7
ထာဝရဘုရားကလည်း ကြည့်လော့၊ သင့်ကိုဖာရောမင်း၏ဘုရားအရာ၌ ငါခန့်ထား၍၊ သင့်အစ်ကိုအာရုန်လည်း သင်၏ပရောဖက်ဖြစ်ရလိမ့်မည်။ ငါမိန့်မှာသမျှကို သင်ပြန်ကြားရမည်။ ဖာရောမင်းသည် ဣသရေလအမျိုးသားတို့ကို ကိုယ့်ပြည်မှလွှတ်ရန် သင့်အစ်ကိုအာရုန်လျှောက်ထားရမည်။ ငါလည်း ဖာရောမင်း၏စိတ်နှလုံးကိုခဲယဉ်းစေ၍ အိဂျစ်ပြည်တွင် ငါ့သက်သေနိမိတ်လက္ခဏာများကို တိုးပွားစေမည်။ သို့ရာတွင် ဖာရောမင်းသည် သင်တို့စကားကိုနားမထောင်သည်နှင့် အိဂျစ်ပြည်ပေါ်မှာ ငါလက်တော်မိုး၍ မဟာဒဏ်များစီရင်ခြင်းဖြင့် ငါ့ဗိုလ်ခြေ၊ ငါ့လူမျိုးတော်ဣသရေလအမျိုးသားတို့ကို အိဂျစ်ပြည်မှထုတ်ဆောင်မည်။ အိဂျစ်ပြည်ပေါ်တွင် ငါလက်တော်ဆန့်၍ ဣသရေလအမျိုးသားတို့ကို ထိုပြည်သူတို့ဘောင်မှ ထုတ်ဆောင်သောအခါ ငါထာဝရဘုရားဖြစ်ကြောင်း အိဂျစ်လူတို့သိရကြလတ္တံ့ဟု မောရှေအားမိန့်တော်မူလျှင်၊ မောရှေနှင့်အာရုန်တို့သည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်းပြုကြ၏။ ဖာရောမင်းထံလျှောက်ထားကြသောအခါ မောရှေအသက်ရှစ်ဆယ်၊ အာရုန့်အသက်ရှစ်ဆယ့်သုံးနှစ်ရှိ၏။
တစ်ဖန်မောရှေနှင့် အာရုန်တို့အား ထာဝရဘုရားမိန့်တော်မူသည်မှာ၊ တစ်စုံတစ်ရာသောသက်သေနိမိတ်ကိုပြကြလော့ဟု ဖာရောမင်းဆိုလျှင် တောင်ဝေးကိုမြွေဖြစ်အံ့သောငှါ ကိုင်ယူ၍ ရှေ့တော်တွင်ချစေရန် အာရုန်အားကြားပြောလော့ဟု မိန့်တော်မူ၏။ 10 မောရှေနှင့်အာရုန်တို့သည် ဖာရောမင်းထံဝင်ပြီးလျှင် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ပြုကြသဖြင့် အာရုန်သည် ဖာရောမင်းနှင့်တကွ ကျေးကျွန်သင်းပင်းတို့ရှေ့တွင်တောင်ဝေးကိုချရာ မြွေဖြစ်လေ၏။ 11 ဖာရောမင်းလည်း ပညာသည်နှင့်မှော်ဆရာများကိုခေါ်၍ အိဂျစ်လူမျိုးထိုဗေဒင်တတ်ဝိဇ္ဇာဆရာတို့သည် ဝိဇ္ဇာအတတ်အားဖြင့် ထိုနည်းတူပြု၍၊ 12 အသီးအသီးတို့ တောင်ဝေးကိုချသဖြင့်မြွေဖြစ်ရာ ထိုသူတို့တောင်ဝေးများကို အာရုန့်တောင်ဝေးမျိုလေ၏။ 13 ထာဝရဘုရားမိန့်တော်မူခဲ့သည့်အတိုင်း ဖာရောမင်းသည် စိတ်နှလုံးခဲယဉ်း၍ သူတို့စကားကိုနားမထောင်ဘဲနေလေ၏။
14 ထာဝရဘုရားကလည်း ဖာရောမင်းသည် စိတ်နှလုံးခက်မာသဖြင့် ထိုလူမျိုးကိုမလွှတ်လိုငြင်းဆို၏။ 15 နံနက်အချိန်ရေဆိပ်သို့ ထွက်သွားမည့်ထိုဖာရောမင်းနှင့်တွေ့ရန် မြွေဖြစ်ခဲ့သောတောင်ဝေးကို ကိုင်စွဲလျက် မြစ်ကမ်းခြေတွင် ရပ်တန့်စောင့်ကြိုလော့။ 16 ဟေဗြဲလူမျိုး၏ ဘုရားသခင်ထာဝရဘုရားသည် ငါ့လူမျိုးကိုတော၌ငါ့အားဝတ်ပြုရန် လွှတ်လော့ဟူသောအမိန့်တော်နှင့် ကျွန်တော်ကိုကိုယ်တော့်ထံစေလွှတ်တော်မူသော်လည်း ယခုတိုင် ကိုယ်တော်နားမထောင်ဘဲ နေပါသည်တကား။ 17 ငါထာဝရဘုရားဖြစ်ကြောင်း သင်သိရမည်ဟု ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း၊ ကျွန်တော်ကိုင်သောတောင်ဝေးဖြင့် မြစ်​ရေကိုရိုက်၍ ထိုရေသည်သွေးဖြစ်လိမ့်မည်။ 18 မြစ်၌ရှိသောငါးများသေလျက် မြစ်ရေနံစော်သောကြောင့် အိဂျစ်လူတို့သည် ထိုမြစ်မှရေမချိုးရ၊ ပင်ပန်းကြမည့်အကြောင်း ဆင့်ဆိုလော့ဟု မောရှေအားမိန့်တော်မူ၏။ 19 ထာဝရဘုရားကလည်း ရေသွေးဖြစ်အံ့သောငှါ တောင်ဝေးကိုကိုင်ယူ၍ အိဂျစ်ပြည်ရှိမြစ်ချောင်း၊ တူးမြောင်း၊ အင်းအိုင်၊ ကန်ရေရှိသမျှအပေါ်မှာ လက်ဆန့်စေရန် အာရုန်အားကြားပြောလော့။ အိဂျစ်ပြည်လုံးတွင် သစ်ခွက်ကျောက်ခွက်၌မျှမကင်း၊ သွေးအတိရှိလိမ့်မည်ဟု မောရှေအားမိန့်တော်မူသည့် အတိုင်း၊ 20 မောရှေနှင့် အာရုန်တို့ပြု၍ ဖာရောမင်းနှင့်တကွ ကျေးကျွန်သင်းပင်းတို့ရှေ့တွင် တောင်ဝေးကိုမြှောက်ချီလျက် မြစ်ရေကိုရိုက်သဖြင့် ရေရှိသမျှသွေးဖြစ်လေ၏။ 21 မြစ်ရှိငါးများသေလျက် မြစ်ရေနံစော်သောကြောင့် အိဂျစ်လူတို့သည် မြစ်ရေကိုမသောက်နိုင်။ အိဂျစ်တစ်ပြည်လုံး သွေးနှံ့ပျံ့ကုန်၏။ 22 အိဂျစ်လူမျိုးဗေဒင်တတ် ဝိဇ္ဇာဆရာတို့လည်း ဝိဇ္ဇာအတတ်အားဖြင့် ထိုနည်းတူပြုကြသည်နှင့် ထာဝရဘုရားမိန့်တော်မူခဲ့သည့်အတိုင်း ဖာရောမင်းသည် စိတ်နှလုံးခဲယဉ်း၍ သူတို့စကားကိုနားမထောင်ဘဲ၊ 23 နန်းတော်သို့လှည့်ဝင်လျက် ထိုအမှုကိုလည်း နှလုံးမသွင်းနေ၏။ 24 ထိုအခါ အိဂျစ်ပြည်သူပြည်သားတို့သည် မြစ်ရေကိုမသောက်နိုင်သောကြောင့် သောက်ရေအလို့ငှါ မြစ်အနီးဝဲယာတွင်းတူးကြကုန်၏။ 25 ထာဝရဘုရား ထိုသို့ဒဏ်ခတ်တော်မူပြီးလျှင် ခုနစ်ရက်ကုန်လွန်လေ၏။