21
ဣသရေလ လူတို့ရှေ့တွင် ထားရမည့်ဆုံးဖြတ်ချက်များကား၊ ဟေဗြဲလူမျိုးဖြစ်သောကျွန်ကိုဝယ်လျှင် ထိုကျွန်သည်ခြောက်နှစ်အစေခံ၍ သတ္တမနှစ်တွင် ကိုယ်နေကြေးမဲ့လွတ်သွားစေ။ တစ်ယောက်တည်းဝင်၍ခံလျှင် တစ်ယောက်တည်းပင်ထွက်စေ။ ခင်ပွန်းပါလျှင်၊ ခင်ပွန်းနှင့်တကွထွက်စေ။ ခင်ပွန်းကိုသခင်ထိမ်းမြား၍ သားသမီးရလျှင် ခင်ပွန်းနှင့်သားသမီးတို့ကို သခင်ပိုင်စေလျက် ကျွန်တစ်ယောက်တည်းသာ ထွက်သွားစေ။ သို့ရာတွင် ကျွန်က၊ သခင်နှင့်ကျွန်တော့်မယား၊ သားသမီးတို့ကိုချစ်ခင်၍ မထွက်လိုပါဟုပြောဆိုခဲ့လျှင် သခင်သည် ဘုရားသခင့်အထံတော်သို့ခေါ်သွင်းပြီးမှ အိမ်တံခါး၊ သို့မဟုတ် တံခါးတိုင်သို့ဆောင်ယူ၍ ကျွန်လည်းစူးနှင့်နားဖောက်ခံလျက် သခင့်ထံအစဉ်ကျွန်ခံစေ။
မည်သူမဆို ကိုယ့်သမီးကို ကျွန်အဖြစ်ရောင်းလျှင်၊ ထိုမိန်းမသည်ဆိုခဲ့သောကျွန်ယောက်ျားနည်းတူ ထွက်ရမည်မဟုတ်။ သခင်သည် ထိုမိန်းမကိုကိုယ်တိုင်မှန်းထား၍ မနှစ်သက်လျှင် ရွေးနုတ်ခွင့်ပေးစေ။ သစ္စာဖျက်သောကြောင့် လူမျိုးခြားတို့ထံရောင်းခွင့်မရှိ။ ကိုယ့်သားနှင့်ထိမ်းမှန်းထားလျှင်မူကား သမီးရင်းကိုပြုသည့်နည်းတူပြုစုရမည်။ 10 နှောင်းမယားယူသော်လည်း အထက်မယားအား အစား၊ အဝတ်၊ မယားဝတ်များကိုမလျှော့ရ။ 11 ထိုဝတ်သုံးပါးကို မပြုလျှင် ၎င်းမိန်းမသည် ကိုယ်နေကြေးမဲ့ထွက်စေ။
12 လူကိုအသေသတ်သူသည် ကိုယ်တိုင်သေဒဏ်ခံစေ။ 13 သူ့အသက်အန္တရာယ်ကိုမရှာကြံဘဲ လက်တွင်းသို့ဘုရားသခင်အပ်၍သတ်မိလျှင် ပြေးရမည့်အရပ်ကို ငါစီမံဦးမည်။ 14 သူတစ်ထူးကို လှည့်ဖြား၍ရက်စက်ကြမ်းကြုတ်စွာ သတ်သောသူ့ကိုကား ငါ့ပလ္လင်တော်မှပင် ဆွဲငင်ကွပ်မျက်စေ။
15 မိဘကိုသတ်ပုတ်သောသူသည် မုချသေဒဏ်ခံစေ။
16 မည်သူမဆို လူကိုခိုး၍ရောင်းသည်ဖြစ်စေ၊ လက်ငင်းတွေ့မိသည်ဖြစ်စေ သေဒဏ်ခံစေ။
17 မိဘကိုဆဲဆိုသောသူသည် သေဒဏ်မုချခံစေ။
18 လူချင်းခိုက်ရန်ဖြစ်၍ ကျောက်ခဲနှင့်ထုသည်ကိုဖြစ်စေ၊ လက်သီးနှင့်ထိုးသည်ကိုဖြစ်စေ၊ ခံရသောသူသည်၊ မသေဘဲအိပ်ရာ၌နေရသော်လည်း၊ 19 ထ၍တောင်ဝေးနှင့်ထွက်သွားနိုင်လျှင် လက်ရောက်ပြုသူသည် အပြစ်ကင်းစေ။ သို့ရာတွင် နာလျက်နေရသည့်အတွက် လျော်ငွေပေး၍ ကျန်းမာအောင်ကုသစေ။
20 သခင်သည် တုတ်နှင့်ရိုက်နှက်၍ ကျွန်ယောက်ျားဖြစ်စေ၊ ကျွန်မိန်းမဖြစ်စေ၊ ရိုက်တွင်းသေလျှင် လက်စားချေဒဏ်ကိုမုချခံစေ။ 21 တစ်ရက်နှစ်ရက်အတွင်း မသေလျှင်မူကား ကျွန်ပိုင်ဖြစ်၍သခင်မခံရ။
22 လူချင်းသတ်ပုတ်လုံးထွေးရာတွင် ကိုယ်ဝန်ဆောင်မိန်းမကို ထိခိုက်မိသဖြင့် သားပျက်သည်မှတစ်ပါး အန္တရာယ်မဖြစ်လျှင် လင်တောင်းသည့်လျော်ငွေကို စုံရာသမာဓိတို့စီရင်သည့်အတိုင်းပေးစေ။ 23 အန္တရာယ်ရှိလျှင်မူကား အသက်အစားအသက်၊ 24 မျက်စိအစားမျက်စိ၊ သွားအစားသွား၊ လက်အစားလက်၊ 25 ခြေအစားခြေ၊ မီးလောင်ခြင်းအစားမီးလောင်ခြင်း၊ ထိရှခြင်းအစားထိရှခြင်း၊ ဒဏ်ရာအစားဒဏ်ရာများကိုခံစေ။
26 သခင်သည် ကျွန်ယောက်ျား၊ ကျွန်မိန်းမ၏မျက်စိကိုပျက်အောင်ရိုက်လျှင် မျက်စိပျက်ရသည့်အတွက် အလွတ်ထွက်သွားခွင့်ပေးစေ။ 27 ကျွန်ယောက်ျား၊ ကျွန်မိန်းမ၏သွားကိုရိုက်ချိုးလျှင် သွားကျိုးရသည့်အတွက် အလွတ်ထွက်သွားခွင့်ပေးစေ။
28 နွားသည် လူယောက်ျား၊ လူမိန်းမကိုသေအောင်ဝှေ့လျှင် ခဲနှင့်ပစ်သတ်စေ။ အသားကိုမစားရ။ နွားရှင်မူကားအပြစ်ကင်းစေ။ 29 သို့ရာတွင် နွားသည်ယမန်ကဝှေ့တတ်သည်ကို နွားရှင်ကြားသိရလျက် မစောင့်ရှောက်သည်နှင့် ယောက်ျားမိန်းမကို ဝှေ့သတ်လျှင် ခဲနှင့်ပစ်သတ်စေ။ 30 နွားရှင်လည်းအသေခံစေ။ သို့မဟုတ် ကိုယ်အသက်ရွေးနုတ်ရန်စီရင်ချက်ရလျှင် စီရင်သည့်အတိုင်း ရွေးနုတ်ရန်လျော်ကြေးကိုပေးစေ။ 31 သားငယ်၊ သမီးငယ်တစ်စုံတစ်ယောက်ကို ဝှေ့လျှင်လည်း ဆိုခဲ့သောဆုံးဖြတ်ချက်အတိုင်းခံစေ။ 32 ကျွန်ယောက်ျား၊ ကျွန်မိန်းမကိုဝှေ့လျှင်မူကား ၄င်းကျွန့်သခင်သို့ ငွေအကျပ်သုံးဆယ်လျော်ပေးစေ။ နွားကိုလည်းခဲနှင့်ပစ်သတ်ရမည်။
33 မည်သူမဆို တွင်းကိုဖော်သည်ဖြစ်စေ၊ တူး၍မပိတ်ဘဲထားသည်ဖြစ်စေ၊ ထိုတွင်းသို့နွားမြည်းတစ်ကောင်ကောင်ကျလျှင်၊ 34 တွင်းရှင်သည် ပေးလျော်ထိုက်သောနွားမြည်းတန်ဖိုးကို နွားမြည်းရှင်အားပေးလျော်၍ အသေကောင်ကိုပိုင်စေ။
35 မည်သူ့နွားမဆို တစ်ဦးနွားကိုဝှေ့၍သေလျှင် ရှင်သောနွားကိုရောင်း၍ အဖိုးကိုသခင်နှစ်ဦးခွဲယူကြစေ။ နွားသေကိုလည်း ထက်ဝက်စီယူကြစေ။ 36 သို့ရာတွင် နွားသည်ယမန်က ဝှေ့တတ်သည်ကိုသိလျက် နွားရှင်မစောင့်ရှောက်၍ဖြစ်လျှင် နွားအစားနွားကို မုချလျော်ပေးစေ။ သေသောနွားကိုကား ပိုင်စေ။