20
ထိုနောက် ဘုရားသခင်မိန့်တော်မူသည်မှာ၊
ငါသည်ကျွန်ခံနေရာအိဂျစ်ပြည်မှ သင့်ကိုထုတ်ဆောင်ခဲ့သော သင့်ဘုရားသခင်ထာဝရဘုရားပေတည်း။
ငါမှတစ်ပါးအခြားသောဘုရားများကို မကိုးကွယ်နှင့်။
ရုပ်ပွားဆင်းတုကိုလည်းေကာင်း၊ အထက်ကောင်းကင်၊ အောက်မြေကြီး၊ မြေကြီးအောက် ရေထု၌ရှိသောအရာ၏ပုံသဏ္ဌာန်ကိုလည်းေကာင်း မလုပ်နှင့်။ ရှိမခိုး၊ ဝတ်မပြုနှင့်။ အသို့ဆိုသော်၊ သင့်ဘုရားသခင် ငါထာဝရဘုရားသည် မရှုစိတ်သောဘုရား၊ ငါ့ကိုမုန်းထားသောသူတို့အမျိုးအစဉ် တတိယစတုတ္ထအဆက်တိုင်အောင် ဘိုးဘေးတို့ပြစ်မှုကို သားမြေးမြစ်တို့အပေါ်တင်၍ စီရင်သောဘုရား၊ ငါ့ကိုချစ်ကြည်မြတ်နိုးလျက် ပညတ်တော်များကိုလည်း စောင့်ရှောက်သူတို့ အမျိုးအနွယ်အထောင်အသောင်းတို့အပေါ် ကရုဏာသက်သောဘုရားဖြစ်၏။
သင့်ဘုရားသခင် ငါထာဝရဘုရား၏နာမတော်ကို မထီမဲ့မြင်ပြု၍မသုံးနှင့်။ နာမတော်ကိုမထီမဲ့မြင်ပြု၍ သုံးသူ၌အပြစ်မရှိဟု ငါထာဝရဘုရားမှတ်တော်မမူ။
ဥပုသ်နေ့ကိုသီးသန့်စောင့်ရှောက်ရန် သတိရလော့။ ခြောက်ရက်အတွင်း ကိုယ့်အမှုအရေးရှိသမျှကို လုပ်ဆောင်ရသော်လည်း၊ 10 သတ္တမနေ့သည် သင့်ဘုရားသခင်ငါထာဝရဘုရားရှေ့ ဥပုသ်နေ့ဖြစ်သဖြင့် သင်မှစ၍ သား၊ သမီး၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ တိရစ္ဆာန်၊ တံခါးအတွင်းဝင်နေသူပါ မည်သည့်အမှုအရေးကိုမျှ မလုပ်မဆောင်ရ။ 11 အသို့ဆိုသော်၊ ငါထာဝရဘုရားသည် မိုး၊ မြေ၊ ရေနှင့်ပါရှိသမျှကို ခြောက်ရက်တွင်ဖန်ဆင်းပြီ၊ သတ္တမနေ့၌ငြိမ်ဝပ်စွာနေသည်ဖြစ်၍ ဥပုသ်နေ့ကိုကောင်းကြီးပေးလျက် သီးသန့်ထားတော်မူ၏။
12 သင့်ဘုရားသခင် ငါထာဝရဘုရားပေးသနားသောပြည်၌ တာရှည်စေရန် မိဘကိုရိုသေသမှုပြုလော့။
13 သူ့အသက်ကိုမသတ်နှင့်။
14 သူ့သားအိမ်ရာကိုမပြစ်မှားနှင့်။
15 သူ့ဥစ္စာကိုမခိုးနှင့်။
16 သူတစ်ပါး၏တစ်ဘက်၌မုသာသက်သေမခံနှင့်။
17 သူတစ်ပါး၏အိမ်၊ မယား၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ နွား၊ မြည်းမှစ၍ ပိုင်ဆိုင်ရာတစ်စုံတစ်ခုကိုမျှ တပ်မက်သောစိတ်မရှိစေနှင့်ဟူသော ဗျာဒိတ်အလုံးစုံကို မိန့်တော်မူ၏။
18 လူတစ်မျိုးလုံးသည်၊ မိုးချုန်းခြင်း၊ လျှပ်ပြက်ခြင်း၊ တံပိုးမှုတ်ခြင်း၊ တောင်မှမီးခိုးထွက်ခြင်းများကို သိမြင်သောအခါ၊ 19 ထွက်ပြေး၍ အဝေး၌ရပ်နေလျက် သေတော့မည်စိုး၍ ကျွန်တော်တို့ဘုရားသခင်မိန့်မြွက်တော်မမူပါစေနှင့်။ ကိုယ်တော်သာဆင့်ဆိုတော်မူပါ။ နာခံပါမည်ဟု မောရှေအားလျှောက်ဆိုကြသော်၊ 20 မောရှေက၊ မကြောက်ကြလင့်။ သင်တို့ကိုစုံစမ်းခြင်းငှါလည်းေကာင်း၊ ဘုရားသခင်ကိုခန့်ညားသောသဘောရှိ၍ မပြစ်မှားကြစေခြင်းငှါလည်းေကာင်း၊ ဘုရားသခင်ကြွလာတော်မူပြီဟု လူမျိုးအားပြောဆိုပြီးလျှင်၊ 21 မောရှေသည် ဘုရားသခင်ရှိတော်မူရာ တခဲနက်မှောင်အတိသို့ချဉ်းကပ်သော် လူမျိုးလည်း အဝေး၌ပင်ရပ်နေကြ၏။
22 ထိုအခါ ထာဝရဘုရားက၊ ဣသရေလအမျိုးသားတို့ကို ဆင့်ဆိုရမည်မှာ မိုးကောင်းကင်မှ သင်တို့အား ငါမိန့်မြွက်သည်ကို သိမြင်ကြပြီ။ 23 ငါမှတစ်ပါး၊ ကိုးကွယ်ရန် ငွေဘုရား၊ ရွှေဘုရားများကိုမလုပ်ကြနှင့်။ 24 ငါ့ထံပူဇော်ရန် မြေပလ္လင်တော်ကိုတည်၍ ၎င်းအပေါ်တွင်မီးရှို့ရာသက္ကာ၊ မိတ်သဟာယသက္ကာများအဖြစ် သင်တို့နွားသိုးဆိတ်များကို ပူဇော်ကြရမည်။ ငါ့နာမကိုသတိရစေမည့် နေရာအရပ်ရပ်၌ သင်တို့ရှိရာသို့ငါကြွလာ၍ ကောင်းကြီးပေးမည်။ 25 ကျောက်ပလ္လင်ကိုတည်လျှင်မူကား စို့နှင့်ဆစ်၍တည်က၊ ထိုပလ္လင်မသန့်ရာရောက်သည်ြဖစ်၍ ဆစ်သောကျောက်နှင့်မတည်ရ။ 26 ရှက်ဖွယ်ရာမဖြစ်စေခြင်းငှါ ပလ္လင်ထက်သို့လှေကားဖြင့် မတက်ရဟုဆင့်ဆိုရမည်။