39
သန့်ရှင်းရာဌာန၌ အမှုတော်ဆောင်ရွက်စေခြင်းငှါ ဖွတ်မြီးထိုးအဝတ်ကိုလည်းကောင်း၊ အာရုန်ဝတ်ရုံရန် သန့်ရှင်းသောသင်္ကန်းစုံကိုလည်းကောင်း၊ မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း အပြာအမောင်းအနီချည်များနှင့် ရက်လုပ်လေ၏။
မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်းလည်း၊ ပိုးလျှော်မှစ၍ အပြာအမောင်းအနီချည်များနှင့် ကိုယ်ဝတ်ကိုလုပ်ရာ၊ ပိုးလျှော်မှစသောအပြာအမောင်းအနီချည်များနှင့်တကွ၊ လက်မြောက်သူ့အတတ်ဖြင့် ရက်လုပ်နိုင်ရန် ရွှေကိုခတ်၍ နန်းချည်ဆွဲလေ၏။ အနားနှစ်ဘက်တွယ်ကပ်လျက်ရှိသော ပခုံးသိုင်းကြိုးနှစ်ပင်ကို ရက်လုပ်လေ၏။ ကိုယ်ဝတ်ရင်စည်းကိုလည်း အပြာအမောင်းအနီချည်မှစ၍ ရွှေချည်၊ ပိုးလျှော်များနှင့် တစ်ဆက်တည်းအဆင်တူလုပ်၏။
6-7 မောရှေအား ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း တံဆိပ်ပေါ်မှာရေးတင်သကဲ့သို့ ဣသရေလ၏သားတို့အမည်များပါလျက် ရွှေပန်းထည်၌ထည့်သော မဟူရာကျောက်နှစ်လုံးကိုသွေးပြီးလျှင် ဣသရေလအမျိုးသားတို့ အထိမ်းအမှတ်ကျောက်မျက်ဖြစ်စေခြင်းငှါ ကိုယ်ဝတ်ပခုံးသိုင်း၌တပ်ထားလေ၏။
မောရှေအား ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း အပြာအမောင်းအနီချည်မှစ၍ ရွှေချည်၊ ပိုးလျှော်များနှင့် လက်မြောက်သူ့အတတ်ဖြင့် ကိုယ်ဝတ်အဆင်တူ ရင်လွှမ်းကိုရက်လုပ်၏။ နှစ်ထပ်လုပ်သည့်အတိုင်း နှစ်ထပ်ရင်လွှမ်းသည် အလျားတစ်ထွာ၊ အနံတစ်ထွာ၊ စတုရန်းဖြစ်၏။ 10 ထိုရင်လွှမ်း၌ ကျောက်မျက်လေးတန်းချယ်စီ၍ ပထမအတန်းကား ပတ္တမြား၊ 11 ဥဿဘယား၊ မြ။ ဒုတိယအတန်းကား ဆီး၊ 12 ကျောက်ပြာ၊ ကြောင်၊ တတိယအတန်းကား နီလာ၊ 13 မဟူရာအနက်၊ ဂေါ်မုတ်။ စတုတ္ထအတန်းကား မျက်ရွဲ၊ မဟူရာ၊ နဂါးသွဲ့များကို အသီးအသီးဆိုင်ရာရွှေကျောက်အိုးထဲ၌ ထည့်သွင်းလေ၏။ 14 တံဆိပ်ပေါ်မှာ ရေးတင်သကဲ့သို့ ဣသရေလ၏သားတို့အမည်အလိုက် ထိုကျောက်မျက်များတွင် ရေးတင်၍ အသီးအသီးအမည်အလျောက် ဆယ့်နှစ်နွယ်အမှတ်အဖြစ် ဆယ့်နှစ်လုံးရှိသတည်း။ 15-17 ရင်လွှမ်း၌ရွှေစင်နန်းကြိုးလိမ်နှစ်ပင်၊ ရွှေပန်းထည်နှစ်ခုနှင့် ရွှေနှစ်ကွင်းကိုလုပ်ပြီးမှ၊ ရင်လွှမ်းနှစ်စွန်း၌ ထိုနှစ်ကွင်းကိုလည်းကောင်း၊ ထိုနှစ်ကွင်း၌ ရွှေနန်းကြိုးလိမ်နှစ်ပင်ကိုလည်းကောင်း၊ တပ်ထားလျက်၊ 18 နန်းကြိုးလိမ်နှစ်ပင်အဖျားကို လုပ်ပြီးပန်းထည်နှစ်ခုတွင် သွင်းတပ်ပြီးလျှင် ကိုယ်ဝတ်ပခုံးသိုင်းရှေ့မှာ တပ်ထား၏။ 19 အခြားရွှေနှစ်ကွင်းကိုလုပ်၍ ကိုယ်ဝတ်ထိရင်လွှမ်း အတွင်းနားနှစ်စွန်း၌တပ်၏။ 20 အခြားရွှေနှစ်ကွင်းကိုလည်းလုပ်၍ ကိုယ်ဝတ်ပခုံးသိုင်းအောက်နှစ်စွန်းရှေ့၌ တွယ်ရာအနီး၊ ကိုယ်ဝတ်ရင်စည်းအထက်တွင်တပ်၏။ 21 ရင်လွှမ်းကို ကိုယ်ဝတ်ရင်စည်းအပေါ်၌တင်လျက် ကိုယ်ဝတ်မှမကွာစေရန် ရင်လွှမ်းကွင်းနှင့်ကိုယ်ဝတ်ကွင်းများကို ကြိုးပြာဖြင့်ချည်ထား၏။
22 မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ကိုယ်ဝတ်ဆိုင်ရာဝတ်လုံကို အပြာချည်သက်သက်နှင့် ရက်လုပ်ပြီးလျှင်၊ 23 ဝတ်လုံ၌လည်စွပ်ပေါက်ပါသည်နှင့် မစုတ်စေခြင်းငှါ သင်တိုင်းလည်ခွံကဲ့သို့ကွပ်လေ၏။ 24 ဝတ်လုံအမြိတ်၌ ပိုးလျှော်မှစ၍ အပြာအမောင်းအနီချည်များနှင့် သလဲသီးပုံများကိုထိုးလုပ်ပြီးလျှင်၊ 25 ရွှေစင်ချူများကိုလည်းလုပ်၍ ဝတ်လုံပတ်လည်အမြိတ်၊ သလဲသီးပုံများကြားတွင် ဆွဲထားသည်နှင့်အညီ၊ 26 အမှုတော်ကိုဆောင်ရွက်ရန် ဝတ်ရုံသောဝတ်လုံပတ်လည်အမြိတ်၌ သလဲသီးပုံနှင့်ချူတစ်လုံးကြားစီရှိ၏။
27 မောရှေအား ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း အာရုန်နှင့်သားတို့အဖို့ လျော်ချည်လက်ကျပ်ဝတ်လုံများကိုလည်းကောင်း၊ လျှော်ချည်ဗောင်းကိုလည်းကောင်း၊ 28 တင့်တယ်သောလျှော်ချည်ဦးရစ်များကိုလည်းကောင်း၊ ပိုးလျှော်ပေါင်းဘီများကိုလည်းကောင်း၊ 29 ပိုးလျှော်မှစ၍ အပြာအမောင်းအနီချည်များနှင့် ပန်းထိုးသောခါးပန်းကိုလည်းကောင်း ရက်လုပ်လေ၏။
30-31 မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း၊ သန့်ရှင်းသော ရွှေစင်သင်းကျစ်ကိုလုပ်ပြီးလျှင် တံဆိပ်ပေါ်မှာရေးတင်သကဲ့သို့ ထာဝရဘုရားအဖို့ သီးသန့်ထားပြီဟူသော ကမ္ပည်းကိုရေးတင်၍ ဗောင်းထက်တွင်ကပ်ရန် ကြိုးပြာကိုတပ်ထားလေ၏။
32 ထိုသို့၊ မောရှေအား ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ဣသရေလအမျိုးသားတို့ပြုလျက် တွေ့ဆုံ၍ စံတော်မူရာတဲတော်အလုပ်အဆောင်ရှိသမျှကို ပြီးစီးကြ၏။
33 ထိုအခါ သူတို့သည် စံရာတော်နှင့်တဲတော်မှစ၍ ချိတ်၊ ဘောင်ခွေ၊ ကန့်လန့်ကျင်၊ တိုင်၊ အောက်ခံခုံအစရှိသော ကိရိယာတန်ဆာရှိသမျှကိုလည်းကောင်း၊ 34 အနီဆိုးသောသိုးရေအမိုး၊ ဖျံရေအမိုး၊ ကာရန်ကန့်လန့်ကာများကိုလည်းကောင်း၊ 35 သက်သေတော်သေတ္တာ၊ ထမ်းပိုးများနှင့် အပြစ်ဖြေရာပလ္လင်တော်ကိုလည်းကောင်း၊ 36 စားပွဲတော်၊ ကိရိယာတန်ဆာရှိသမျှနှင့် ရှေ့တော်တင်မုန့်ကိုလည်းကောင်း၊ 37 ရွှေစင်မီးခုံတော်၊ ခင်းကျင်းရန် မီးခွက်မှစ၍ ကိရိယာတန်ဆာရှိသမျှနှင့် မီးပူဇော်ရန်ဆီကိုလည်းကောင်း၊ 38 ပူဇော်ရာပလ္လင်တော်၊ ဘိသိက်သွန်းရန်ဆီ၊ တင်ရှို့ရန်အသင်းအထုံ၊ တဲတော်မုတ်ဝပိတ်ရန် ကန့်လန့်ကာများကိုလည်းကောင်း၊ 39 ပူဇော်ရာကြေးပလ္လင်တော်မှစ၍ ကြေးရာဇမတ်၊ ထမ်းပိုး၊ အသုံးအဆောင်ရှိသမျှ အင်တုံနှင့်အောက်ခြေများကိုလည်းကောင်း၊ 40 တံတိုင်းတင်းတိမ်ရံနှင့် ဆိုင်ရာတိုင်၊ အောက်ခံခုံ၊ တံတိုင်းတံခါးဖြစ်ရန်ကန့်လန့်ကာ၊ ကြိုး၊ ကြက်ဆူး၊ စံရာတော်နှင့်တွေ့ဆုံရာတဲတော်မှုရေးအဖို့ အသုံးအဆောင်တော်ရှိသမျှကိုလည်းကောင်း၊ 41 သန့်ရှင်းရာဌာန၌အမှုတော်ဆောင်ရွက်ရန် ဖွတ်မြီးထိုးအဝတ်၊ ပရောဟိတ်အဖြစ် ဆောင်ရွက်ကြစေရန် ပရောဟိတ်အာရုန့်အဖို့ သန့်ရှင်းသောသင်္ကန်းစုံနှင့် သားတို့သင်္ကန်းကိုလည်းကောင်း၊ မောရှေ့ထံဆောင်သွင်းကြ၏။ 42 မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်းပင် ဣသရေလအမျိုးသားတို့သည် အလုပ်အဆောင်ရှိသမျှကို လက်စသတ်ကြပြီးမှ၊ 43 မောရှေသည် ထိုအလုပ်အဆောင်ရှိသမျှကို ကြည့်ရှုလျှင် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း လုပ်ဆောင်ကြသည်ကိုသိမြင်၍ ထိုသူတို့အားကောင်းကြီးပေးလေ၏။