25
ထိုအခါ မောရှေအား ထာဝရဘုရားမိန့်တော်မူသည်မှာ၊ ဣသရေလအမျိုးသားတို့သည် ငါ့အဖို့မြှောက်ဆက်ရာ အလှူဝတ္ထုကိုဆောင်ခဲ့ကြစေရန် ဆင့်ဆိုလော့။ စိတ်စေတနာထက်သန်သူရှိသမျှတို့ထံမှ အလှူကိုခံယူလော့။ ခံယူရမည့်အလှူမျိုးဟူမူကား၊ ရွှေ၊ ငွေ၊ ကြေး၊ အပြာအမောင်းအနီချည်၊ လျှော်ချည်၊ ဆိတ်မွေး၊ အနီဆိုးသောသိုးရေ၊ ဖျံရေ၊ ရှားသား၊ မီးပူဇော်ရန်ဆီ၊ ဘိသိက်သွန်းရန်ဆီနှင့်၊ တင်ရှို့ရာအသင်းအထုံအဖို့ နံ့သာပေါင်း၊ ကိုယ်ဝတ်ရင်လွှမ်းများကို ချယ်စီရန်မဟူရာကျောက်နှင့် ကျောက်မျက်တည်းဟူသော အလှူဝတ္ထုကိုခံယူလော့။ သင်တို့တွင် ငါစံနေရန် သန့်ရှင်းရာဌာနကို ပြုလုပ်ကြစေ။ ငါပြသမျှအတိုင်း စံရာတော်၊ ကိရိယာတန်ဆာတော်ပုံစံနှင့်အညီပင် ပြုလုပ်လော့။
10 အလျားနှစ်ေတာင့်ထွာ၊ အနံတစ်တောင့်ထွာ၊ အမြင့်တစ်တောင့်ထွာရှိသော သေတ္တာတော်ကို ရှားသားနှင့်လုပ်၍၊ 11 အတွင်းအပြင်ရွှေစင်မွမ်းမံလျက် ပတ်လည်ရွှေပြော့ကြောင်းထိုးထားလော့။ 12 ရွှေလေးကွင်းကိုသွန်းလုပ်၍ သေတ္တာတော်​ခြေလေးချောင်း၌ နံဘေးတစ်ဘက်နှစ်ကွင်းစီ၊ တပ်ထားလော့။ 13 ရှားသားထမ်းပိုးများကိုလုပ်၍ ရွှေနှင့်မွမ်းမံပြီးမှ၊ 14 သေတ္တာတော်ထမ်းရန် နံဘေးရှိကွင်းများတွင် လျှိုထားလော့။ 15 ထိုထမ်းပိုးများကိုလည်း သေတ္တာတော်ကွင်းထဲမှ မနုတ်ဘဲထားလော့။ 16 ငါပေးလတ္တံ့သောသက်သေတော်ကို ထိုသေတ္တာတော်တွင်ထည့်လော့။ 17 အလျားနှစ်တောင့်ထွာ၊ အနံတစ်တောင့်ထွာရှိသော အပြစ်ဖြေရာပလ္လင်တော်ကိုလည်း ရွှေစင်နှင့်လုပ်လော့။ 18 ရွှေခေရုဗနှစ်ပါးကို ပလ္လင်တော်စွန်းနှစ်ဘက်၌ထုလော့။ 19 ခေရုဗတစ်ပါးတစ်ဘက်စီ၊ အစွန်းနှစ်ဘက်၌၊ ခေရုဗတို့ကိုအပြစ်ဖြေရာပလ္လင်တော်နှင့် တစ်ဆက်တည်းလုပ်လော့။ 20 ထိုခေရုဗနှစ်ပါးတို့သည် မျက်နှာချင်းဆိုင်ပလ္လင်တော်ကိုရှုကြည့်ဟန်၊ အတောင်ဖြင့်ပလ္လင်တော်ကိုဖြန့်မိုးလျက်ရှိစေ။ 21 အပြစ်ဖြေရာပလ္လင်တော်ကို သေတ္တာတော်ပေါ်မှာတင်၍ ငါပေးလတ္တံ့သောသက်သေတော်ကိုလည်း ထည့်လော့။ 22 ထိုဌာန၌ ငါသည်သင်နှင့်တွေ့ဆုံ၍ ဣသရေလအမျိုးသားတို့ထံဆင့်ဆိုရန်ရှိသမျှကို အပြစ်ဖြေရာ ပလ္လင်တော်၊ သက်သေတော်သေတ္တာအပေါ်ရှိ ခေရုဗနှစ်ပါးစပ်ကြားမှ သင့်အားမြွက်ဆိုမည်။
23 အလျားနှစ်တောင်၊ အနံတစ်တောင်၊ အမြင့်တစ်တောင့်ထွာရှိသော စားပွဲတော်ကိုလည်း ရှားသားနှင့်လုပ်၍ ရွှေစင်မွမ်းမံလျက်၊ 24 ပတ်လည်ရွှေပြော့ကြောင်း ထိုးထားလော့။ 25 ပြက်လက်တစ်ဝါးရှိသောထောက်ကိုလုပ်၍ ပတ်လည်ရွှေပြော့ကြောင်း ထိုးထားလော့။ 26 ရွှေလေးကွင်းကိုလုပ်၍ စားပွဲတော်ခြေလေးချောင်းလေးထောင့်၌ တပ်ထားလော့။ 27 စားပွဲတော်ထမ်းရန် ထမ်းပိုးပေါက်ဖြစ်စေခြင်းငှါ ထောက်ခံရာ၌ ထိုကွင်းများကိုတပ်ထားလော့။ 28 စားပွဲတော်ထမ်းရန် ထမ်းပိုးများကိုရှားသားနှင့်လုပ်၍ ရွှေမွမ်းမံလော့။ 29 စားပွဲတော်နှင့်ဆိုင်သောလင်ပန်း၊ ခွက်၊ တကောင်း၊ သွန်းလောင်းရန်ဖလားများကို ရွှေစင်နှင့်လုပ်လော့။ 30 ငါ့မျက်မှောက်တွင် စားပွဲတော်ပေါ်မှာ ရှေ့တော်တင်မုန့်ကို အမြဲရှိစေလော့။
31 မီးခုံတော်ကိုလည်း ရွှေစင်နှင့်လုပ်၍ ခြေ၊ တိုင်အစရှိသော ပန်း၊ ပွင့်ပတ်၊ ပွင့်ချပ်များကို တစ်ဆက်တည်းထုလုပ်လော့။ 32 မီးခုံတော်တစ်ဘက်တစ်ချက်၌ ရိုးတန်သုံးလက်စီထွက်စေ၍ ရိုးတန်​​ခြောက်လက်ရှိစေ။ 33 မီးခုံတော်မှထွက်သော ရိုးတန်ခြောက်လက်တွင် တစ်လက်တစ်လက်၌ ပွင့်ပတ်၊ ပွင့်ချပ်နှင့်တကွ ဗာတံပွင့်သဏ္ဌာန် ပန်းသုံးပွင့်ရှိရမည်။ 34 မီးခုံတိုင်၌လည်း ပွင့်ပတ်၊ ပွင့်ချပ်နှင့်တကွ ဗာတံပွင့်သဏ္ဌာန် ပန်းလေးပွင့်ရှိရမည်။ 35 မီးခုံတော်မှထွက်သော ရိုးတန်ခြောက်လက်အရင်းတွင် ရိုးတန်တစ်စုံတစ်စုံအောက်၌ ပွင့်ပတ်တစ်အုံစီ၊ တစ်ဆက်တည်းရှိရမည်။ 36 ပွင့်ပတ်၊ ရိုးတန်များသည် မီးခုံနှင့်တစ်ဆက်တည်းရှိ၍ ရွှေစင်နှင့်ထုလုပ်သော မီးတစ်ခုံတည်းဖြစ်ရမည်။ 37 မီးခုနစ်ခွက်ကိုလည်း လုပ်ပြီးလျှင် မီးခုံတော်ရှေ့လင်းစေရန် တင်ထွန်းရမည်။ 38 မီးညှပ်နှင့်မီးစာခံများသည် ရွှေစင်ဖြစ်ရမည်။ 39 မီးခုံတော်၊ ကိရိယာတန်ဆာရှိသမျှကို ရွှေစင်အခွက်သုံးဆယ်နှင့်လုပ်ရမည်။ 40 တောင်ပေါ်မှာသင့်အားပြသော ပုံစံနှင့်အညီလုပ်ရန်သတိပြုလော့။