2
1-2 ဆယ့်လေးနှစ်ကြာပြီးနောက် ငါသည်တိတုကိုခေါ်လျက် ဗာနဗနှင့်အတူ ဗျာဒိတ်တော်ခံရသည့်အလျောက် ယေရုရှလင်မြို့သို့ပြန်သွား၍ ငါဆောင်ရွက်ဆဲမှု၊ ဆောင်ရွက်ခဲ့မှု၊ အကျိုးမဲ့ဖြစ် မဖြစ်သိခြင်းငှာ လူမျိုးခြားတို့အားကြားပြောသောသတင်းတော်ကို အကြီးအမှူးတို့ထံအသီးအခြားဖွင့်ပြခဲ့၏။ 3-5 သို့ရာတွင် ငါတို့ကိုကျွန်အဖြစ်ကျရောက်စေသောအကြံနှင့် ခရစ်တော်ယေရှုအားဖြင့် ငါတို့ရကြသောလွတ်ခွင့်ကိုချောင်းကြည့်လို၍ လျှို့တစ်ဝှက်ဝင်လာသော ညီအစ်ကိုယောင်ဆောင်သူတို့ အနော်အတာကို ခေတ္တမျှဝန်မခံ။ ငါ့အပေါင်းအပါဂရိတ်လူမျိုးတိတုကိုပင် လှီးဖြတ်ခြင်းမင်္ဂလာပေးရန် သဘောမတူချေ။ သို့မှ သတင်းတော်မြတ်သည် သင်တို့၌အစုံအလင်တည်ရ၏။ ဘုရားသခင်သည် လူတို့ကိုမျက်နှာမရွေးသည့်အလျောက် အကြီးအမှူးတို့မည်မျှလောက်ကျော်စောသည်ကို ငါအရေးမယူရသည်နှင့်၊ 7-9 ကွန်းတိုင်သဖွယ်အကြီးအမှူးဖြစ်သူ ယာကုပ်၊ ကေဖ၊ ယောဟန်တို့သည် အကြံအထူးမပေးကြ။ သို့ရာတွင်ပေတရုကို လှီးဖြတ်ခြင်းမင်္ဂလာခံသူတို့အဖို့ တမန်တော်ဖြစ်စေရန်ပြုပြင်သောအရှင်သည် ငါ့ကိုလည်းလူမျိုးခြားတို့အဖို့ပြုပြင်တော်မူသည့်အတိုင်း ပေတရုသို့လှီးဖြတ်ခြင်းမင်္ဂလာခံသူတို့အား သတင်းတော်မြတ်ကြားပြောခွင့်လွှဲအပ်သကဲ့သို့ ငါ့သို့ထိုမင်္ဂလာမခံသူတို့အား ကြားပြောခွင့်လွှဲအပ်တော်မူပြီဖြစ်ကြောင်းသိမြင်သည့်ပြင် ငါ့အားသနားတော်မူသောကျေးဇူးတော်ကိုလည်း သိမှတ်ကြသော် ငါတို့ကားလူမျိုးခြားတို့ထံသွား၍ သူတို့ကားလှီးဖြတ်ခြင်းမင်္ဂလာခံသူတို့ထံသွားရန် ရာထူးတူအမှတ်ဖြင့် ငါနှင့် ဗာနဗတို့အား ညာလက်ကမ်းလှမ်းကြပြီးလျှင်၊ 10 သူဆင်းရဲတို့ကို သတိရစေခြင်းငှာသာ တောင်းပန်ကြ၏။ ထိုသို့ဆောင်ရွက်ရန် ငါလည်းစိတ်စေတနာထက်သန်၏။
11 သို့ရာတွင်ကေဖသည် အန္တိအုတ်မြို့သို့ရောက်လာသော် အပြစ်ထင်ရှားပြီးဖြစ်သောကြောင့် မျက်နှာချင်းဆိုင်ငါခုခံ၏။ 12 အသို့ဆိုသော် ယာကုပ်ထံမှလူတို့မရောက်မီ လူမျိုးခြားတို့နှင့်အတူ သူစားသောက်လေ့ရှိလျက်ပင် ရောက်ကြပြီးမှ လှီးဖြတ်ခြင်းမင်္ဂလာခံသူတို့ကိုကြောက်ရွံ့သဖြင့် တွန့်ဆုတ်လျက်အသီးအခြားနေ၏။ 13 ကြွင်းသောယုဒလူမျိုးတို့လည်း အတူဟန်ဆောင်လျက် ဗာနဗပင်ပါသွား၏။ 14 ထိုသို့သတင်းတော်မြတ်အလိုက် စုံလင်စွာမလျောက်မလိုက်ကြကြောင်းငါသိမြင်သော် ရှိသမျှတို့ရှေ့ ကေဖအားငါဆိုသည်မှာ ယုဒလူမျိုးဖြစ်သောအချင်းသည် ယုဒလူမျိုးတို့ထုံးတမ်းမဟုတ်၊ လူမျိုးခြားတို့ထုံးတမ်းအတိုင်းနေထိုင်လျှင် လူမျိုးခြားတို့ကို ယုဒလူမျိုးတို့ထုံးတမ်းအတိုင်း အဘယ့်ကြောင့်လိုက်စေသနည်း။ 15-16 ပညတ်တရားအလိုက် အကျင့်အားဖြင့်လူသတ္တဝါတစ်ဦးမျှ ဖြောင့်မတ်ရာမရောက်နိုင်ဟူသော ကျမ်းချက်အရ ဇာတိအလျောက် လူမျိုးခြားအပြစ်သားများမဟုတ်၊ ယုဒလူမျိုးဖြစ်သောငါတို့သည် ပညတ်တရားအလိုက် အကျင့်အားဖြင့်မည်သူမျှဖြောင့်မတ်ရာမရောက်။ ခရစ်တော်ယေရှုကို ယုံကြည်ခြင်းကြောင့်သာရောက်ကြောင်းသိကြသဖြင့် ငါတို့ပင်ပညတ်တရားအလိုက် အကျင့်အားဖြင့်မဟုတ်၊ ခရစ်တော်ကိုယုံကြည်ခြင်းဖြင့် ဖြောင့်မတ်ရာရောက်ရန် ခရစ်တော်ယေရှုကိုယုံကြည်ကြသည်ဟူ၍တည်း။ 17 ငါတို့ပင် ခရစ်တော်အားဖြင့် ဖြောင့်မတ်ရာရောက်ခွင့်ကိုရှာကြံစဉ် အပြစ်သားများဖြစ်ကြောင်း ထင်ရှားလျှင် ခရစ်တော်သည်အပြစ်တရား၏အမှုဆောင်ဖြစ်သလော။ ထိုသို့မဖြစ်စေရာ။ 18 ငါဖြိုဖျက်ပြီးသောတရားကို ငါတည်ဆောက်ပြန်လျင်မူကား အပြစ်ကျူးလွန်သူငါဖြစ်ကြောင်း ထင်ရှားခဲ့လေပြီ။ 19 မုချဆိုသော် ဘုရားသခင့်အဖို့အသက်ရှင်လျက်နေခြင်းငှာ ပညတ်တရားကြောင့် တရားအရာ၌ငါသေပြီ။ 20 ခရစ်တော်နှင့်အတူကားတင်ခံပြီးဖြစ်လျက် ငါ့ကိုယ်တိုင်အသက်ရှင်တော့မည်မဟုတ်။ ငါ၌ခရစ်တော်ရှင် နေတော်မူ၏။ ရုပ်ခန္ဓာ၌ယခုငါရှင်သည်မှာ ငါ့အားချစ်၍ ငါ့အတွက်ကိုယ်ကိုစွန့်တော်မူသော ဘုရားသခင့်သားတော်ကို ယုံကြည်ခြင်းကြောင့်ရှင်၏။ 21 ငါသည် ဘုရားသခင့်ကျေးဇူးတော်ကို ပယ်ဖျက်သည်မဟုတ်။ အကယ်၍ပညတ်တရားကြောင့် ဖြောင့်မတ်ရာရောက်ခွင့်ရလျှင် ခရစ်တော်သည် အကြောင်းမဲ့အသေခံတော်မူလေပြီ။