါနိုး၏။ တစ်ဖန်ငါမြင်မက်ပြန်သည်မှာ အောင်မာ၍ကောင်းသောစပါးခုနစ်နှံသည် တစ်ပင်တည်း၌ထွက်၏။ 23 ထိုနောက် ပိန်သေးညှိုးနွမ်း၍ အရှေ့လေဖျက်သောစပါးခုနစ်နှံပေါက်ပြီးမှ၊ 24 ပိန်သေးသောစပါးနှံသည် ကောင်းသောစပါးခုနစ်နှံကို မျိုစား၏။ ၎င်းအိပ်မက်ကိုဗေဒင်ဆရာတို့အား ငါပြန်ပြောသော်လည်း ဖော်ပြနိုင်သူမရှိဟု ယောသပ်အားမိန့်ဆိုလေ၏။ 25 ယောသပ်ကလည်း အရှင်မင်းကြီး မြင်မက်တော်မူသောအိပ်မက်ကား၊ တစ်ပါးတည်းဖြစ်ပါ၏။ ဘုရားသခင်ပြုလတ္တံ့သောအမှုကို အရှင်မင်းအားပြတော်မူပြီ။ 26 ကောင်းသောနွားမခုနစ်ကောင်တို့သည် ခုနစ်နှစ်ဖြစ်ပါ၏။ ကောင်းသောစပါးခုနစ်နှံလည်း ခုနစ်နှစ်ဖြစ်ပါ၏။ ထိုအိပ်မက်တော်ကား တစ်ပါးတည်းဖြစ်ပါ၏။ 27 ထိုနွားမများနောက် တက်လာ၍ ပိန်ကြုံအရုပ်ဆိုးသောနွားမခုနစ်ကောင်နှင့် အရှေ့လေဖျက်သောစပါးဖျင်းခုနစ်နှံသည် ခုနစ်နှစ်ဖြစ်ပါ၏။ အစာခေါင်းပါးသောခုနစ်နှစ်ပင်တည်း။ 28 ဘုရားသခင်ပြုလတ္တံ့သောအမှုကို အရှင်မင်းအားပြတော်မူပြီဟူ၍ ကျွန်တော်မျိုးတင်လျှောက်ခဲ့သည်မှာ၊ 29 အိဂျစ်ပြည်တစ်ဝှမ်းလုံးတွင် ပြန့်ပြောသောခုနစ်နှစ်ဖြစ်ပါလိမ့်မည်။ 30 ထိုနောက် အစာခေါင်းပါးသောခုနစ်နှစ်ဖြစ်လာ၍ အိဂျစ်ပြည်တွင်ပြန့်ပြောခြင်းရှိသမျှကိုပင် သတိမရနိုင်အောင် အစာခေါင်းပါးခြင်းကပ်ကြောင့် ပြည်လုံးကျွတ်ပျက်စီးပါလိမ့်မည်။ 31 ၎င်းကပ်အလွန်ကြီးသည့်အတွက် ပြည်တော်တွင်ဖြစ်ခဲ့ဘူးသောပြန့်ပြောခြင်းကို မှတ်မိကြမည်မဟုတ်။ 32 အရှင်မင်းကြီး နှစ်ကြိမ်မြောက်အိပ်မက်မြင်ရသည့်အကြောင်းမှာ ထိုအမှုကိုဘုရားသခင်အတည်ပြု၍ မကြာမီစီရင်တော်မူအံ့သောကြောင့်တည်း။ 33 ထိုကြောင့် အရှင်မင်းကြီး၊ ပညာရှိလျက်ဉာဏ်ကောင်းသူတစ်ဦးကိုရွေးချယ်၍ အိဂျစ်ပြည်ပေါ်တွင် ခန့်ထားတော်မူပါ။ 34 အရှင်မင်းကြီး၊ ထိုသို့စီရင်၍ ပြည်တော်၌ကြီးကြပ်ကြည့်ရှုသူတို့ကို ခန့်ထားသဖြင့် ပြန့်ပြောသောခုနစ်နှစ်ပတ်လုံး ပြည်တော်တွင်ငါးဖို့တစ်ဖို့ ခွန်ကောက်ယူတော်မူပါ။ 35 ထိုသူတို့သည် ဖြစ်လတ္တံ့သောမင်္ဂလာနှစ်များတွင် ရိက္ခာရှိသမျှကိုစုသိမ်း၍၊ အရှင်မင်းကြီးလက်အောက်မြို့များတွင် စပါးရိက္ခာကိုဆည်းပူးစောင့်ရှောက်ကြပါစေ။ 36 သို့ဖြစ်၍ အိဂျစ်ပြည်၌ အစာခေါင်းပါးသောခုနစ်နှစ်ရောက်သောအခါ ပြည်သူပြည်သားတို့စားသုံးရန် ရိက္ခာသိုထားလျက်ရှိနှင့်၍ အစာခေါင်းပါးသောကာလတွင် ပြည်တော်ပျက်ရမည်မဟုတ်ပါဟု ဖာရောမင်းအား တင်လျှောက်၏။
37 ထိုသို့တင်လျှောက်သောစကားကို ဖာရောမင်းမှစ၍ ကျေးကျွန်သင်းပင်းအပေါင်းတို့ နှစ်သက်ကြသဖြင့်၊ 38 ဖာရောမင်းက၊ ဘုရားသခင့်ဝိညာဉ်တော်တည်၍ ဤသို့သောသူ့ကို ရှာဖွေတွေ့နိုင်အံ့လောဟု ကျေးကျွန်သင်းပင်းတို့အား မေးပြီးလျှင်၊ 39 ယောသပ်အားမိန့်ဆိုသည်မှာ၊ ဘုရားသခင်သည် ဤအမှုအလုံးစုံကို သင်အားဖော်ပြတော်မူသည်ဖြစ်၍ သင်ကဲ့သို့ပညာရှိလျက် ဉာဏ်ကောင်းသူမရှိ။ 40 သင်သည်နန်းတော်အုပ်ဖြစ်စေ။ သင့်အမိန့်ကို ငါ့ပြည်သူပြည်သားအပေါင်းတို့ နာခံဆောင်ရွက်ကြစေ။ ရာဇပလ္လင်ဂုဏ်ကြောင့်သာ သင့်ထက်ငါကြီးမြတ်မည်ဟူ၍လည်းေကာင်း ကြည့်လော့။ 41 အိဂျစ်တစ်ပြည်လုံးအပေါ်တွင် သင့်ကိုငါခန့်ထားပြီဟူ၍လည်းေကာင်း ယောသပ်အားမိန့်တော်မူပြီးလျှင်၊ 42 တံဆိပ်လက်စွပ်တော်ကိုချွတ်၍ ယောသပ်လက်၌ဆင်ယင်လျက် ပိတ်ချောဝတ်လုံကိုလည်းဝတ်စေ၍၊ 43 လည်၌ရွှေစလွယ်ကိုတင်လေပြီးမှ ဒုတိယရထားကိုစီးစေတော်မူသဖြင့် ရှိခိုးကြဟု သူ့ရှေ့မှာဟစ်ကြော်ကြရ၏။ ထိုသို့လျှင် အိဂျစ်တစ်ပြည်လုံး အပေါ်တွင်ခန့်ထားလေ၏။ 44 ဖာရောမင်းကလည်း၊ ငါသည်ဖာရောမင်းဖြစ်၏။ သင့်အခွင့်မရှိဘဲ အိဂျစ်ပြည်တစ်ဝှမ်းလုံးတွင် မည်သူမျှလက်ခြေကိုမကြွရဟု ယောသပ်အားမိန့်ဆိုလေ၏။ 45 ဖာရောမင်းသည် ယောသပ်ကိုဇာဖဏာသဖာဏဟူသောဘွဲ့နာမဖြင့် မှည့်ခေါ်၍ သြနမြို့ရှိပရောဟိတ်ပေါတိဖေရ၏သမီး အာသနတ်နှင့်ထိမ်းမြား၏။ ထိုသို့ယောသပ်သည် အိဂျစ်ပြည်ကိုလှည့်ကြည့်ရန် ထွက်သွားလေ၏။
46 ယောသပ်သည် အိဂျစ်ဘုရင်ဖာရောမင်းရှေ့တော်၌ ခစားရသောအခါ အသက်သုံးဆယ်ရှိသတည်း။ အထံတော်မှထွက်၍ အီဂျစ်ပြည်တစ်လျှောက်လုံးသို့ လှည့်လည်လေ၏။ 47 ပြန့်ပြောသောခုနစ်နှစ်အတွင်း လက်ဆုပ်လက်ကိုင်များစွာ မြေအသီးအနှံထွက်သည့်အလျောက်၊ 48 အိဂျစ်ပြည်တွင်ပြန့်ပြောသောခုနစ်နှစ်ပတ်လုံး ရိက္ခာရှိသမျှကိုစုသိမ်း၍ မြို့များ၌လှောင်ထားလေ၏။ အကြင်မြို့ပတ်ဝန်းကျင်လယ်ထွက်စပါးကို ထိုမြို့တွင်ပင် လှောင်ထားလေ၏။ 49 စပါးကား သမုဒ္ဒရာသဲလုံးနှင့်အမျှ မချင့်နိုင်သည့်တိုင်အောင် များစွာစုသိမ်း၍ မချင့်မတွက်ဘဲနေသတည်း။
50 အစာခေါင်းပါးသောနှစ်မရောက်မီ ယောသပ်သည်သြနမြို့ရှိ ပရောဟိတ်ပေါတိဖေရ၏သမီး အာသနတ်ဖြင့် သားနှစ်ယောက်တို့ကိုရ၍၊ 51 ငါပင်ပန်းခံရခြင်းနှင့် အဘအိမ်သူအိမ်သားအပေါင်းကို ဘုရားသခင် 41.51 ပါဠိ - မနာရှေဟူေသာအမည်နှင့်ညီ၏။မေ့လျော့စေတော်မူသည်ဟုဆို၍ သားဦးကိုမနာရှေအမည်ဖြင့် မှည့်လေ၏။ 52 တစ်ဖန်တုံ၊ ငါဆင်းရဲခံရာပြည်တွင် ဘုရားသခင်သည် ငါ့ကို 41.51 ပါဠိ - ဧဖရိမ်ဟူေသာအမည်နှင့်ညီ၏။ပွားများစေတော်မူပြီဟုဆို၍ ဒုတိယသားကို ဧဖရိမ်အမည်ဖြင့်မှည့်လေ၏။
53 ထိုနောက် အိဂျစ်ပြည်တွင် ပြန့်ပြောသောခုနစ်နှစ်ကုန်လွန်ပြီးလျှင်၊ 54 ယောသပ်ပြောခဲ့သည့်အတိုင်း အစာခေါင်းပါးသောနှစ်များအစဖြစ်လျက် ခပ်သိမ်းသောပြည်များ၌ အစာခေါင်းပါးခြင်းကပ်သင့်သော်လည်း အိဂျစ်ပြည်တွင်ဆန်စပါးရှိ၏။ 55 အိဂျစ်ပြည်တစ်ဝှမ်းလုံးတွင် အစာခေါင်းပါး၍ ပြည်သူပြည်သားတို့သည် ဆန်စပါးရခြင်းငှါ ဖာရောမင်းထံဟစ်ကြသော် ဖာရောမင်းက၊ ယောသပ်ထံသို့သွားကြ။ သူဆိုသည့်အတိုင်းပြုကြဟူ၍ အိဂျစ်တစ်ပြည်လုံးတွင် အမိန့်ထုတ်ဆင့်လေ၏။ 56 မြေတစ်ပြင်လုံးတွင် အစာခေါင်းပါးခြင်းကပ်သင့်ရာ အိဂျစ်ပြည်တွင်လည်း ကပ်အားကြီးသောကြောင့် ယောသပ်သည် ကျီတော်ရှိသမျှကိုဖွင့်၍ ပြည်သူပြည်သားတို့အား စပါးကိုရောင်းချလေ၏။ 57 မြေတစ်ပြင်လုံးတွင် ထိုကပ်အားကြီးသောကြောင့် အပြည်ပြည်သားတို့သည် စပါးကိုဝယ်ခြင်းငှါ အိဂျစ်ပြည် ယောသပ်ထံလာရောက်ကြကုန်၏။