25
တစ်ဖန်အာဗြဟံသည်၊ ကေတုရအမည်ရှိသော နှောင်းမယားကိုယူ၍၊ ဇိမရံ၊ ယုတ်ရှန်၊ မေဒန်၊ မိဒျန်၊ ဣရှဗက်၊ ရှုအာတို့ကို ထိုမိန်းမဖွားမြင်လေ၏။ ယုတ်ရှန့်သားများကား၊ ရှေဘနှင့်ဒေဒန်တည်း။ ဒေဒန့်သားများကား၊ အာရှုရိမ်၊ လေတုရှိမ်၊ လုမ်မိမ်တို့တည်း။ မိဒျန့်သားများကား၊ ဧဖာ၊ ဧဖေရ၊ ဟာနုတ်၊ အဘိဒ၊ ဧလဒါတို့တည်း။ ထိုသူအပေါင်းတို့ကား ကေတုရသားမြေးတို့တည်း။ အာဗြဟံသည် ဥစ္စာရှိသမျှကို သားဣဇာက်အားအပ်ပေးလျက်၊ မယားငယ်တို့ဖြင့်ရသောသားတို့အား အသက်ရှင်သေးသောအခါ အမွေပြတ်ဆုများကို ​​ေ၀ပေး၍ သားဣဇာက်ထံမှ အရှေ့ပြည်သို့ လွှတ်လိုက်လေ၏။ ထိုနောက်အာဗြဟံသည် အသက်အရွယ်နှစ်ပေါင်းတရာ့ခုနစ်ဆယ့်ငါးနှစ်ရှိလျင်၊ အိုမင်းကြီးရင့်၍ သေလွန်သဖြင့် ဘိုးဘေးတို့ထံသွားရသော် မံရေမြို့ရှေ့၊ ဟိတ္တိလူမျိုးဇော့ဟာ့သား၊ 9-10 ဧဖရုန့်မြေကွက်ရှိမပ္ပေလဂူတွင် သားဣဇာက်နှင့်ဣရှမေလတို့ သင်္ဂြိုဟ်ကြ၏။ ထိုသို့၊ ဟေသအမျိုးသားတို့ထံ အာဗြဟံ၀ယ်ထားခဲ့သောမြေကွက်တွင် မယားစာရာနှင့်အတူ အာဗြဟံအလောင်းကို သင်္ဂြိုဟ်ရကြသည်။ 11 အာဗြဟံ သေလွန်ပြီးနောက် သားဣဇာက်အား ဘုရားသခင်ကောင်းကြီးပေးတော်မူလျက် ဣဇာက်သည် ဗေရလဟဲရောရေတွင်းအနီးနေသတည်း။
12 စာရာ၏ကျွန်မိန်းမ၊ အိဂျစ်ပြည်သူဟာဂရဖွား၍ အာဗြဟံရသောသား၊ ဣရှမေလ၏သားစဉ်မြေးဆက်၊ 13 အမျိုးအနွယ်အလိုက် ဣရှမေလသားတို့အမည်များကား၊ သားဦးနဗာယုတ်၊ ကေဒါ၊ အာဒဗေလ၊ မိဗသံ၊ 14-15 မိရှမ၊ ဒုမာ၊ မာစ၊ ဟာဒဒ်၊ တေမ၊ ယေဟုရ၊ နာဖိရှ၊ ကေဒမာ တို့တည်း။ 16 ထိုသို့အမည်ရှိသော ဣရှမေလသားတို့သည် အမျိုးအလိုက်၊ ကိုယ့်ရွာ၊ ကိုယ့်တပ်ချရာများတွင် နေထိုင်သောအကြီးအကဲဆယ့်နှစ်ပါးဖြစ်ကြ၏။ 17 ဣရှမေလသည် အသက်အရွယ်နှစ်ပေါင်းတရာ့သုံးဆယ့်ခုနစ်နှစ်ရှိလျင် သေလွန်သဖြင့် ဘိုးဘေးတို့ထံသွားရသော်၊ 18 သားတို့သည် အာရှုရိပြည်လမ်း၊ ဟ၀ိလမြို့မှ အိဂျစ်ပြည်အရှေ့၊ ရှုရမြို့တိုင်အောင်နေကြ၏။ ထိုသို့လျှင် ဣရှမေလသည် ဆွေမျိုးသားချင်းအပေါင်းတို့အရှေ့ဘက်တွင် နေရာကျသတည်း။
19 အာဗြဟံ့သား ဣဇာက်၏အတ္တုပ္ပတ္တိဟူမူကား၊ အာဗြဟံသည် သားဣဇာက်ကိုရလေ၏။ 20 ဣဇာက်သည် အသက်လေးဆယ်ရှိသောအခါ ပါဒနာရံပြည်သား၊ အာရံလူမျိုးဗေသွေလ၏သမီး၊ ၎င်းလူမျိုးလာဗန့်နှမ ရေဗက္ကနှင့်အိမ်ထောင်ဘက်ပြုလေ၏။ 21 ဣဇာက်သည် မယားမြုံသောကြောင့် ထာ၀ရဘုရားထံသားဆုပန်သည့်အတိုင်း ထာ၀ရဘုရားနားညောင်းတော်မူ၍ မယားရေဗက္ကသန္ဓေရရှိလေ၏။ 22 ဝမ်းတွင်းအောင်းသောသူငယ်တို့သည် အချင်းချင်းတိုး​ေ၀ှ့ကြသဖြင့် အမိက၊ ထိုသို့ဖြစ်လျှင် မည်သို့နေနိုင်ပါအံ့နည်းဟုဆိုလျက် ထာ၀ရဘုရားကို လျှောက်မေးရန်သွားသော်၊ 23 ထာဝရဘုရားက၊ သင့်၀မ်းတွင်း၌လူနှစ်မျိုးရှိ၍ ၀မ်းတွင်းကပင်ခြားနားသောလူနှစ်စုကို ဖွားရလိမ့်မည်။ လူတစ်မျိုးသည် တစ်မျိုးထက်အားကြီးလိမ့်မည်။ အကြီးသည် အငယ့်ထံကျွန်ခံရလိမ့်မည်ဟု မိန့်တော်မူ၏။ 24 ဖွားချိန်စေ့သောအခါ ဝမ်းတွင်သားအမွှာရှိသဖြင့်၊ 25 အဦးဖွားသောသားသည် အဆင်းနီ၍ သားမွေးအ၀တ်ကဲ့သို့ တစ်ကိုယ်လုံးအမွေးပါသောကြောင့် သူ့ကိုဧသောအမည်ဖြင့် မှည့်ကြ၏။ 26 ထိုနောက်ညီသည် ဧသော၏ဖနှောင့်ကိုကိုင်လျက် ဖွားလာ၍ သူ့ကို 25.26 အနက်ကား၊ဖနှောင့်ကိုင်သူ၊ သို့မဟုတ်လှည့်ပတ်စီးပိုးသူယာကုပ်အမည်ဖြင့် မှည့်ကြ၏။ ထိုသားတို့ကိုဖွားမြင်သောအခါ ဣဇာက်သည် အသက်ခြောက်ဆယ်ရှိသတည်း။ 27 သူငယ်တို့ကြီးပွား၍ ဧသောကား တောပျော်မုဆိုးကောင်းဖြစ်၏။ ယာကုပ်ကား တဲနေလူရိုးဖြစ်လေ၏။ 28 ဣဇာက်သည် ဧသော၏အမဲကိုစားလေ့ရှိသောကြောင့် သူ့ကိုချစ်၏။ ရေဗက္ကမူကား ယာကုပ်ကိုချစ်၏။ 29 တစ်နေ့သ၌ ယာကုပ်ဟင်းချက်နေစဉ် ဧသောသည်တောမှလာ၍ မောပန်းသဖြင့်၊ 30 ယာကုပ်အား ထိုနီသောဟင်းကိုစားပါရစေ။ ငါမောပန်းလာသည်ဟုဆိုလေ၏။ ဤသည်ကိုအစွဲပြု၍ သူ့အမည်ကို 25.30 အနက်ကား၊နီေသာ ဧဒုံဟုတွင်သတည်း။ 31 ယာကုပ်ကလည်း ယခုပင် သင့်သြရသရိုက်ရာကို ကျွန်ုပ်အားရောင်းချပါဟုဆိုလျှင်၊ 32 ဧသောက၊ ငါသေလုပြီ။ ထိုအရိုက်အရာအားဖြင့် မည်သည့်အကျိုးရှိပါအံ့နည်းဟုဆိုရာ ယာကုပ်ကလည်း၊ 33 ယခုပင်ကျွန်ုပ်အား သစ္စာထားပါလော့ဟုဆိုသော် သစ္စာထားလျက် သြရသရိုက်ရာကို ယာကုပ်အားရောင်းချလေ၏။ 34 ထိုအခါ ယာကုပ်သည် မုန့်နှင့်ပဲဟင်းကို ဧသောအားကျွေး၍ သူစားသောက်ပြီးမှ ထသွားလေ၏။ ထိုသို့လျှင်ဧသောသည် သြရသရိုက်ရာကို မထီမဲ့မြင်ပြုသတည်း။