38
အမြင့်သုံးတောင်၊ အလျားငါးတောင်၊ အနံငါးတောင်၊ စတုရန်းဖြစ်သော မီးရှို့ပူဇော်ရာပလ္လင်တော်ကို ရှားသားနှင့်လုပ်လေ၏။ ပလ္လင်တော်လေးထောင့်အပေါ်တွင် စိန်တောင်များကို တစ်ဆက်တည်းလုပ်၍ ကြေးနှင့်ဖုံးအုပ်လေ၏။ အိုး၊ ကော်ပြား၊ အင်တုံ၊ ခက်ရင်း၊ မီးကျီးခံအစရှိသော ပလ္လင်တော်ဆိုင်ရာအသုံးအဆောင်ရှိသမျှကို ကြေးနှင့်လုပ်လေ၏။ ပလ္လင်တော်ခါးဆင့်အောက် အလယ်ထိမီသော ကြေးရာဇမတ်ကိုလုပ်လေ၏။ ကြေးရာဇမတ်ထောင့်လေးထောင့်အပေါ်မှာ ထမ်းပိုးပေါက်ဖြစ်စေခြင်းငှါ ကွင်းလေးကွင်းကိုသွန်းလုပ်ပြီးလျှင်၊ ရှားသားထမ်းပိုးများကိုလုပ်၍ ကြေးနှင့်ဖုံးအုပ်ပြီးမှ၊ ပလ္လင်တော်ကိုထမ်းရန် နံဘေးနှစ်ချက်ရှိကွင်းများ၌ လျှိုထားလေ၏။ အခေါင်းပါသော ထိုပလ္လင်တော်ကို ပျဉ်နှင့်စပ်လုပ်လေ၏။
တွေ့ဆုံရာတဲတော်မုတ်ဝရှေ့၊ အစေခံသောမိန်းမတို့၏ ကြေးမှုံပြင်များဖြင့် အင်တုံ၊ အောက်ခြေကိုလည်းလုပ်လေ၏။
တံတိုင်းကိုလည်းလုပ်၍ တောင်ဘက်၊ အလျားအတောင်တစ်ရာရှိသော ပိုးလျှော်တင်းတိမ်ရံကို ကာထားပြီးလျှင်၊ 10 ငွေမှိုငွေထိပ်ပတ်ပါသော တိုင်နှစ်ဆယ်နှင့် ကြေးအောက်ခံနှစ်ဆယ်ရှိ၏။ 11 မြောက်ဘက်၌ အတောင်တစ်ရာရှိသော တင်းတိမ်ရံနှင့်တကွ ငွေမှိုငွေထိပ်ပတ်ပါသောတိုင်နှစ်ဆယ်၊ ကြေးအောက်ခံခုံ နှစ်ဆယ်ရှိ၏။ 12 အနောက်ဘက်၌လည်း အတောင်ငါးဆယ်ရှိသော တင်းတိမ်ရံနှင့်တကွ ငွေမှိုငွေထိပ်ပတ်ပါသော တိုင်တစ်ဆယ်၊ အောက်ခံခုံတစ်ဆယ်ရှိ၏။ 13 အရှေ့ဘက်ကား အတောင်ငါးဆယ်ဖြစ်လျက်၊ 14-15 ဝဲယာနှစ်ဘက်တူညီ၍ တံတိုင်းတံခါးဝတစ်ဘက်တစ်ချက်၌ အလျားဆယ့်ငါးတောင်ရှိသော တင်းတိမ်ရံနှင့်တကွ တိုင်သုံးလုံး၊ အောက်ခံခုံသုံးခုရှိ၏။ 16 တံတိုင်းပတ်လည်၌ တင်းတိမ်ရံရှိသမျှသည် ပိုးလျှော်ထည်ဖြစ်၍၊ 17 တိုင်များ၌ ကြေးအောက်ခံခုံ၊ ငွေမှို၊ ငွေထိပ်ပတ်ရှိ၍ တိုင်ထိပ်များလည်းငွေမွမ်းမံလျက်ရှိ၏။ တံတိုင်းတိုင်ဟူသမျှလည်း ငွေထိပ်ပတ်ရှိ၏။ 18 တံတိုင်းတံခါးဖြစ်ရန် ကန့်လန့်ကာသည် ပိုးလျှော်မှစ၍ အပြာအမောင်းအနီချည်များနှင့် ပန်းထိုးထည်ဖြစ်၏။ အလျားအတောင်နှစ်ဆယ်၊ အမြင့်ငါးတောင်ရှိလျက် တံတိုင်းတင်းတိမ်ရံနှင့် တစ်ဆင်တည်းဖြစ်၏။ 19 တိုင်လေးလုံး၊ ကြေးအောက်ခံခုံလေးခု၊ ငွေမှို၊ ငွေထိပ်ပတ်များရှိ၏။ တိုင်ထိပ်များလည်း ငွေမွမ်းမံလျက်ရှိ၏။ 20 စံရာတော်ကြက်ဆူးနှင့် ပတ်လည်တံတိုင်းကြက်ဆူးရှိသမျှသည် ကြေးဖြစ်၏။
21 မောရှေမှာထားသည့်အတိုင်း ပရောဟိတ်အာရုန့်သား ဣသမာ၏လက်အောက်တွင် လေဝိအနွယ်သားတို့ရေတွက်သော သက်သေတော်ရှိစံရာတော်ကုန်ဝင်ရန် စာရင်းကိုဆိုပေအံ့။ 22 မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသမျှကို ယုဒအနွယ်၊ ဟုရမြေး၊ ဥရိသား၊ ဗေဇလေလသည် လုပ်ဆောင်ရာ၊ 23 သူနှင့်အတူ ပန်းပုအလုပ်၊ လက်ေမြာက်သောအလုပ်၊ လျှော်ချည်မှစ၍ အပြာအမောင်းအနီချည်များနှင့် ပန်းထိုးအလုပ်ကို တတ်စွမ်းနိုင်သော ဒန့်အနွယ်၊ အဟိသမက်သားအဟောလျဘလည်းရှိ၏။
24 သန့်ရှင်းရာဌာနတော်အမှုအရေးအဖို့သုံးရန် ဦးတိုက်လှူဒါန်းသောရွှေချိန်ပေါင်းကား ကျပ်ချိန်တော်အလိုက် အခွက်ရှစ်ရာ့ခုနစ်ဆယ့်ခုနစ်ပိဿာ ကျပ်သုံးဆယ်ဖြစ်သတည်း။ 25 ရေတွက်စုရုံးပြီး ပရိသတ်ပေးသောငွေချိန်ပေါင်ကား ကျပ်ချိန်တော်အလိုက် အခွက်သုံးထောင့်ဆယ့်ခုနစ်ပိဿာ၊ ခုနစ်ဆယ့်ငါးကျပ်ဖြစ်၏။ 26 အသက်နှစ်ဆယ့်ရွယ်နှင့် တိုးတက်ကျော်လွန်၍ ရေတွက်စုရုံးပြီး သူတို့ထံကူးသွားသော လူဦးရေခြောက်သိန်းသုံးထောင့်ငါးရာ့ငါးဆယ်တို့သည် ကျပ်ချိန်တော်အလိုက် တပေခခေါ်ငွေငါးမူးစီကိုပေးရ၏။ 27 အောက်ခံခုံတစ်ခု၌ ငွေချိန်အခွက်သုံးဆယ်စီဝင်သည်ဖြစ်၍ သန့်ရှင်းရာဌာနတော်၊ ကန့်လန့်ကာတော်၏အောက်ခံခုံတစ်ရာကို ငွေချိန်အခွက်သုံးထောင်နှင့်သွန်းလုပ်လေ၏။ 28 ကျန်ငွေချိန်အခွက်ဆယ့်ခုနစ်ပိသာ ခုနစ်ဆယ့်ငါးကျပ်နှင့်လည်း တိုင်မှိုတိုင်ထိပ်ပတ်များကိုလုပ်၍ တိုင်ထိပ်များကိုမွမ်းမံလေ၏။ 29 ဦးတိုက်လှူဒါန်းသောကြေးချိန်ပေါင်းကား အခွက်နှစ်ထောင့်တစ်ရာ့ နှစ်ဆယ့်လေးပိဿာဖြစ်သတည်း။ 30 တွေ့ဆုံရာတဲတော်မုတ်ဝအောက်ခံခုံ၊ ပူဇော်ရာကြေးပလ္လင်တော်၊ ကြေးရာဇမတ်များနှင့် ပလ္လင်တော်အသုံးအဆောင်ရှိသမျှကိုလည်းကောင်း၊ 31 ပတ်လည်ရှိတံတိုင်း အောက်ခံခုံ၊ တံတိုင်းတံခါးအောက်ခံခုံများနှင့် စံရာတော်ကြက်ဆူး၊ တံတိုင်းကြက်ဆူးရှိသမျှကိုလည်းကောင်း ထိုကြေးနှင့်လုပ်လေ၏။