24
တစ်ဖန် မောရှေအားထာဝရဘုရားက၊ သင်သည်အာရုန်၊ နာဒပ်၊ အဘိဟုတို့နှင့်တကွ ဣသရေလလူကြီးတို့အနက် ခုနစ်ဆယ်ပါ၊ ငါထာဝရဘုရားရှိရာသို့တက်၍ အဝေးကရှိခိုးကြပြီးလျှင်၊ မောရှေတစ်ယောက်တည်းသာ ငါထာဝရဘုရားထံချဉ်းကပ်ရာ အခြားသူတို့ကား မချဉ်းမကပ်၊ လူမျိုးလည်းမလိုက်မတက်ကြရဟု မိန့်တော်မူသည့်အလျောက်၊ မောရှေသည် လူမျိုးရှိရာသို့သွား၍ ထာဝရဘုရား၏ဗျာဒိတ်ချက်၊ ဆုံးဖြတ်ချက်အလုံးစုံကို ပြန်ကြားသော် တစ်မျိုးလုံးက ထာဝရဘုရားမိန့်တော်မူသမျှအတိုင်းပြုပါမည်ဟု တစ်ပြိုင်နက်ဝန်ခံကြကုန်၏။ မောရှေသည် ထာဝရဘုရား၏ဗျာဒိတ်တော်အလုံးစုံကို ရေးတင်ပြီးလျှင် နံနက်အချိန်ထ၍ တောင်ခြေရင်း၌ ပူဇော်ရာပလ္လင်တော်ကိုလည်းေကာင်း၊ ဣသရေလဆယ့်နှစ်နွယ်အလိုက် ကျောက်ဆယ့်နှစ်တိုင်ကိုလည်းေကာင်း တည်စိုက်လျက် ဣသရေလအမျိုးသားလူငယ်တို့ကို စေသည့်အတိုင်း၊ နွားများကို မီးရှို့ရာသက္ကာ၊ မိတ်သဟာယသက္ကာများအဖြစ် ထာဝရဘုရားထံပူဇော်ကြ၏။ မောရှေသည် အသွေးတစ်ဝက်ကိုအင်တုံများ၌ထည့်၍ တစ်ဝက်ကိုပလ္လင်တော်ပေါ်တွင်သွန်းပက်ပြီးနောက်၊ ပဋိညာဉ်ကျမ်းကိုယူလျက် လူမျိုးရှေ့ဖတ်သော် သူတို့က၊ ထာဝရဘုရားမိန့်တော်မူသမျှအတိုင်း နားထောင်ပြုလုပ်ပါမည်ဟု ဝန်ခံကြ၏။ မောရှေလည်း အသွေးကိုယူပြီးလျှင် လူမျိုးအပေါ်တွင်သွန်းပက်လျက် ဤအသွေးကား၊ ထိုဗျာဒိတ်တော်အလုံးစုံနှင့်စပ်၍ သင်တို့နှင့်ထာဝရဘုရားဖွဲ့ထားတော်မူသော ပဋိညာဥ်၏အသွေးတည်းဟု ပြောဆို၏။ ထိုနောက် မောရှေ၊ အာရုန်၊ နာဒပ်၊ အဘိဟုတို့နှင့် ဣသရေလလူကြီးအနက် ခုနစ်ဆယ်တို့တက်၍၊ 10 ဣသရေလလူမျိုး၏ဘုရားသခင်ကို ဖူးမြင်ကြရာ ခြေတော်အောက်၌ ကျောက်ပြားခင်းကဲ့သို့လည်းေကာင်း၊ ကြည်လင်သောကောင်းကင်ပြင်ကဲ့သို့လည်းေကာင်း ထင်မြင်ရလေ၏။ 11 ဣသရေလအမျိုးသား ထိုအကြီးအမှူးတို့ကို လက်ရုံးရှိန်ထိစေတော်မမူ။ သူတို့သည် ဘုရားသခင်ကို ဖူးမြင်ပြီးမှစားသောက်ကြ၏။
12 ထာဝရဘုရားကလည်း ငါရှိရာတောင်ပေါ်သို့ တက်၍နေလော့။ သွန်သင်ပေးရန် ငါရေးထားသောပညတ်တော်၊ တရားတော်၊ ကျောက်ပြားများကို သင်၌ငါအပ်မည်ဟု မောရှေအားမိန့်တော်မူလျှင်၊ 13 တပည့်ယောရှုနှင့်အတူ ထရာမှ မောရှေသည်ဘုရားသခင်တောင်တော်ပေါ်သို့ တက်သွား၏။ 14 လူကြီးတို့အား ငါတို့ပြန်လာသည့်တိုင်အောင် ဤအရပ်၌စောင့်နေကြလော့။ အာရုန်နှင့်ဟုရတို့သည် သင်တို့နှင့်အတူရှိသည်ဖြစ်၍ မည်သူမဆိုအမှုရှိလျှင် သူတို့ထံသွားစေဟုမှာထားပြီးမှ၊ 15 မောရှေသည် တောင်ပေါ်သို့တက်သော် တောင်ကိုတိမ်တိုက်လွှမ်းမိုး၏။ 16 ထာဝရဘုရား၏ဘုန်းတော်သည် သိနာတောင်ပေါ်မှာတည်လျက်၊ ခြောက်ရက်ပတ်လုံးတိမ်တိုက်လွှမ်းမိုး၍ သတ္တမနေ့ရက်၌ တိမ်တိုက်ထဲမှ မောရှေအားခေါ်တော်မူ၏။ 17 တောင်ထိပ်ပေါ်မှာ တောက်လောင်သောမီးကဲ့သို့ ဣသရေလအမျိုးသားတို့မျက်မှောက်တွင် ထာဝရဘုရား၏ဘုန်းတော်ထင်ရှား၏။ 18 မောရှေသည် ထိုတိမ်တိုက်ထဲသို့ဝင်လျက် တောင်ပေါ်သို့တက်၍ အရက်လေးဆယ်နေ့ညဉ့်ပတ်လုံး တောင်ပေါ်တွင်နေ​ေလ၏။