33
တစ်ဖန်ထာဝရဘုရားက၊ အမျိုးအနွယ်အားပေးမည်ဟူ၍ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့် ငါသစ္စာဆိုခဲ့သောပြည်သို့ သင်နှင့်တကွ အိဂျစ်ပြည်မှဆောင်ခဲ့သောလူမျိုးပါ ဤအရပ်မှထွက်သွားကြလော့။ စေတမန်တော်ကိုလည်း သင်တို့ရှေ့ကငါစေလွှတ်သည့်အတိုင်း၊ ခါနနိ၊ အာမောရိ၊ ဟိတ္တိ၊ ဖေရဇိ၊ ဟိဝိ၊ ယေဗုသိလူမျိုးတို့ကိုနှင်ထုတ်၍၊ နို့ရည်၊ ပျားရည်၊ လွှမ်းစီးသောပြည်သို့ ပို့ဆောင်လိမ့်မည်။ သင်တို့သည် နှလုံးခဲယဉ်းသောလူမျိုးဖြစ်သည့်အတွက် လမ်းခရီးတွင်ကုန်ခမ်းစေမည်ကိုစိုး၍ အလယ်၌ငါကြွသွားမည်မဟုတ်ဟု မောရှေအားမိန့်တော်မူ၏။ လူမျိုးသည် ထိုမကောင်းသတင်းကိုကြားသောအခါ မည်သူမျှတန်ဆာမဆင်ဘဲ မြည်တမ်းကြလေ၏။ ထာဝရဘုရားကလည်း ဣသရေလအမျိုးသားတို့အားဆင့်ဆိုရမည်မှာ သင်တို့သည် နှလုံးခဲယဉ်းသောလူမျိုးဖြစ်သည့်အတွက် တစ်ခဏမျှပင် အလယ်၌ငါကြွသွားခဲ့လျှင် ကုန်ခန်းစေလိမ့်မည်။ ထိုကြောင့် သင်တို့အားမည်သို့ပြုရမည်ကို ငါသိစိမ့်သောငှါ တန်ဆာများကိုချွတ်ကြစေဟု မောရှေအားမိန့်တော်မူသည့်အတိုင်း၊ ဣသရေလအမျိုးသားတို့သည် ဟောရပ်တောင်ခြေရင်း၌ တန်ဆာများကိုချွတ်ပယ်သည်မှစ၍ မဆင်ဘဲနေကြ၏။
မောရှေသည် တပ်စခန်းပြင်ဝေးကွာရာတွင် ယူ၍စိုက်လေ့ရှိသောတဲတော်ကို တွေ့ဆုံရာတဲတော်ဟုခေါ်ဝေါ်၍ ထာဝရဘုရားကိုရှာသောလူအပေါင်းတို့သည် တပ်စခန်းပြင်ရှိ တွေ့ဆုံရာတဲတော်သို့ ထွက်သွားတတ်ကြ၏။ မောရှေသည် တဲတော်သို့ထွက်သွားသောအခါ လူတစ်မျိုးလုံးထ၍ ကိုယ့်တဲဝ၌အသီးအသီးရပ်လျက် တဲတော်တွင်းသို့ မောရှေဝင်သည့်တိုင်အောင် ရှုကြည့်လေ့ရှိကြကုန်၏။ တဲတော်တွင်းသို့ မောရှေဝင်ရာ တိမ်တိုင်သက်ရောက်၍ တဲတော်မုတ်ဝ၌တည်လျက် မောရှေအား မိန့်မြွက်တော်မူ၏။ 10 တဲတော်မုတ်ဝတွင် တိမ်တိုင်တည်နေသည်ကိုမြင်လျှင် လူတစ်မျိုးလုံးထ၍ ကိုယ့်တဲဝက အသီးအသီးရှိခိုးလေ့ရှိကြကုန်၏။ 11 အဆွေခင်ပွန်းချင်းတို့ ပြောဆိုတတ်ကြသည့်နည်းတူ ထာဝရဘုရားသည် မောရှေနှင့်တွေ့ဆုံမိန့်မြွက်တော်မူလေ့ရှိ၏။ တပ်စခန်းသို့ ပြန်သွားသောအခါ နုန့်သား၊ ကိုယ့်တပည့်၊ လုလင်ယောရှုသည် တဲတော်မှမထွက်ဘဲနေ၏။
12 မောရှေကလည်း ဤလူမျိုးကိုဆောင်သွားလော့ဟူ၍လည်းကောင်း၊ သင့်ကိုအမည်ဖြင့်ငါသိလျက် မျက်နှာသာရပြီဟူ၍လည်းကောင်း၊ အကျွန်ုပ်အား မိန့်မြွက်တော်မူသော်လည်း အကျွန်ုပ်နှင့်အတူ စေလွှတ်တော်မူမည့်သူကို သိစေတော်မမူပါ။ 13 သို့ဖြစ်၍ အကျွန်ုပ်သည် ရှေ့တော်၌မျက်နှာသာရလျှင် ရစေခြင်းငှါ ကိုယ်တော်ကိုသိကျွမ်းရန်နည်းလမ်းတော်များကို သွန်သင်တော်မူပါ။ ဤလူမျိုးလည်း လူမျိုးတော်ဖြစ်ကြောင်း ဆင်ခြင်တော်မူပါဟု ထာဝရဘုရားအားတောင်းလျှောက်လျှင်၊ 14 ငါကိုယ်တိုင်ကြွသွား၍ နားနေခွင့်ရှိစေမည်ဟု မိန့်တော်မူ၏။ 15 တစ်ဖန်တုံ ကိုယ်တော်တိုင်ကြွတော်မမူလျှင် အကျွန်ုပ်တို့ကို ဤမှသွားစေတော်မမူပါနှင့်။ 16 အကျွန်ုပ်နှင့်တကွ လူမျိုးတော်သည် ရှေ့တော်၌မျက်နှာသာရကြောင်း မည်သို့ထင်ရှားပါအံ့နည်း။ အကျွန်ုပ်နှင့်လူမျိုးတော်လည်း မြေမျက်နှာပြင်ပေါ်၌ရှိသမျှသောလူမျိုးတို့နှင့် ခွဲခြားလေအောင် အကျွန်ုပ်တို့နှင့်အတူ ကြွသွားတော်မူခြင်းဖြင့် ထင်ရှားသည်မဟုတ်ပါလောဟု မေးလျှောက်လေ၏။
17 ထာဝရဘုရားကလည်း သင်လျှောက်သည့်တိုင်းငါပြုမည်။ မျက်နှာသာလည်းရပြီ။ သင့်ကိုအမည်ဖြင့်ငါသိပြီဟု မောရှေအားမိန့်တော်မူသော်၊ 18 ဘုန်းတော်ကိုပြတော်မူပါဟု လျှောက်တောင်းပြန်လျှင်၊ 19 ထာဝရဘုရားက၊ ငါ့တင့်တယ်ခြင်းရှိသမျှကို သင့်မျက်မှောက်၌ ထင်ရှားစေ၍ ငါထာဝရဘုရား၏နာမကိုလည်း သင့်ရှေ့၌ငါကြော်ငြာမည်။ ငါကျေးဇူးပြုမည့်သူ့ကို ကျေးဇူးပြုမည်။ ငါသနားမည့်သူကိုလည်း သနားမည်ဟူ၍လည်းကောင်း၊ 20 သင်သည် ငါ့မျက်နှာကိုမဖူးရာ။ ဖူးမြင်သူလူသတ္တဝါကား၊ အသက်မရှင်ရဟူ၍လည်းကောင်း မိန့်တော်မူ၏။ 21 ထာဝရဘုရားကလည်း၊ အပါးတော်တွင်ရှိသောနေရာကျောက်ပေါ်တွင် ရပ်နေရမည်။ 22 ငါ့ဘုန်းတော်ထင်ရှားသောအခါ သင့်ကိုကျောက်ကြား၌သွင်းထား၍ ငါလွန်သွားသည့်တိုင်အောင် လက်တော်ဖြင့်ဖုံးထားမည်။ 23 လက်တော်ကိုကြွဖယ်သောအခါ နောက်ကိုသာဖူးမြင်ရမည်။ မျက်နှာကိုကားမဖူးရဟု မိန့်တော်မူ၏။