34
ယာကုပ်မယားလေအာ ဖွားမြင်သောသမီးဒိနသည် ထိုပြည်သူတို့ကိုအကြည့်အရှုသွားရာ၊ ၎င်းပြည်ရှိ မင်းဟိဝိလူမျိုး ဟာမော်၏သားရှေခင်မြင်လျှင် ဆောင်ယူအိပ်စက်၍ အသရေရှုတ်ချလေ၏။ ယာကုပ်သမီးဒိနကိုချစ်ခင်စွဲလမ်းသောကြောင့် ထိုသတို့သမီးအား မေတ္တာစကားကို ပြောဆိုသည့်ပြင် အဘဟာမော်မင်းအားလည်း ထိုသတို့သမီးကို ကျွန်တော့်ခင်ပွန်းဖြစ်စေခြင်းငှါ တောင်းဆိုပါဟုလျှောက်လေ၏။ ယာကုပ်သည် သမီးဒိနကိုရှေခင်ဖျက်ဆီးကြောင်းကြားသိသော် တိရစ္ဆာန်များကို စားကျက်တွင်ထိန်းကျောင်းသောသားတို့မပြန်မီ ဆိတ်ဆိတ်နေလေ၏။ ထိုကာလရှေခင့်အဘဟာမော်သည် ယာကုပ်ထံကြောင်းလမ်းရန်လာ၏။ ယာကုပ်သားတို့လည်း သတင်းကြားရသောအခါ စားကျက်မှပြန်လာ၍ ထိုသူသည် ယာကုပ်သမီးနှင့်အိပ်စက်၍ ဣသရေလလူမျိုးတွင် မပြုအပ်သောယုတ်မာမှုကို ပြုကျင့်သောကြောင့် စိတ်နာလျက် အလွန်ဒေါသထွက်ကြ၏။ ဟာမော်လည်း သူတို့ထံကြောင်းလမ်း၍ သင်တို့သမီးကိုငါ့သားရှေခင် ခင်တွယ်လှ၍ ထိမ်းမြားကြပါလော့။ သင်တို့သည် ငါတို့နှင့်အမျိုးအချင်းချင်းအိမ်ထောင်ဘက်ပြုလျက် သင်တို့သမီးများကို ထိမ်းမြားကြလော့။ ငါတို့သမီးများကိုလည်း သိမ်းပိုက်ကြလော့။ 10 ငါတို့ပြည်သည် သင်တို့ရှေ့တွင်ရှိသည်ဖြစ်၍ ငါတို့နှင့်အတူနေကြလော့။ ကူးသန်းရောင်းဝယ်၍ ဤပြည်တွင်အပိုင်ရယူကြလော့ဟုဆိုလေ၏။ 11 ရှေခင်ကလည်း သင်တို့စိတ်နှင့်သာတွေ့ပါရစေ။ တောင်းဆိုသမျှကို တင်သွင်းပါမည်။ 12 ကန်တော့ဥစ္စာဖြစ်စေ၊ ခန်းဝင်ဥစ္စာဖြစ်စေ၊ နည်းများမဟူတောင်းဆိုသည့်အတိုင်းပေးပါမည်။ ဤသတို့သမီးကိုထိမ်းမြားကြပါဟု အဘနှင့်မောင်တို့အားဆိုလေ၏။
13 နှမဒိနကို ရှေခင်ဖျက်ဆီးသည့်အကြောင်းကြောင့် ရှေခင်နှင့်အဘဟာမော်တို့အား ပရိယာယ်ဖြင့် ယာကုပ်သားတို့ပြန်ပြောသည်မှာ၊ 14 အကျွန်ုပ်တို့နှမကို လှီးဖြတ်ခြင်းမင်္ဂလာမခံသောသူနှင့် မထိမ်းမြားနိုင်ပါ။ ထိမ်းမြားလျှင် ကဲ့ရဲ့ဖွယ်အကြောင်းဖြစ်ပါ၏။ 15 သင်တို့သည် အကျွန်ုပ်တို့ကဲ့သို့ ယောက်ျားတိုင်းလှီးဖြတ်ခြင်းမင်္ဂလာခံလျှင် အကျွန်ုပ်တို့သဘောတူကြပါမည်။ 16 သို့ပြုလျှင် အကျွန်ုပ်တို့သမီးများကို သင်တို့နှင့်ထိမ်းမြား၍ သင်တို့သမီးများကိုလည်း သိမ်းပိုက်သဖြင့် အတူနေထိုင်၍ တစ်မျိုးတည်းဖြစ်ကြလိမ့်မည်။ 17 သို့တည်းမဟုတ်၊ အကျွန်ုပ်တို့စကားကို မနာမယူ။ ထိုမင်္ဂလာကိုမခံလျှင် သတို့သမီးကိုပြန်သိမ်း၍ထွက်သွားမည်ဟု ဆိုကြ၏။ 18 ထိုစကားကို ဟာမော်နှင့်သားရှေခင်တို့နှစ်သက်ကြ၍၊ 19 ထိုသတို့သားသည် အဘ၏အမျိုးသားချင်းအပေါင်းတို့ထက် ဂုဏ်အသရေရှိသော်လည်း ယာကုပ်သမီးကိုနှစ်သက်သောကြောင့် ၎င်းမင်္ဂလာကိုခံရန် ဖင့်နွှဲသည်မဟုတ်။
20 ထိုအခါ ဟာမော်နှင့်သားရှေခင်တို့သည် သူတို့မြို့တံခါးသို့ဝင်၍ မြို့သားတို့နှင့်တိုင်ပင်သည်မှာ၊ 21 အချင်းတို့၊ ဤသူတို့သည် ငါတို့နှင့်သင့်တင့်ပြီးဖြစ်၍ ငါတို့ပြည်တွင်နေလျက် ကူးသန်းရောင်းဝယ်ခွင့်ရှိကြပါစေ။ ငါတို့ပြည်သည် သူတို့နေသာအောင် ကျယ်ဝန်းပါ၏။ သူတို့သမီးများကိုသိမ်းပိုက်၍ ငါတို့သမီးများကိုလည်း သူတို့နှင့်ထိမ်းမြားကြကုန်အံ့။ 22 သို့ရာတွင် ထိုသူတို့သည် လှီးဖြတ်ခြင်းမင်္ဂလာကိုခံကြသကဲ့သို့ ငါတို့လည်း ယောက်ျားတိုင်းခံမှသာလျှင် ငါတို့နှင့်အတူနေလျက် တစ်မျိုးတည်းဖြစ်စေခြင်းငှါ သူတို့သဘောတူကြလိမ့်မည်။ 23 သူတို့နွားသိုးမှစသော အတွင်းအပြင်ဥစ္စာရှိသမျှသည် ငါတို့ပိုင်ဖြစ်လိမ့်မည်မဟုတ်လော။ ငါတို့နှင့်အတူ နေကြစေရန် သူတို့အလိုသို့လိုက်ကြကုန်အံ့ ဟုပြောဆိုသော်၊ 24 ဟာမော်နှင့်သားရှေခင်တို့စကားကို မြို့တံခါးဖြင့် ထွက်ဝင်ပိုင်သူအပေါင်းတို့သည် နာခံ၍ ယောက်ျားရှိသမျှထိုမင်္ဂလာကို ခံကြကုန်၏။
25 သုံးရက်မြောက်သောနေ့တွင် နာကျင်လျက်ရှိကြဆဲအခါ ယာကုပ်သား၊ ဒိနမောင်၊ ရှိမောင်နှင့်လေဝိနှစ်ယောက်တို့သည် ဓားလက်နက်စွဲကိုင်လျက် ဘေးမေမျှာ်မြင်သောထိုမြို့ကိုတိုက်ခိုက်၍ ယောက်ျားအပေါင်းတို့ကိုသတ်ကြ၏။ 26 ဟာမော်နှင့်သားရှေခင်တို့ကိုလည်း ဓားဖြင့်သတ်ပြီးလျှင် နှမဒိနကို ရှေခင့်အိမ်မှပြန်သိမ်းထွက်သွားကြ၏။ 27 နှမကိုဖျက်ဆီးသောကြောင့် ယာကုပ်သားတို့သည် သတ်ပြီးအလောင်းများရှိရာသို့သွားပြီးလျင် မြို့ကိုလုယက်ဖျက်ဆီးသဖြင့်၊ 28 သိုး၊ ဆိတ်၊ နွား၊ မြည်းမှစသော မြို့တွင်းမြို့ပြင်ရှိဥစ္စာများကို လက်ရသိမ်းယူ၍၊ 29 စည်းစိမ်နှင့်တကွ မယား၊ သူငယ်၊ အိမ်တွင်ရှိသမျှကိုပင် သုံ့ဘမ်းလုယူကြ၏။ 30 ထိုနောက်ယာကုပ်က ခါနနိလူ၊ ဖေရဇိလူဖြစ်သော ဤပြည်သားတို့စက်ဆုပ်ရွံရှာအောင် သင်တို့သည်ငါ့အား ဒုက္ခပေးကြသည်တကား။ ငါ၌ လူအရေအတွက်နည်းပါးသောကြောင့် ထိုသူတို့စုရုံး၍တိုက်ခိုက်သဖြင့် ငါနှင့်တကွအိမ်သူအိမ်သားတို့ကိုဖျက်ဆီးကြလိမ့်မည်ဟု ရှိမောင်နှင့်လေဝိတို့အား ဆိုလေသော်၊ 31 ထိုသူတို့က ကျွန်တော်တို့နှမကို ပြည်တန်ဆာကဲ့သို့ပြုရာသလောဟု ပြန်လျှောက်ကြ၏။