30
1-2 အမြင့်နှစ်တောင်၊ အလျားတစ်တောင်၊ အနံတစ်တောင်၊ စတုရန်းဖြစ်သော နံ့သာပေါင်းတင်ရှို့ရာပလ္လင်တော်ကိုရှားသားနှင့်လုပ်၍ စိန်တောင်များကိုလည်း တစ်ဆက်တည်းဖြစ်စေလော့။ ပလ္လင်တော်ထိပ်ပြင်၊ ဘေးပတ်လည်၊ စိန်တောင်များပါ ရွှေစင်နှင့်မွမ်းမံလျက် ပတ်လည်ရွှေပြော့ကြောင်း ထိုးထားလော့။ ပလ္လင်တော်ဘေးတစ်ဘက်တစ်ချက်၌၊ ပြော့ကြောင်းအောက်၊ ရွှေနှစ်ကွင်းကိုလုပ်လျက်၊ ပလ္လင်တော်ထမ်းရန် ထမ်းပိုးပေါက်ဖြစ်စေပြီးလျှင်၊ ထိုထမ်းပိုးများကိုရှားသားနှင့်လုပ်၍ ရွှေမွမ်းမံလော့။ သက်သေတော်သေတ္တာအနီးကန့်လန့်ကာပြင်၊ ထိုသက်သေတော်အပေါ်ရှိအပြစ်ဖြေရာပလ္လင်တော်ရှေ့၊ သင်နှင့်ငါတွေ့ဆုံရာဌာန၌ပင် ၎င်းပလ္လင်တော်ကိုထားလော့။ 7-8 အာရုန်သည် မီးခွက်များကိုနံနက်တိုင်း ပြင်သောအခါ၌လည်းကောင်း၊ ညဉ့်ဦးယံတင်ထွန်းသောအခါ၌လည်းကောင်း၊ သင်တို့အမျိုးအဆက်မပြတ် ငါထာဝရဘုရားရှေ့အစဉ်တင်ရှို့ရာအဖြစ် ထိုပလ္လင်တော်ပေါ်တွင် နံ့သာပေါင်းအသင်းအထုံကိုတင်ရှို့စေ။ ထိုပလ္လင်တော်ပေါ်တွင် နံ့သာပေါင်းတစ်မျိုးကိုလည်းကောင်း၊ မီးရှို့ရာသက္ကာ၊ ဘောဇဉ်သက္ကာ၊ သွန်းလောင်းရာသက္ကာများကိုလည်းကောင်း၊ မဆက်မကပ်ကြရ။ 10 အာရုန်သည် သင်တို့အမျိုးအစဉ်အဆက်မပြတ် ပလ္လင်တော်ပြစ်အဖို့၊ တစ်နှစ်လျှင်တစ်ကြိမ် အပြစ်ဖြေရာသက္ကာ၏အသွေးဖြင့်၊ ပလ္လင်တော်စိန်တောင်များ၌ဖြစ်စေ၊ ငါထာဝရဘုရားအဖို့ အထူးသီးသန့်သည်ဟု မိန့်တော်မူ၏။
11 တစ်ဖန်ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်မှာ၊ 12 ဣသရေလအမျိုးသားတို့ကိုစုရုံးစေ၍ လူဦးရေတွက်စစ်သောအခါ ဘေးကင်းလွတ်စေရန် အသီးအသီးကိုယ့်အသက်ရွေးနုတ်ရန် အဖိုးကိုစုရုံးသောအခါ၌ပင် ငါထာဝရဘုရားအားဆက်ကပ်စေ။ 13 ရေတွက်စုရုံးပြီး သူတို့ထံကူးသွားရသူတိုင်း၊ 30.13  ပါဠိ - ေဂရပဲနှစ်ဆယ်ကျ က 30.13  ပါဠိ - ေရှေခလကျပ်ချိန်တော်အလိုက်၊ ငွေငါးမူးစီငါထာဝရဘုရားအား မြှောက်ဆက်ရာအဖြစ်လှူစေ။ 14 အသက်နှစ်ဆယ်ရွယ်နှင့် တိုးတက်ကျော်လွန်၍ ရေတွက်စုရုံးပြီး သူတို့ထံကူးသွားရသူတိုင်း ငါထာဝရဘုရားအားလှူစေ။ 15 ကိုယ့်အသက်ကို ရွေးနုတ်ခြင်းငှါ ထာဝရဘုရားအားလှူကြသောအခါ ကြွယ်ဝသူဖြစ်စေ၊ နွမ်းပါးသူဖြစ်စေ၊ ငါးမူးစီမပိုမလျှော့ရ။ 16 ဣသရေလအမျိုးသားတို့ အသက်ကိုရွေးနုတ်ရန် ငါထာဝရဘုရားရှေ့ သူတို့အထိမ်းအမှတ်ဖြစ်စေခြင်းငှါ၊ ရွေးနုတ်ရန်အဖိုးငွေကို သူတို့ထံခံယူ၍ တွေ့ဆုံရာတဲတော်မှုရေးအဖို့ သိုထားလော့ဟုမိန့်တော်မူ၏။
17 တစ်ဖန်ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်မှာ၊ 18-19 အာရုန်နှင့်သားတို့လက်ခြေဆေးရန်၊ ကြေးအောက်ခြေပါသော ကြေးအင်တုံကိုလုပ်၍ တွေ့ဆုံရာတဲတော်နှင့် ပူဇော်ရာပလ္လင်တော်ကြားတွင်ထားပြီးလျှင် ရေထည့်လော့။ 20-21 သူတို့သည် တွေ့ဆုံရာတဲတော်သို့ဝင်သော်လည်းကောင်း၊ အမှုဆောင်ရွက်၍ ငါထာဝရဘုရားထံမီးဖြင့်ပူဇော်ခြင်းငှါ ပလ္လင်တော်သို့ချဉ်းကပ်သော်လည်းကောင်း၊ သေဘေးနှင့်ကင်းလွတ်စေရန် လက်ခြေကိုရေဆေးကြစေ။ ဤကားအာရုန်မှစ၍ အမျိုးအနွယ်အစဉ်အဆက်တို့စောင့်ရမည့် အမြဲထုံးဖွဲ့ချက်ဖြစ်သတည်းဟု မိန့်တော်မူ၏။
22 တစ်ဖန်ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်မှာ၊ 23-24 ကျပ်ချိန်တော်အလိုက် နံ့သာမျိုးအထူးအမြတ်တည်းဟူသော မုရန်ဆီငါးပိဿာ၊ မွှေးသောသစ်ကြံပိုးနှစ်ပိဿာငါးဆယ်၊ မွှေးသောစပၙါးလင်နှစ်ပိဿာငါးဆယ်၊ ကရမက်ငါးပိဿာ၊ သံလွင်ဆီလေးပိဿာများကိုယူ၍၊ 25 အမွှေးပညာသည် အတတ်အတိုင်း​ေဖာ်စပ်သောအမွှေးအကြိုင်၊ သီးသန့်ရာဘိသိက်ဆီကိုလုပ်လော့။ သီးသန့်ရာဘိသိက်ဆီဖြစ်သည့်နှင့်အညီ၊ 26 တွေ့ဆုံရာတဲတော်ကိုလည်းကောင်း၊ သက်သေတော်သေတ္တာကိုလည်းကောင်း၊ 27 စားပွဲတော်နှင့်ကိရိယာတန်ဆာရှိသမျှကိုလည်းကောင်း၊ မီးခုံတော်နှင့်ကိရိယာတန်ဆာများကိုလည်းကောင်း၊ နံ့သာပေါင်းတင်ရှို့ရာပလ္လင်တော်ကိုလည်းကောင်း၊ 28 မီးရှို့ပူဇော်ရာ ပလ္လင်တော်နှင့်အသုံးအဆောင်ရှိသမျှကိုလည်းကောင်း၊ အင်တုံအောက်ခြေကိုလည်းကောင်း၊ ထိုဆီနှင့်သွန်းသဖြင့်၊ 29 အထူးသီးသန့်သောအရာများဖြစ်စေခြင်းငှါ သီးသန့်စေလော့။ ထိမိသမျှသောသူတို့သည် သီးသန့်ရာရောက်လိမ့်မည်။ 30 ပရောဟိတ်အမှုကို ငါ့ရှေ့ဆောင်ရွက်ကြစေရန် အာရုန်နှင့်သားတို့ကို ဘိသိက်သွန်း၍သီးသန့်စေလော့။ 31 ဣသရေလအမျိုးသားတို့အားလည်း သင်တို့အမျိုးအစဉ်အဆက်မပြတ် ဤဆီကား၊ ငါ့အဖို့သီးသန့်သောဘိသိက်ဆီဖြစ်ရမည်။ 32 မည်သူ့ကိုယ်ကိုမျှမလူးရ။ ထိုဆီနိဿရည်းအတိုင်း မဖော်ရ။ သီးသန့်သည်နှင့်အညီ၊ သီးသန့်သည်ဟုမှတ်ထားကြရမည်။ 33 အကြင်သူသည်၊ ထိုဆီနှင့်တူအောင်ဖော်စပ်ခြင်း၊ မဆိုင်သူ့အားလူးပေးခြင်းကိုပြုအံ့။ ထိုသူသည် အမျိုးမှပယ်ရှားခံရမည်ဟူ၍ ဆင့်ဆိုလော့ဟု မိန့်တော်မူ၏။
34 တစ်ဖန်ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်မှာ အကျော်၊ စံပါ၊ ကရမက်တည်းဟူသောနံ့သာမျိုးကို လောဗန်စေးနှင့်တကွ အညီအမျှယူ၍၊ 35 အမွှေးပညာသည်အတတ်အတိုင်း၊ စင်ကြယ်သီးသန့်၍ဆားခတ်သောအမွှေးအကြိုင်နံ့သာပေါင်းကို ဖော်စပ်လော့။ 36 အချို့အဝက်ကိုလည်း ညက်စွာထောင်းပြီးမှ သင်နှင့်ငါတွေ့ဆုံမည့်ဌာန၊ တွေ့ဆုံရာတဲတော်၌ပင် သက်သေတော်ရှေ့မှာထားလော့။ အထူးသီးသန့်သည်ဟု မှတ်ထားကြရမည်။ 37 ထိုသို့ဖော်စပ်သောနံ့သာပေါင်းနိဿရည်းအတိုင်း ကိုယ်သုံးရန်မဖော်မစပ်ရ။ ငါထာဝရဘုရားအဖို့ သီးသန့်သည်ဟုမှတ်ထားလော့။ 38 အကြင်သူသည် ကိုယ်ရှူရန်ထိုနံ့သာပေါင်းနှင့်တူအောင် ဖော်စပ်အံ့။ ထိုသူသည် အမျိုးမှပယ်ရှားခံရမည်ဟု မိန့်တော်မူ၏။