40
ထိုနောက် အိဂျစ်ဘုရင်၏ ရေကြည်၀န်နှင့်စားတော်ဝန်တို့သည် ကိုယ့်အရှင် အိဂျစ်ဘုရင်ကို ပြစ်မှားကြရာ၊ ဖာရောမင်းသည် အမတ်ဖြစ်သူရေကြည်ဝန်နှင့် စားတော်ဝန်နှစ်ယောက်တို့အပေါ်တွင် အမျက်ထွက်၍၊ ယောသပ်အကျဉ်းခံရာနှောင်အိမ်ဖြစ်သော ကိုယ်ရံတော်မှူး၏အိမ်၌ အကျဉ်းထားလေ၏။ ကိုယ်ရံတော်မှူးကြီးကြပ်ကြည့်ရှုစေသည့်အတိုင်း ထိုသူတို့ကို ယောသပ်ပြုစုရလေ၏။ သူတို့လည်း ကာလအတော်ကြာ အကျဉ်းခံနေရကြ၏။ ထိုသို့နှောင်အိမ်တွင် အကျဉ်းခံရသောအိဂျစ်ဘုရင်၏ ရေကြည်ဝန်နှင့်စားတော်ဝန်နှစ်ယောက်တို့သည် ကိုယ်စီဆိုင်ရာအနက်ပါအိပ်မက်ကို တစ်ညဉ့်ချင်းတွင်မြင်မက်ကြ၏။ နံနက်အချိန် ယောသပ်သည် သူတို့ထံဝင်၍ရှုကြည့်သော် ညှိုးငယ်ကြသည်ကိုမြင်လျှင်၊ ယနေ့အဘယ်ကြောင့် မျက်နှာမသာရှိကြသနည်းဟု သူနှင့်အတူ သခင့်အိမ်တွင်အကျဉ်းခံရသော ဖာရောမင်း၏အမတ်တို့အားမေး၏။ သူတို့ကလည်း၊ ငါတို့သည် အိပ်မက်ကိုမြင်ရကြပြီ။ အနက်ကိုဖတ်နိုင်သောသူမရှိဟု ဆိုကြသော်၊ ယောသပ်က၊ အနက်ဉာဏ်ကို ဘုရားသခင်ပိုင်တော်မူသည်မဟုတ်လော။ ကျွန်တော်အား ပြန်ပြောကြပါဟုဆို၏။ ထိုအခါ ရေကြည်ဝန်က၊ ငါမြင်သောအိပ်မက်တွင်၊ 10 ရှေ့၌ သုံးနွယ်ထွက်သောစပျစ်ပင်ရှိ၍ အဖူးပေါ်လျက်ပွင့်ပြီးမှ သီးပြွတ်များလည်း မှည့်သောစပျစ်သီးဖြစ်လေ၏။ 11 ဖာရောမင်း၏ဖလားတော်ကို ငါကိုင်လျက် ထိုစပျစ်သီးကိုယူ၍ ဖလားတော်၌ညှစ်ပြီးမှ လက်တော်ရောက်ဆက်သရသည်ဟု ယောသပ်အား အိပ်မက်ကိုပြန်ပြောလေ၏။ 12 ယောသပ်ကလည်း အနက်မူကား၊ သုံးနွယ်သည်သုံးရက်ဖြစ်၏။ 13 သုံးရက်မြောက်လျှင် ဖာရောမင်းသည် ဝန်မင်း၏ဦးခေါင်းကိုချီးမြှင့်၍ ရာထူးရင်းကိုပြန်ပေးတော်မူသဖြင့် အထက်ရေကြည်ဝန်လုပ်စဉ်ပြုခဲ့သည့်နည်းတူ ဖလားတော်ကို ဖာရောမင်းလက်တော်ရောက်ဆက်သရလိမ့်မည်။ 14 ဝန်မင်းသည် ချမ်းသာသောအခါ ကျွန်တော်ကိုမမေ့ဘဲ ဖာရောမင်းထံလျှောက်တင်၍ ကျွန်တော်ကိုဤအိမ်မှထွက်လွတ်ခွင့်ရစေရန် ကျေးဇူးပြုပါ။ 15 အကယ်စင်စစ် ကျွန်တော်ကို ဟေဗြဲပြည်မှခိုးယူခဲ့ကြပါ၏။ ဤပြည်မှာလည်း ကျွန်တော်၌အပြစ်မရှိဘဲ နှောင်တွင်းမှာလှောင်ထားကြသည်ဟု ဆိုလေ၏။ 16 ထိုအနက်ကောင်းသည်ကို စားတော်ဝန်သိလျှင် ငါ့အိပ်မက်တွင်ကား၊ မုန့်ဖြူပါသောတောင်းသုံးလုံးကို ရွက်ရာ၊ 17 အထက်တောင်းတွင် ဖာရောမင်းပွဲတော်တည်ရန် ပေါင်းချက်သောပွဲတော်စာအမျိုးမျိုးရှိ၍ ငါရွက်သောတောင်းထဲမှ ငှက်များထိုးသုတ်စားကြသည်ဟု ယောသပ်အားပြန်ပြော၏။ 18 ယောသပ်ကလည်း အနက်ဟူမူကား၊ တောင်းသုံးလုံးသည် သုံးရက်ဖြစ်၏။ 19 သုံးရက်​​မြောက်လျှင် ဖာရောမင်းသည် ဝန်မင်း၏ဦးခေါင်းကို ကိုယ်နှင့်ခွာမြှင့်လျက် အလောင်းကိုကားတင်တော်မူသဖြင့် ငှက်များတို့သည် အသားကိုထိုးသုတ်၍စားကြလိမ့်မည်ဟု ပြန်ပြော၏။ 20 ထိုနောက်သုံးရက်မြောက်လျှင် ဖာရောမင်းဖွားနေ့ကျရောက်၍ ကျေးကျွန်သင်းပင်းအပေါင်းတို့အား ကျွေးမွေးစဉ် အိပ်မက်အနက်ကိုယောသပ်ဖတ်ခဲ့သည့်အတိုင်း ရေကြည်ဝန်နှင့်စားတော်ဝန်၏ဦးခေါင်းများကို ကျေးကျွန်သင်းပင်းတို့အလယ်တွင် ချီးမြှင့်၍၊ 21 ရေကြည်ဝန်အား ရာထူးရင်းကိုရပြန်စေသဖြင့် သူသည်ဖလားတော်ကို ဖာရောမင်းလက်တော်ရောက် ဆက်သရ၏။ 22 စားတော်ဝန်ကိုမူကား ဆွဲတင်လေ၏။ 23 သို့ရာတွင်ရေကြည်ဝန်သည် ယောသပ်ကိုသတိမရဘဲ မေ့၍နေလေ၏။