24
အာဗြဟံသည် အသက်အရွယ်ကြီးရင့်လှပြီ။ ထာဝရဘုရားလည်း အရာရာ၌ ကောင်းကြီးပေးတော်မူပြီ။ 2-4 ငယ်သားတို့တွင် အကြီးအကဲဘဏ္ဍာစိုးဖြစ်သူကျွန်အား အာဗြဟံက၊ သင်သည် ငါတည်းနေသောပြည်၌ ခါနာန်အမျိုးသမီးတို့အနက်၊ ငါ့သားအဖို့ မယားကိုမရွေးမယူဘဲ ငါနေရင်းပြည်၊ ငါ့အမျိုးသားချင်းတို့ထံသွား၍ သားဣဇာက်အဖို့မယားကိုခေါ်ဆောင်မည့်အကြောင်း သင့်လက်ကိုငါ့ပေါင်အောက်ထားလျက် မိုးမြေရှင်ထာ၀ရဘုရားသခင်ကိုတိုင်တည်၍ သစ္စာခံရမည်ဟုဆိုရာ၊ အကယ်၍မိန်းမသည် ဤပြည်သို့မလိုက်မလာလိုလျှင် ကိုယ်တော်ထွက်လာခဲ့သောပြည်သို့ ကိုယ်တော့်သားကို ခေါ်သွားရပါမည်လောဟု ထိုကျွန်မေးလျှောက်သော်၊ အာဗြဟံက၊ ငါ့သားကိုထိုပြည်သို့ခေါ်၍မသွားရန် သတိပြုလော့။ ငါ့ကိုအိမ်ထောင်သားချင်း၊ ဆွေရင်းမျိုးချာတို့ပြည်မှခေါ်လျက် ဤပြည်ကိုသင့်အမျိုးအနွယ်အား ငါပေးမည်ဟုမိန့်မြွက်၍ သစ္စာထားတော်မူသော ကောင်းကင်ရှင်ထာ၀ရဘုရားသခင်သည် စေတမန်တော်ကိုသင့်ရှေ့လွှတ်တော်မူသဖြင့် ထိုပြည်မှ ငါ့သားအဖို့မယားကိုသင်ခေါ်ဆောင်ရမည်။ ထိုမိန်းမသည် သင်နှင့်အတူ မလိုက်မလာလိုလျှင် ယခုခံရသောသစ္စာ၀န်နှင့် သင်ကင်းစေ။ ငါ့သားကိုထိုပြည်သို့ခေါ်၍မသွားရဟု ဆိုပြီးမှ၊ ထိုကျွန်သည် သခင်အာဗြဟံ၏ပေါင်အောက်၌ လက်ကိုထားလျက် ထိုအကြောင်းနှင့်စပ်လျဥ်း၍ သစ္စာခံလေ၏။
10 ထိုကျွန်လည်း သခင့်ကုလားအုပ်များအနက် ဆယ်စီးကိုရွေးယူလျက်၊ ဥစ္စာပစ္စည်းအမျိုးမျိုးတင်ဆောင်ထသွား၍ မေသောပေါတာမိပြည်၊ နာခေါ်နေသောမြို့သို့ရောက်လျှင်၊ 11 မိန်းမတို့ရေခပ်ထွက်တတ်သောညနေအချိန်၌ မြို့ပြင်ရေတွင်းအနီး ကုလားအုပ်များကို၀ပ်စေပြီးသော်၊ 12 အကျွန်ုပ်သခင်၊ အာဗြဟံ၏ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်ဆောင်ရွက်သောအမှုကို ယနေ့အထမြောက်စေ၍ သခင်အာဗြဟံအား ကျေးဇူးပြုတော်မူပါ။ 13 ဤစမ်းရေတွင်းအနီး အကျွန်ုပ်ရပ်နေ၍ ထိုမြို့သားတို့၏သမီးပျိုများသည် ရေခပ်လာကြရာ၊ 14 အကြင်သတို့သမီးအား ကျွန်ုပ်သောက်ရန်အိုးကိုချပါဟုဆိုသော် သောက်ပါ။ ကုလားအုပ်များကိုလည်း တိုက်ပါမည်ဟုပြန်ဆိုအံ့။ ထိုသတို့သမီးသည် ကျွန်တော်ရင်း ဣဇာက်အဖို့ စီမံတော်မူသောမိန်းမဖြစ်ပါစေသော။ 15 ထိုသို့အားဖြင့် အကျွန်ုပ်သခင်အား ကျေးဇူးပြုတော်မူကြောင်းသိရပါမည်ဟု လျှောက်ဆို၏။ ထိုသို့လျှောက်ဆို၍မဆုံးသေးမီပင် အာဗြဟံ၏ ညီနာခေါ့်မယားမိလခါ၏သားဖြစ်သူ ဗေသွေလရသောသမီး ရေဗက္ကသည် ရေအိုးကိုထမ်းလျက်ထွက်လာ၏။ 16 ရှုချင်ဖွယ်အဆင်းလှ၍ ကညာစစ်ဖြစ်သော ထိုသတို့သမီးသည် စမ်းရေတွင်းသို့ဆင်း၍ အိုးကိုရေပြည့်စေပြီးမှ တက်လာသော်၊ 17 ထိုကျွန်သည် တွေ့ဆုံရန်ပြေး၍ သင့်အိုးမှရေအနည်းငယ်ကို သောက်ပါရစေဟုတောင်းလျှင်၊ 18 သူငယ်မက သောက်ပါလော့အရှင်ဟုဆိုလျက် ကိုယ့်လက်ပေါ်တွင် အိုးကိုအမြန်ချ၍ရေပေးလေ၏။ 19 ရေပေးပြီးလျှင် ကုလားအုပ်များလည်း၀စွာသောက်ရန် ရေခပ်ပါမည်ဟုဆိုသည့်အတိုင်း၊ 20 အလျင်အမြန်အိုးရှိရေကို ရေတိုက်စားခေါင်းထဲသို့လောင်းပြီးလျင် တစ်ဖန်ခပ်ခြင်းငှါ ရေတွင်းသို့ပြေး၍ ကုလားအုပ်များအဖို့ ရေခပ်လေ၏။ 21 ထိုလူသည် ခရီးအမှုကို ထာ၀ရဘုရားအထမြောက်စေတော်မူမည်၊ မမူမည်သိလို၍ ၎င်းသူငယ်မကိုစေ့စေ့ကြည့်လျက် တိတ်ဆိတ်စွာနေလေ၏။ 22 ကုလားအုပ်များ ရေသောက်ပြီးသည့်နောက် ထိုလူသည် အချိန်ငါးမူးစီးရွှေကွင်း၊ ရွှေချိန်တစ်ဆယ်စီးလက်ကောက်တစ်ရံကိုထုတ်၍၊ 23 မည်သူ့သမီးဖြစ်သည်ကို ကျွန်ုပ်အားပြောပါ။ သင့်အဘအိမ်တွင်တည်းခိုရန် နေရာရှိပါသလောဟု မေးလျှင်၊ 24 ကျွန်မသည် နာခေါ့်မယားမိလခါဖွားမြင်သော ဗေသွေလ၏သမီးဖြစ်ပါသည်။ 25 ကျွန်မတို့၌ကောက်ရိုးမှစသော အစာများနှင့် တည်းခိုရန်နေရာလည်းရှိပါသည်ဟု ပြန်ဆိုရာ၊ 26 ထိုလူသည် ထာ၀ရဘုရားကို ဦးညွှတ်ရှိခိုးလျက်၊ 27 မေတ္တာ၊ ကျေးဇူးနှင့်သစ္စာတော်ကို ကျွန်တော့်သခင့်အပေါ်၌ ပြတ်စဲစေတော်မမူသော၊ သခင်အာဗြဟံ၏ဘုရားသခင်ထာ၀ရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ ကျွန်တော့်သခင်၏ဆွေသားမျိုးချင်းတို့အိမ်သို့ ဖြောင့်သောလမ်းဖြင့် ထာ၀ရဘုရားသည် ကျွန်တော်ကိုပင် ပို့ဆောင်တော်မူပါသည်တကားဟု လျှောက်ဆို၏။ 28 သတို့သမီးလည်းပြေး၍ အမိ၏အိမ်သူအိမ်သားတို့အား ထိုအကြောင်းအရာများကို ကြားပြောလေ၏။
29 ရေဗက္က၌ လာဗန်အမည်ရှိသောမောင်တစ်ယောက်ရှိ၏။ လာဗန်သည် မြို့ပြင်စမ်းရေတွင်းအနီး၊ ထိုလူရှိရာသို့ပြေး၏။ 30 သူသည် ရွှေကွင်းကိုလည်းေကာင်း၊ နှမလက်၌လက်ကောက်ကိုလည်းေကာင်းမြင်လျက် ကျွန်မအား ထိုလူဤသို့ပြောသည်ဟု နှမရေဗက္ကပြောသောစကားကိုကြားရသဖြင့် စမ်းရေတွင်းရှိရာ ကုလားအုပ်များအနီး ရပ်နေသောထိုလူ့ထံထိုသို့ရောက်လျှင်၊ 31 ထာဝရဘုရား၏ကောင်းကြီးမင်္ဂလာတော်ကိုခံရသူ၊ ပြင်၌အဘယ်ကြောင့်ရပ်နေသနည်း။ ၀င်ပါလော့။ အိမ်ကိုလည်းေကာင်း၊ ကုလားအုပ်များထားရန်နေရာကိုလည်းေကာင်း၊ ရှင်းလင်းထားပါပြီဟုဆိုလျက်၊ 32 ထိုလူကိုအိမ်ထဲသို့၀င်စေ၍ ကုလားအုပ်ကကြိုးများကို ဖြုတ်ချပြီးမှ ကောက်ရိုးမှစသောအစာများကို ပေးသည့်ပြင် ၎င်းသူနှင့်တကွလိုက်လာသူတို့ပါ ခြေဆေးရန်ရေကိုလည်းပေးလေ၏။ 33 သူ့ရှေ့မှာ ခဲဖွယ်စားဖွယ်များတည်သောအခါ ကျွန်တော်သည် ကိုယ့်ကိစ္စအကြောင်းကို မလျှောက်ရမီ မစားလိုပါဟုဆိုလျှင် ပြောပါဟုပြန်ဆို၏။ 34 ထိုသူကလည်း ကျွန်တော်ကား၊ အာဗြဟံ၏ကျွန်ဖြစ်ပါ၏။ 35 ထာဝရဘုရားသည် ကျွန်တော့်သခင်အား အထူးကောင်းကြီးပေးတော်မူ၍ သူသည်ကြီးမြတ်ခြင်းသို့ရောက်ရပြီ။ သိုး၊ ဆိတ်၊ နွား၊ ရွှေ၊ ငွေ၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ ကုလားအုပ်၊ မြည်းများကိုလည်း ပေးတော်မူပြီ။ 36 ကျွန်တော့်သခင်၏မယားစာရာသည် အသက်ကြီးရင့်မှ သားယောက်ျားကိုဖွားမြင်၍ ထိုသားအား ဥစ္စာရှိသမျှကို သခင်အပ်ပေးလေပြီ။ 37 ကျွန်တော့်သခင်ကလည်း သင်သည်ငါတည်းနေသောပြည်၌ ခါနာန်အမျိုးသမီးတို့အနက် ငါ့သားအဖို့ မယားကိုမရွေးမယူဘဲ၊ 38 ငါ့ဆွေရင်းမျိုးရင်းချာ၊ အိမ်ထောင်သားချင်းတို့ထံသွား၍ ငါ့သားအဖို့မယားကို ခေါ်ဆောင်မည့်အကြောင်းနှင့် ကျွန်တော်ကိုသစ္စာခံစေ၏။ 39 ကျွန်တော်ကလည်း မိန်းမသည် မလိုက်မလာလိုဘဲရှိကောင်းရှိလိမ့်မည်ဟု သခင်အားပြန်လျှောက်သော်၊ 40 သခင်က ထာ၀ရဘုရားမျက်မှောက်တော်တွင် ငါသွားလာ၏။ ကိုယ်တော်သည် စေတမန်တော်ကိုသင်နှင့်အတူလွှတ်၍ သင်သွားသောခရီးအမှုကို အထမြောက်စေတော်မူသဖြင့် ငါ့ဆွေရင်းမျိုးချာ၊ အိမ်ထောင်သားချင်းတို့အနက် ငါ့သားအဖို့မယားကို ဆောင်ယူရမည်။ 41 ထိုသို့လျှင်၊ ငါ့ဆွေရင်းမျိုးချာတို့ထံရောက်လျက်နှင့် မိန်းမကိုထိမ်းမြားရန်မပေးကြလျှင် သင်သည် ခံရသောသစ္စာ၀န်နှင့် ကင်းစေဟုပြန်ပြော၏။ 42 သို့နှင့်အညီ ကျွန်တော်သည် ယနေ့စမ်းရေတွင်းသို့ရောက်ပြီးလျှင် အကျွန်ုပ်သခင်အာဗြဟံ၏ ဘုရားသခင်ထာ၀ရဘုရား၊ သွားရသောခရီးကိစ္စကို အထမြောက်စေတော်မူပါလျှင်၊ 43 စမ်းရေတွင်းအနီး အကျွန်ုပ်ရပ်နေ၍ ရေခပ်လာသောအကြင်သမီးကညာအား သင့်အိုးမှရေအနည်းငယ်သောက်ပါရစေဟု တောင်းလျှင်၊ 44 သောက်ပါ။ ကုလားအုပ်များအဖို့လည်း ကျွန်မရေခပ်ပါမည်ဟုပြန်ဆိုအံ့။ ထိုသမီးကညာသည် အကျွန်ုပ်သခင်၏သားအဖို့ စီမံတော်မူသော မိန်းမဖြစ်ပါစေသောဟု လျှောက်ဆို၏။ 45 ထိုသို့စိတ်၌အောက်မေ့၍ မဆုံးသေးမီပင် ရေဗက္ကသည် ရေအိုးကိုထမ်းလျက်ထွက်လာသဖြင့် စမ်းရေတွင်းသို့ဆင်း၍ ရေခပ်ရာ ရေသောက်ပါရစေဟု ကျွန်တော်တောင်းလျှင်၊ 46 ပခုံးပေါ်မှအိုးကို အမြန်ချလျက် သောက်ပါလော့။ ကုလားအုပ်များကိုလည်း ရေတိုက်ပါမည်ဟု ဆိုသည့်အတိုင်း ကျွန်တော်သောက်ပြီးမှ ကုလားအုပ်များကို ရေတိုက်လေ၏။ 47 ကျွန်တော်ကလည်း မည်သူ့သမီးနည်းဟုမေးလျှင်၊ ကျွန်မသည်မိလခါဖွား၍ နာခေါ်ရသောသား​ဗေသွေလ၏သမီးဖြစ်ပါသည်ဟု ပြန်ဆိုသော် ကျွန်တော်သည် နှာကွင်းကိုလည်းေကာင်း၊ လက်ကောက်ကိုလည်းေကာင်း၊ ဆင်ယင်ပြီးလျှင်၊ 48 ကျွန်တော့်သခင့် 24.48 ပါဠိ- ညီတူ၏သမီးကို သခင့်သားအဖို့ဆောင်ယူစေခြင်းငှါ ဖြောင့်သောလမ်းဖြင့် ပို့ဆောင်တော်မူခဲ့သော သခင်အာဗြဟံ၏ဘုရားသခင်ထာ၀ရဘုရားကို ဦးညွှတ်ရှိခိုး၍ သြဘာပြုလေ၏။ 49 ယခုတွင် ကျွန်တော့်သခင်အား သစ္စာနှင့်ကျေးဇူးပြုမည်၊ မပြုမည်ကိုပြောကြပါ။ မပြုလိုမူ၊ ကျွန်တော်သည် လက်ျာဖြစ်စေ၊ လက်၀ဲဖြစ်စေ လွှဲသွားပါမည်ဟုပြောဆို၏။ 50 လာဗန်နှင့်ဗေသွေလတို့ကလည်း ဤအမှုကား၊ ထာ၀ရဘုရားအထံတော်မှ ဖြစ်ပွားသောအမှုတည်း။ ကျွန်ုပ်တို့သည် အကောင်းအဆိုးကို ပြန်၍မပြော၀ံ့ပါ။ 51 ရေဗက္ကသည် ရှေ့တွင်ရှိပါ၏။ ထာ၀ရဘုရားမိန့်တော်မူသည့်အတိုင်း သင့်သခင့်သား၏မယားဖြစ်စေရန် ဆောင်သွားပါလော့ဟုဆိုကြ၏။ 52 ထိုစကားကိုကြားလျှင် အာဗြဟံ၏ကျွန်သည် ထာ၀ရဘုရားကို ပျပ်၀ပ်ရှိခိုးပြီးမှ၊ 53 ရွှေထည်ငွေထည်များနှင့် အ၀တ်တန်ဆာများကိုထုတ်၍ ရေဗက္ကအားပေး၏။ အမိနှင့်မောင်တို့အားလည်း အဖိုးတန်လက်ဆောင်များကိုပေး၏။ 54 သူနှင့်တကွလိုက်လာသူတို့ပါ စားသောက်ပြီးမှ ညဥ့်အိပ်၍နံနက်အချိန်ထကြသောအခါ ထိုကျွန်က၊ သခင့်ထံပြန်ပါရစေဟုလျှောက်လျှင်၊ 55 အမိနှင့်မောင်တို့က သူငယ်မသည် အနည်းဆုံးအားဖြင့် ဆယ်ရက်ခန့်ကျွန်ုပ်တို့နှင့်နေပါစေဦး။ ထိုနောက်သူလိုက်သွားပါလိမ့်မည်ဟု ဆိုကြသော်၊ 56 ထိုသူက ထာ၀ရဘုရားသည် ကျွန်တော့်ခရီးမှုကို အထမြောက်စေတော်မူပြီးဖြစ်၍၊ ကျွန်တော်ကိုမတားမြစ်ဘဲ သခင့်ထံပြန်သွားခွင့်ပြုကြပါလော့ဟု လျှောက်လေ၏။ 57 သူတို့က သူငယ်မကိုခေါ်၍ သူ့ကိုယ်တိုင်ကို မေးပါဦးမည်ဟုဆိုကြသည်နှင့်အညီ၊ 58 ရေဗက္ကကိုခေါ်ပြီးလျှင် ဤလူနှင့်အတူလိုက်တော့မည်လောဟု မေးကြသောအခါ ကျွန်မလိုက်ပါမည်ဟုပြန်ဆို၏။ 59 သို့ဖြစ်၍ နှမရေဗက္ကနှင့်အထိန်းကိုလည်းေကာင်း၊ အာဗြဟံ၏ကျွန်နှင့် ငယ်သားတို့ကိုလည်းေကာင်း၊ လွှတ်လိုက်ရာ 60 ငါတို့နှမ၊ သင်သည်လူအထောင်အသောင်းတို့အမိဖြစ်ပါစေသော။ သင့်အမျိုးအနွယ်သည် ရန်ဘက်ပြုသူတို့မြို့တံခါးများကို အပိုင်ရပါစေသောဟု ရေဗက္ကအားပြောဆို၍ ကောင်းကြီးပေးကြပြီးမှ၊ 61 ရေဗက္ကနှင့်အ​​ခြွေအရံတို့ထ၍ ကုလားအုပ်ကိုစီးလျက် ထိုလူနှင့်အတူလိုက်ကြ၏။ ထိုကျွန်လည်း၊ ရေဗက္ကကိုဆောင်သွားလေ၏။
62 ထိုအခါ ဣဇာက်သည်၊ နေဂပ်ခရိုင်၌တည်းနေ၍၊ 63 ဗေရလဟဲရောအရပ်မှလာရာ၊ ညနေအချိန်ကွင်းပြင်တွင် ဆင်ခြင်စဥ်းစားရန်ထွက်သွား၍ မျှော်ကြည့်လျှင် ကုလားအုပ်များလာသည်ကို မြင်လေ၏။ 64 ရေဗက္ကလည်းမျှော်ကြည့်၍ ဣဇာက်ကိုမြင်သောအခါ ကုလားအုပ်အပေါ်မှဆင်းပြီးလျှင်၊ 65 ကျွန်မတို့ကို ကြိုဆိုရန်ကွင်းပြင်၌လျှောက်လာသူကား မည်သူနည်းဟု ကျွန်အားမေးလေသော်၊ ထိုကျွန်က၊ ကျွန်တော့်သခင်တည်းဟုပြောဆိုရာ ရေဗက္ကသည် ပု၀ါနှင့်ဦးခေါင်းကိုလွှမ်းခြုံလေ၏။ 66 ကျွန်သည်ပြုခဲ့ရသမျှသောအကြောင်းကို ဣဇာက်အား ပြန်လျှောက်ပြီးမှ၊ 67 ဣဇာက်သည် အမိစာရာ၏တဲသို့ရေဗက္ကကို၀င်စေ၍ သမီးခင်ပွန်းဖြစ်ကြ၏။ မယားကိုချစ်မြတ်နိုးသဖြင့် အမိကိုလွမ်းဆွတ်ခြင်းမှ ပြေငြိမ်းလေ၏။