ဂလာတိဩဝါဒကျမ်း
1
လူတို့ထံမှမဟုတ်၊ လူဖြင့်မဟုတ်၊ ယေရှုခရစ်ဖြင့်လည်းကောင်း၊ ကိုယ်တော်ကို သူသေတို့အထဲမှ ရှင်ပြန်ထမြောက်စေတော်မူသော ခမည်းတော်ဘုရားသခင်ဖြင့်လည်းကောင်း၊ တမန်တော်ဖြစ်သောငါပေါလုမှစ၍ အတူရှိနေသူညီအစ်ကိုအပေါင်းတို့က ဂလာတိပြည်ရှိ အသင်းတော်တို့ထံ ရေးလိုက်သည်မှာ၊ 3-4 ငါတို့အဘဘုရားသခင့်အထံတော်မှလည်းကောင်း၊ ငါတို့အဘဘုရားသခင့်အလိုတော်အတိုင်း ဆိုးသွမ်းသော ပစ္စက္ခကာလမှငါတို့ကိုကယ်နှုတ်ရန် ငါတို့အပြစ်ဒုစရိုက်များအတွက် ကိုယ်ကိုစွန့်တော်မူသော အရှင်ယေရှုခရစ်အထံတော်မှလည်းကောင်း၊ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌တည်ရှိပါစေသော။ ထိုဘုရားသခင်သည် ကမ္ဘာအဆက်ဆက်ဘုန်းတော်ကြီးပါစေသတည်း။ အာမင်။
ခရစ်တော်၏ကျေးဇူးတော်၌ သင်တို့ကိုခေါ်ထားတော်မူသောအရှင့်ထံမှ အခြားသတင်းဘက်သို့ ဤမျှလောက်လျင်မြန်စွာပြောင်းလျက်နေကြသည်ကို ငါအံ့သြ၏။ တစ်ပါးသတင်းတော်မဟုတ်သော်လည်း သင်တို့စိတ်ကိုမွှေနှောက်၍ ခရစ်တော်၏သတင်းတော်မြတ်ကို မှောက်လှန်လိုသူ ဆရာများရှိသေးစွတကား။ အကယ်၍ငါတို့ဖြစ်စေ၊ ကောင်းကင်ကစေတမန်တော်ဖြစ်စေ ငါတို့ကြားပြောရင်းသတင်းတော်မြတ်နှင့် ဆန့်ကျင်သောသတင်းကိုကြားပြောလျှင် အမင်္ဂလာခံစေ။ ယမန်ငါတို့ဆိုခဲ့သည့်အတိုင်း ယခုငါပြန်ဆိုသည်ကား၊ မည်သူမဆို သင်တို့ခံယူရင်းသတင်းတော်နှင့် ဆန့်ကျင်သောသတင်းကိုကြားပြောလျှင် အမင်္ဂလာခံစေ။
10 ယခုအခါငါသည် လူတို့စိတ်နှင့်တွေ့လို၍ဖျောင်းဖျသလော၊ ဘုရားသခင်ကိုဖျောင်းဖျသလော၊ ယခုတိုင် လူတို့စိတ်နှင့်တွေ့အောင်ပြုနေလျှင် ခရစ်တော်၏ကျွန်မဟုတ်ဖြစ်လေပြီ။ 11 ညီအစ်ကိုတို့၊ သင်တို့အားငါကြားပြောခဲ့သောသတင်းတော်မြတ်သည် လူ့သတင်းမဟုတ်ကြောင်း ငါဖော်ပြသည်မှာ၊ 12 လူ့နည်း လူ့နိဿယျကိုခံသည်မဟုတ်။ ယေရှုခရစ်ဖွင့်ပြတော်မူခြင်းဖြင့်သာ ရခဲ့သတည်း။ 13 ငါသည်အထက်က ယုဒဘာသာ၌ရှိနေစဉ် မည်သို့ကျင့်ကြံပြုမူခဲ့ကြောင်းကိုလည်းကောင်း၊ ဘုရားသခင်၏ အသင်းတော်ကို အတိုင်းထက်ညှဥ်းပန်းဖျက်ဆီးခဲ့ကြောင်းကိုလည်းကောင်း၊ 14 မိရိုးဖလာထုံးနည်းများကို လိုက်နာရန်စိတ်စေတနာထက်သန်လျက် လူမျိုးချင်းတို့ဘောင်တွင် သက်တူရွယ်မျှအများတို့ထက် ယုဒဘာသာ၌အားတက်ခဲ့ကြောင်းကိုလည်းကောင်း၊ 15-16 သင်တို့ကြားဖူးကြပြီ။ သို့ရာတွင် ဝမ်းတွင်းကပင် ငါ့ကိုသန့်ခြားလျက် ကျေးဇူးတော်အားဖြင့်ခေါ်ထားမူသောအရှင်သည် လူမျိုးခြားတို့အားကြားပြောစေရန် သားတော်ကိုငါ၌ အလိုတော်အတိုင်းထင်ရှားစေတော်မူသော်၊ 17 ငါသည် အသွေးအသားဖြစ်သူတို့နှင့်မတိုင်ပင်၊ ငါ့အရင်တမန်တော်ဖြစ်သူတို့ရှိရာ ယေရုရှလင်မြို့သို့လည်းမသွားဘဲ အာရပ်ပြည်သို့ရုတ်ခြင်းသွားပြီးနောက် ဒမာသက်မြို့သို့တစ်ဖန်ပြန်လာ၏။
18 သုံးနှစ်ကြာပြီးနောက် ငါသည်ကေဖနှင့်ကျွမ်းဝင်ရန် ယေရုရှလင်မြို့သို့သွား၍ ဆယ့်ငါးရက်အတူနေထိုင်ရာ၊ 19 အရှင်ဘုရား၏ညီတော်ယာကုပ်မှတစ်ပါး အခြားတမန်တော်မည်သူ့ကိုမျှမတွေ့ချေ။ 20 ဤအကြောင်းအရာများကို မုသားသုံး၍ရေးသည်မဟုတ်ကြောင်း ဘုရားသခင့်ရှေ့တော်၌ငါဆို၏။ 21 ထိုနောက်ငါသည် ရှုရိနှင့်ကိလိကိပြည်သို့သွားသောအခါ၊ 22 ခရစ်တော်၌တည်နေသော ယုဒပြည်ရှိအသင်းတော်တို့တွင်၊ 23 ငါသူစိမ်းဖြစ်သေးစဉ် ညှဉ်းပန်းဖူးသူသည်၊ 24 ဖျက်ဆီးခဲ့သောယုံကြည်ခြင်းတရားကို ဟောပြောလျက်နေကြောင်း၊ သတင်းကြားရုံရှိသမျှဖြင့် ငါ့ကြောင့်ဘုရားသခင့်ဘုန်းတော်ကို ချီးမွမ်းကြကုန်၏။