32
မောရှေသည်တောင်ပေါ်မှဆင်းလာရန် ဖင့်နွှဲကြောင်း ထိုလူမျိုးသိသောအခါ အာရုန့်ထံစုရုံးကြပြီးလျှင် ထပါ၊ ငါတို့ရှေ့ကကြွသွားမည့်ဘုရားများကို လုပ်ပေးပါ။ ငါတို့ကိုအိဂျစ်ပြည်မှဆောင်ခဲ့သော မောရှေဆိုသူ၌ မည်သို့ဖြစ်သည်ကို မသိပါဟုလျှောက်ကြလျှင်၊ အာရုန်က၊ သင်တို့မယား၊ သား၊ သမီးများဆင်ယင်သော ရွှေနားတောင်းများကိုချွတ်၍၊ ငါ့ထံဆောင်ခဲ့ကြဟု မိန့်ဆိုသည့်အတိုင်း ဆင်ယင်သောရွှေနားတောင်းများကို လူမျိုးလုံးချွတ်၍ အာရုန့်ထံဆောင်ခဲ့ကြသော်၊ အာရုန်လက်ခံပြီးနောက် နွားရုပ်ပုံကိုစူးဆောက်နှင့်လုပ်၍ သွန်းလေ၏။ သူတို့ကလည်း အိုဣသရေလလူမျိုး၊ ဤဘုရားများသည် သင်တို့ကို အိဂျစ်ပြည်မှထုတ်ဆောင်ခဲ့သော သင်တို့ဘုရားများဖြစ်သည်ဟု ဝန်ခံကြကြောင်း အာရုန်သိမြင်လျှင်၊ ရုပ်တုရှေ့ပူဇော်ရာပလ္လင်ကိုတည်လျက် နက်ဖြန်နေ့သည် ထာဝရဘုရားကိုရည်၍ ပူဇော်ရသောပွဲနေ့ဖြစ်သည်ဟု ကြော်ငြာ၏။ နောက်နေ့နံနက်အချိန် ထိုသူတို့သည်ထပြီးလျှင် မီးရှို့ရာသက္ကာပူဇော်၍၊ မိတ်သဟာယသက္ကာကိုဆက်ကပ်ပြီးမှ စားသောက်ရန်ထိုင်လျက် မြူးတူးရန်ထကြ၏။
ထိုအခါ ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်မှာ၊ ဆင်းသွားလော့။ အိဂျစ်ပြည်မှဆောင်ခဲ့သော သင့်လူမျိုးပျက်ယွင်းကြပြီ။ ငါမိန့်မှာသောလမ်းမှ အဆောတလျင်လွှဲသွား၍ နွားရုပ်ကိုသွန်းလုပ်ရှိခိုးလျက် အိုဣသရေလလူမျိုး၊ ဤဘုရားများသည် သင်တို့ကို အိဂျစ်ပြည်မှထုတ်ဆောင်ခဲ့သော သင်တို့ဘုရားများဖြစ်သည်ဟု ကြွေးကြော်လျက်၊ ယဇ်ပူဇော်ကြပြီဟူ၍လည်းကောင်း၊ ဤလူမျိုးသည် 32.9  နှလုံးခဲယဉ်းဟူသောအချက်တိုင်း၌၊ ပါဠိကား၊ - လည်ပင်းခဲယဉ်းဟူ၍တည်း။နှလုံးခဲယဉ်းသောလူမျိုးဖြစ်သည်ကို ငါရှုမြင်ပြီ။ 10 ထိုကြောင့် ပြင်းစွာအမျက်တော်ထား၍ သူတို့ကိုကုန်ခန်းစေရန် ငါရှိစေတော့။ သင့်ကိုကား လူမျိုးကြီးဖြစ်စေမည်ဟူ၍လည်းကောင်း မိန့်တော်မူ၏။ 11 မောရှေကလည်း၊ အိုထာဝရဘုရား၊ မဟာတန်ခိုးတော်၊ အားကြီးသောလက်ရုံးတော်ဖြင့် အိဂျစ်ပြည်မှထုတ်ဆောင်ခဲ့သောလူမျိုးတော်ကို အဘယ်ကြောင့်ပြင်းစွာအမျက်ထားတော်မူပါသနည်း။ 12 မကောင်းသင့်ရောက်ခြင်း၊ တောင်ရိုး၌ကွပ်မျက်ခြင်း၊ မြေပေါ်ကကုန်ခန်းခြင်းတိုင်အောင် ထုတ်ဆောင်တော်မူသည်တကားဟု အဘယ်ကြောင့် အိဂျစ်လူတို့ဆိုဖွယ်ရှိရပါမည်နည်း။ အမျက်တော်အရှိန်ကိုငြိမ်းစေတော်မူပါ။ လူမျိုးတော်အပေါ်တွင် ပေးလတ္တံ့သောဘေးဒဏ်မှ စိတ်ပြောင်းလဲတော်မူပါ။ 13 သင်တို့အမျိုးအနွယ်ကို ကောင်းကင်ကြယ်လုံးရေကဲ့သို့ ပွားများစေလျက် ဆိုခဲ့သောဤပြည်နယ်လုံးကို သင်တို့အမျိုးအနွယ်အားငါပေးသဖြင့် ထာဝရအပိုင်ရကြလိမ့်မည်ဟု ကိုယ်တော်ကိုပင်တိုင်တည်၍ ထားတော်မူခဲ့သည့်သစ္စာကတိကို ခံရသူကျွန်တော်ရင်း အာဗြဟံ၊ ဣဇာက်၊ ဣသရေလတို့ကို သတိရတော်မူပါမည့်အကြောင်း ကိုယ့်ဘုရားသခင်ထာဝရဘုရားမျက်မှောက်တော်၌ အသနားခံသည့်အတိုင်း၊ 14 ထာဝရဘုရားသည် လူမျိုးတော်အား ကြံရွယ်တော်မူသောဘေးဒဏ်မှ စိတ်ပြောင်းလဲတော်မူ၏။
15 မောရှေသည်၊ နှစ်မျက်နှာတွင်အက္ခရာတင်ပြီး သက်သေတော်ကျောက်နှစ်ပြားကို ကိုင်ယူလျက် တောင်ပေါ်ကလှည့်ဆင်းလေ၏။ 16 ထိုကျောက်ပြားများကား ဘုရားသခင်ပြုပြင်တော်မူသော ကျောက်ပြား၊ စာလည်းဘုရားသခင်ရေးတင်တော်မူသော စာဖြစ်သတည်း။ 17 လူမျိုးကြွေးကြော်သံကို ကြားလျှင်၊ ယောရှုက၊ တပ်စားခန်း၌စစ်သံပါတကားဟု မောရှေအားဆိုသော်၊ 18 ငါကြားသောအသံကား အောင်၍ကြွေးကြော်သံမဟုတ်။ ရှုံး၍အော်ဟစ်သံလည်းမဟုတ်။ ဧချင်းသံဖြစ်သတည်းဟု ပြန်ပြောလေ၏။ 19 တပ်စခန်းအနီးသို့ရောက်သောအခါ နွားရုပ်ကိုလည်းကောင်း၊ ကခုန်ခြင်းကိုလည်းကောင်း၊ မြင်လျှင် မောရှေသည် ပြင်းစွာအမျက်ထွက်သဖြင့် တောင်ခြေရင်းတွင် ကျောက်ပြားများကိုပစ်ချချိုးဖဲ့လျက်၊ 20 ချင်းတို့လုပ်သောနွားရုပ်ကိုယူ၍ ကြိုချက်ချေမွပြီးမှ ရေပေါ်မှာကြဲပက်၍ ဣသရေလအမျိုးသားတို့ကို သောက်စေ၏။ 21 အာရုန်အားလည်း ဤလူမျိုး၌ကြီးလေးသောအပြစ်ရောက်စိမ့်သောငှါ သူတို့သည် သင့်ကိုမည်သို့ပြုဘိသနည်းဟုမေးလျှင်၊ 22 အာရုန်က၊ အရှင်၊ အမျက်ပြင်းစွာမထွက်ပါနှင့်။ ဆိုးသွမ်းလေ့ရှိသော ဤလူမျိုးကိုကိုယ်တော်သိပါ၏။ 23 ငါတို့ရှေ့က ကြွသွားမည့်ဘုရားများကိုလုပ်ပေးပါ။ ငါတို့ကိုအိဂျစ်ပြည်မှ ဆောင်ခဲ့သောမောရှေဆိုသူ၌ မည်သို့ဖြစ်သည်ကိုမသိပါဟု အကျွန်ုပ်အားဆိုကြလျှင်၊ 24 ရွှေရှိသူသည် ချွတ်စေဟု အကျွန်ုပ်ဆိုသည့်အတိုင်းပေးကြရာ မီးထဲသို့ပစ်ချလိုက်သော် ဤနွားရုပ်ထွက်ပေါ်ပါသည်ဟု ပြန်ပြော၏။ 25 အာရုန်သည် လူမျိုးကိုရန်ဘက်ပြုသူတို့ရှေ့မှောက်၌ ကဲ့ရဲ့ဖွယ်ရောက်အောင် ဖရိုဖရဲဖြစ်စေမည့်အကြောင်းကို မောရှေမြင်သောအခါ၊ 26 တပ်စခန်းဝမှရပ်လျက် ထာဝရဘုရား၏လူမှန်က ငါ့ထံလာလော့ဟုဆိုလျှင် လေဝိအနွယ်သားအပေါင်းတို့ ချဉ်းကပ်စုရုံးကြ၏။ 27 မောရှေကလည်း အသီးအသီးဓားလွယ်လျက် တပ်စခန်းဝတစ်ပေါက်မှတစ်ပေါက်သို့ ခေါက်ပြန်သွားလာ၍ ညီအစ်ကို၊ အပေါင်းအဖော်၊ နီးစပ်သူများကို ကွပ်မျက်စေဟု ဣသရေလလူမျိုး၏ ဘုရားသခင်ထာဝရဘုရားမိန့်တော်မူကြောင်းနှင့် စီရင်သည့်အတိုင်း၊ 28 လေဝိအနွယ်သားတို့ပြု၍ ထိုနေ့ချင်းတွင် လူမျိုးအနက် သုံးထောင်ခန့်ဆုံးပါးကြ၏။ 29 တစ်ဖန်မောရှေက၊ ထာဝရဘုရားသည် ယနေ့ကောင်းကြီးပေးတော်မူစေခြင်းငှါ သင်တို့အသီးအသီး သား၊ ညီအစ်ကိုတို့ကိုကွပ်မျက်သည့်အလျောက် ထာဝရဘုရားအဖို့ ယနေ့ပင်ကိုယ်ကိုခန့်ထားကြလော့ဟု ဆိုလေ၏။ 30 နောက်နေ့၌မောရှေက၊ သင်တို့သည် ကြီးလေးသောပြစ်မှုကို ပြစ်မှားခဲ့ကြပြီ။ သို့ဖြစ်၍ သင်တို့ပြစ်မှုပြေကောင်းပြေရန် ထာဝရဘုရားအထံတော်သို့ ငါတက်သွားဦးမည်ဟု ထိုလူမျိုးအားဆိုပြီးလျှင်၊ 31 ထာဝရဘုရားအထံတော်သို့ပြန်သွား၍ ဤလူမျိုးသည် ရွှေဘုရားများကိုလုပ်လျက် ကြီးလေးသောပြစ်မှုကို ပြစ်မှားလေစွတကား။ 32 သို့ဖြစ်၍ အလိုတော်ရှိလျှင် သူတို့ပြစ်မှုကိုလွှတ်တော်မူပါ။ လွှတ်တော်မမူလျှင် ရေးထားတော်မူသောစာရင်းမှ အကျွန်ုပ်အမည်ကို ချေဖျက်တော်မူပါဟု တောင်းလျှောက်လျှင်၊ 33 ထာဝရဘုရားက၊ အကြင်သူသည် ငါ့ကိုပြစ်မှားအံ့။ ထိုသူ့အမည်ကိုစာရင်းတော်မှ ငါ့ချေဖျက်အံ့။ 34 ထိုကြောင့် ငါ့မိန့်မှာပြီးသောဒေသသို့သွား၍ ထိုလူမျိုးကိုပို့ဆောင်လော့။ သင့်ရှေ့ ငါ့စေတမန်သွားလိမ့်မည်။ သို့ရာတွင် ငါသည်အကြည့်အရှုကြွလာမည့်နေ့ရက်တွင်ပင် သူတို့အပေါ်၌ အပြစ်ကိုဆပ်ပေးလိမ့်မည်ဟု မောရှေအားမိန့်တော်မူ၏။ 35 အာရုန်မှစ၍ လူမျိုးသည် နွားရုပ်ကိုသွန်းလုပ်ကြသောကြောင့် ထာဝရဘုရားဒဏ်ခတ်တော်မူ၏။