28
ဣဇာက်သည် ယာကုပ်ကိုခေါ်၍ ခါနာန်အမျိုးသမီးနှင့် သင်အိမ်ထောင်ဘက်မပြုရ။ သင့်အမိ၏အဘ ဗေသွေလအမျိုးသားတို့နေရာ ပါဒနာရံပြည်သို့ထသွား၍ သင့်ဦးရီးလာ​ဗန်၏သမီးတစ်စုံတစ်ယောက်နှင့် အိမ်ထောင်ဘက်ပြုလော့။ အနန္တတန်ခိုးရှင်ဘုရားသခင်သည် သင့်ကိုကောင်းကြီးပေး၍ လူမျိုးအမြောက်အမြားဖြစ်စေရန် တိုးပွားစေတော်မူသတည်း။ အထက်က အာဗြဟံအားပေးတော်မူ၍ သင်ယခုလူစိမ်းအဖြစ်နေသော ဤပြည်ကိုအပိုင်ရစေရန် သင်နှင့်အမျိုးအနွယ်အား အာဗြဟံခံရသောကောင်းကြီးမင်္ဂလာကို ပေးတော်မူစေသတည်းဟု ကောင်းကြီးပေးလျက် မှာထားလွှတ်လိုက်လေ၏။ ထိုသို့ ယာကုပ်နှင့်ဧသောတို့ အမိရေဗက္က၏မောင်၊ အာရံလူမျိုးဗေသွေလသားလာဗန့်ထံ ပါဒနာရံပြည်သို့ ယာကုပ်သွားလေ၏။
ထိုသို့ဣဇာက်သည် ယာကုပ်ကိုကောင်းကြီးပေး၍ အိမ်ထောင်ဘက်ပြုစေခြင်းငှါ ပါဒနာရံပြည်သို့ လွှတ်လိုက်ကြောင်းကိုလည်းေကာင်း၊ ခါနာန်အမျိုးသမီးနှင့် အိမ်ထောင်ဘက်မပြုရဟု ကောင်းကြီးပေးစဉ်အခါ မှာထားကြောင်းကိုလည်းေကာင်း၊ ယာကုပ်သည် မိဘစကားကိုနာခံ၍ ပါဒနာရံပြည်သို့သွားကြောင်းကိုလည်းေကာင်း၊ ခါနာန်အမျိုးသမီးတို့အား အဘဣဇာက်မနှစ်သက်ကြောင်းကိုလည်းေကာင်း၊ ဧသောသိမြင်လျှင်၊ ဣရှမေလထံသို့သွား၍ ရှိရင်းမယားတို့မှတစ်ပါး အာဗြဟံမြေး၊ ဣရှမေလသမီး၊ နဗာယုတ်နှမဖြစ်သူ မဟာလတ်နှင့်အိမ်ထောင်ဘက်ပြုလေ၏။
10 ယာကုပ်သည် ဗေရရှေဘမြို့မှထွက်၍ ခါရန်မြို့သို့သွားစဉ်တွင်၊ 11 တစ်နေရာသို့ရောက်သော် နေ၀င်ချိန်ဖြစ်သောကြောင့်စခန်းချလျက် ခေါင်းအုံးရန် ၎င်းအရပ်ရှိ ကျောက်တစ်လုံးကိုထားပြီးလျှင် အိပ်လေ၏။ 12 အိပ်မက်မြင်ရသည်မှာ မြေမှမိုးထိအဖျားမှီအောင် ထောင်ထားသောလှေကားတွင် ဘုရားသခင့်စေတမန်တော်များ ဆင်းလျက်တက်လျက်ရှိကြ၏။ 13 ထာဝရဘုရားသည် အနီးတွင်ရပ်တော်မူလျက် ငါသည် သင့်အဘအာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရားတည်းဟူသော ထာ၀ရဘုရားဖြစ်၏။ သင့်အိပ်ရာမြေကို သင်နှင့်အမျိုးအနွယ်အားငါပေးမည်။ 14 သင့်အမျိုးအနွယ်သည် မြေမုန့်နှင့်အမျှများပြား၍ အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ အရပ်များသို့ နှံ့ပြားကြလိမ့်မည်။ သင်နှင့်အမျိုးအနွယ်အားဖြင့်လည်း မြေပေါ်ရှိလူမျိုးခပ်သိမ်းတို့ မင်္ဂလာခံရကြလိမ့်မည်။ 15 ငါသည်သင်နှင့်အတူရှိလျက် သင်သွားလေရာရာ၌စောင့်ထိန်း၍ ဤပြည်သို့ပြန်လာစေဦးမည်။ ကတိအတိုင်းငါမပြုရမီ သင့်ကိုစွန့်ထားမည်မဟုတ်ဟု မိန့်တော်မူ၏။ 16 အိပ်ရာမှနိုးလျှင် ယာကုပ်က၊ အကယ်စင်စစ်ဤအရပ်တွင် ထာ၀ရဘုရားရှိတော်မူကြောင်း ငါမသိခဲ့လေ။ 17 ဤအရပ်သည် ထိတ်လန့်ဖွယ်ဖြစ်ပေ၏။ အခြားမဟုတ်။ ဘုရားသခင့်ဘုံဗိမာန်၊ ကောင်းကင်တံခါး၀ဖြစ်ပါသည်တကားဟု ကြောက်ရွံ့လျက် မြွက်ဆိုလေ၏။
18 ယာကုပ်သည် နံနက်အချိန်ထလျှင် ခေါင်းအုံးခဲ့သောကျောက်ကိုယူ၍ မှတ်တိုင်အဖြစ်စိုက်ထူပြီးမှ၊ ထိပ်ပေါ်တွင်ဆီလောင်းလျက်၊ 19 ထိုအရပ်ကို 28.19 ဘုရားသခင့်ဘုံဗိမာန်။ ဗေသလအမည်ဖြင့် မှည့်လေ၏။ မြို့အမည်ဟောင်းကား လုဇတည်း။ 20 ထိုအခါ ယာကုပ်က ဘုရားသခင်သည်ငါနှင့်အတူရှိလျက် ယခုသွားရာလမ်းတွင်စောင့်ထိန်း၍၊ စားရန်အစာ၊ ၀တ်ရန်အ၀တ်ကို ပေးသနားတော်မူသဖြင့်၊ 21 ချမ်းသာစွာ အဘအိမ်သို့ပြန်လာရပါလျှင်၊ ထာ၀ရဘုရားသည် ငါ့ဘုရားဖြစ်တော်မူ၍၊ 22 မှတ်တိုင်အဖြစ် ငါစိုက်ထူသောဤကျောက်သည် ဘုရားသခင့်ဘုံဗိမာန်ဖြစ်ရပါမည်။ ပေးသနားတော်မူသမျှအနက်လည်း ဆယ်ဖို့တစ်ဖို့ဆက်ကပ်ပါမည်ဟု သစ္စာပြုသတည်း။