5
ထိုနောက် မောရှေနှင့်အာရုန်တို့သည် ဖာရောမင်းထံဝင်ပြီးလျှင် ဣသရေလလူမျိုး၏ ဘုရားသခင်ထာဝရဘုရားက၊ ငါ့လူမျိုးကိုတော၌ငါ့ရှေ့ပူဇော်ပွဲကျင်းပရန်လွှတ်စေဟု မိန့်တော်မူကြောင်း လျှောက်ကြသော်၊ ဖာရောမင်းက၊ ထာဝရဘုရား၏အမိန့်သံကိုနာခံ၍ ဣသရေလလူမျိုးကို ငါလွှတ်စေရန် ထိုဘုရားကားအသူနည်း။ ထာဝရဘုရားကိုငါမသိ၊ ဣသရေလလူမျိုးကိုလည်း ငါမလွှတ်ဟုဆိုလေ၏။ ဟေဗြဲလူမျိုး၏ဘုရားသခင်သည် ကျွန်တော်တို့နှင့် တွေ့ကြုံတော်မူပြီ။ ကျွန်တော်တို့ဘုရားသခင်ထာဝရဘုရားထံပူဇော်ရန် တောသို့သုံးရက်ခရီးသွားခွင့်ပြုတော်မူပါ။ မပြုက၊ ကပ်ရောဂါဘေးသော်လည်းေကာင်း၊ ဓားဘေးသော်လည်းေကာင်း၊ ကျွန်တော်တို့အားသင့်စေတော်မူပါလိမ့်မည်ဟု လျှောက်ကြပြန်ရာ၊ အိဂျစ်ဘုရင်က၊ မောရှေနှင့်အာရုန်၊ သင်တို့သည်ထိုလူများကို အလုပ်မှအဘယ်ကြောင့် လွတ်လပ်စေကြသနည်း။ လုပ်ငန်းသို့ပြန်သွားကြဟု အမိန့်ရှိ၏။ တစ်ဖန်တုံ၊ ပြည်နေဖြစ်သူထိုလူမျိုးသည် ယခုများပြားကြ၏။ လုပ်ငန်းမှသင်တို့နားနေစေကြသည်တကားဟု ဖာရောမင်းဆို၍၊ ထိုနေ့ချင်းတွင် ၎င်းလူမျိုးအပေါ်၌ အုပ်ချုပ်ကြပ်ဆော်သူတို့အား၊ အုတ်လုပ်စေရန်ကောက်ရိုးကို ထိုလူတို့အား ယမန်ကဲ့သို့နောင်မပေးရ။ ကိုယ့်အဖို့သွား၍ ကောက်ရိုးရှာယူကြစေ။ ယမန်လုပ်ခဲ့သောအုတ်အရေအတွက်အလုပ်ဝန်ကို ချင်းတို့အပေါ်သို့တင်ရမည်။ အလျှင်းမလျော့စေရ။ သူတို့ပျင်းရိသောကြောင့် ငါတို့ဘုရားသခင်ထံပူဇော်ရန် သွားကြကုန်အံ့ဟု ကြွေးကြော်တတ်ကြ၏။ အလုပ်တွင်စေရန် လုပ်ငန်းဝန်ကိုထိုသူတို့၌လေးကြစေ။ လှည့်ဖြားသောစကားကို ပမာဏမပြုကြစေနှင့်ဟု အမိန့်ရှိ၏။ 10 ထိုလူမျိုးအပေါ်၌ အုပ်ချုပ်ကြပ်ဆော်သူတို့သည် ထွက်၍၊ ကောက်ရိုးကိုငါမပေး။ 11 တွေ့နိုင်ရာအရပ်မှ ကိုယ့်အဖို့သွား၍ရှာယူကြစေ။ အလုပ်ကိုလည်း အလျှင်းမလျော့စေရဟု ဖာရောမင်းအမိန့်ရှိကြောင်း ပြန်ကြားသည်နှင့်အညီ၊ 12 ထိုသူတို့သည် ကောက်ရိုးအဖြစ်ကောက်ငုပ်ကိုယူခြင်းငှါ အိဂျစ်ပြည်လုံးနှံ့တကွဲတပြားရှာရကြ၏။ 13 အအုပ်အချုပ်တို့ကလည်း ကောက်ရိုးရသည့်အခါက နေ့စဉ်လုပ်ခဲ့သည့်အတိုင်းပြီးစီးကြစေဟု အသော့ခိုင်းကြ၏။ 14 ဖာရောမင်း၏ အအုပ်အချုပ်တို့ခန့်ထားသော ဣသရေလအမျိုးသား အကြပ်အဆော်တို့အား၊ သင်တို့သည်အထက်က အုတ်လုပ်ခဲ့သည့်အတိုင်း ယမန်နေ့နှင့်ယနေ့လုပ်ငန်းဝန်တာကို အဘယ်ကြောင့် မပြီးစီးကြသနည်းဟုဆို၍ ရိုက်နှက်ကြ၏။ 15 ထိုအခါ ဣသရေလအမျိုးသား အကြပ်အဆော်တို့သည် ဖာရောမင်းထံဝင်၍၊ အဘယ်ကြောင့်ကျွန်တော်မျိုးတို့ကို ဤသို့စီရင်တော်မူပါသနည်း။ 16 ကျွန်တော်မျိုးတို့အား ကောက်ရိုးကိုမပေးဘဲလျက် အုတ်လုပ်ကြစေဟုဆို၍ ရိုက်နှက်ကြပါသည်။ ကိုယ်တော့်လူတို့၌သာ အပြစ်ရှိပါသည်ဟု ဟစ်ကြလျှင်၊ 17 သင်တို့ပျင်းရိသောကြောင့် ထာဝရဘုရားထံပူဇော်ရန် သွားကြအံ့ဟုဆိုတတ်ကြ၏။ 18 သို့ဖြစ်၍ သွားကြ၊ လုပ်ကြ၊ ကောက်ရိုးကိုငါမပေး။ အုတ်အရေအတွက်ပေးမြဲပေးကြစေဟု အမိန့်ရှိ၏။ 19 ထိုသို့နေ့စဉ်လုပ်ရသောအုတ်ကို အလျှင်းမလျော့စေရဟု ဆင့်ဆိုရမည့်အတွက် ဣသရေလအမျိုးသားအကြပ်အဆော်တို့သည် ဘေးဆိုးရောက်ကြောင်းသိမြင်ကြ၏။ 20 ဖာရောမင်းထံမှထွက်လာကြရာ ရပ်တန့်စောင့်ကြိုသောမောရှေနှင့်အာရုန်တို့ကိုတွေ့လျှင်၊ 21 ဖာရောမင်းနှင့်ကျေးကျွန်သင်းပင်းတို့လက်တွင် ဓားဘေးသင့်စေရန်၊ ကျွန်တော်တို့၏ဂုဏ်သတင်း ညို့ပုပ်စက်ဆုပ်စေကြသောသင်တို့ကို ထာဝရဘုရားရှုကြည့်စီရင်တော်မူပါစေသောဟု ဆိုကြ၏။ 22 မောရှေလည်း ထာဝရဘုရားအထံတော်သို့ပြန်သွား၍ အရှင်ဘုရား၊ ဤလူမျိုးကိုအဘယ်ကြောင့် မကောင်းစီရင်တော်မူပါသနည်း။ အကျွန်ုပ်ကိုလည်း အဘယ်ကြောင့်စေလွှတ်တော်မူပါသနည်း။ 23 နာမတော်နှင့်ဟောပြောခြင်းငှာ ဖာရောမင်းထံ အကျွန်ုပ်ဝင်ရောက်ကတည်းက ထိုမင်းသည် ဤလူမျိုးကိုမကောင်းပြုလေစွ။ ကိုယ်တော်လည်း လူမျိုးတော်ကိုအလျှင်းကယ်လွှတ်တော်မမူပါဟု လျှောက်လျှင်၊