19
ဣသရေလအမျိုးသားတို့သည် အိဂျစ်ပြည်ကထွက်လာသည့်နောက် တတိယလထိုနေ့ရက်တွင် သိနာတောသို့ရောက်ကြ၏။ ရေဖိဒိမ်စခန်းကချီလာပြီးမှ သိနာတောသို့ရောက်၍ ထိုတော၌ တောင်နှင့်ရင်ဆိုင်၊ ဣသရေလလူတို့စွဲရပ်ကြ၏။ ဘုရားသခင့်အထံတော်သို့ မောရှေတက်သွားရာ ထာဝရဘုရားသည် တောင်ပေါ်ကခေါ်တော်မူ၍ ယာကုပ်အမျိုးသားချင်း ဣသရေလလူတို့အား သင်ဆင့်ဆိုကြားပြောရမည်မှာ၊ ငါသည် အိဂျစ်လူတို့အပေါ်၌စီရင်ရာတွင် ရွှေလင်းတအတောင်ဖြင့် သင်တို့ကိုငါ့ထံချီဆောင်ခဲ့ကြောင်း သင်တို့သိမြင်ရကြပြီ။ ထိုကြောင့်သင်တို့သည် ငါ့ဗျာဒိတ်သံကိုနာခံနာယူ၍ ပဋိညာဉ်တော်ကိုလည်း စောင့်ရှောက်လျှင်၊ မြေတစ်ပြင်လုံးငါပိုင်ဖြစ်ရာ၌ သင်တို့သည်လူမျိုးတကာထက် ငါပိုင်ဆိုင်ရာအထူးဖြစ်ကြလိမ့်မည်။ သင်တို့သည် ပရောဟိတ်နိုင်ငံတော်၊ သီးသန့်သောလူမျိုးတော်ဖြစ်ကြလိမ့်မည်ဟူသော အမိန့်တော်ကို ဣသရေလအမျိုးသားတို့အား ဆင့်ဆိုလော့ဟု မိန့်တော်မူ၏။ မောရှေဆင်းလာ၍ လူကြီးတို့ကိုခေါ်ပြီးလျှင် ထာဝရဘုရားမိန့်မှာတော်မူသော ဗျာဒိတ်အလုံးစုံကို ပြန်ကြားသော်၊ လူအပေါင်းတို့က၊ ထာဝရဘုရားမိန့်တော်မူသမျှအတိုင်းပြုပါမည်ဟု တစ်ညီတစ်ညွတ်တည်းဝန်ခံကြလျှင် သူတို့စကားကို ထာဝရဘုရားထံမောရှေပြန်လျှောက်လေ၏။ ထာဝရဘုရားကလည်း၊ လူမျိုးသည် သင့်အားငါမြွက်ဆိုသည်ကိုကြား၍ သင့်ကိုအစဉ်အမြဲယုံကြစေရန် ထူထပ်သောတိမ်တိုက်နှင့်တကွ သင်ရှိရာသို့ကြွလာမည်ဟု မောရှေအားမိန့်တော်မူ၏။ လူမျိုး၏စကားများကို ထာဝရဘုရားထံမောရှေပြန်လျှောက်ရာ၊ 10 ထာဝရဘုရားက၊ လူမျိုးရှိရာသို့ပြန်သွား၍ ယနေ့နှင့်နက်ဖြန် သူတို့ကိုသန့်ရှင်းစေလော့။ အဝတ်ကိုဖွပ်လျှော်ကြစေ။ 11 တတိယနေ့၌ ငါထာဝရဘုရားသည် ထိုလူမျိုးအပေါင်းတို့ရှေ့ သိနာတောင်ထိပ်သို့ဆင်းသက်မည်ဖြစ်သောကြောင့် တတိယနေ့မတိုင်မီ အသင့်ရှိနေကြစေ။ 12 သင်ကလည်း၊ တောင်ပေါ်သို့မတက်၊ တောင်ခြေကိုမျှမထိကြစေရန် သတိပြုကြဟုတားမြစ်လျက် လူမျိုးရှိရာပတ်လည်၌ နယ်သတ်မှတ်၍ထားလော့။ 13 တောင်ကိုထိမိသူမည်သည်ကား အသေခံစေ။ ထိုသူ့ကိုလက်နှင့်မထိရဘဲ ကျောက်ခဲနှင့်သော်လည်းေကာင်း၊ မြှားနှင့်သော်လည်း့ေကာင်း၊ ပစ်သတ်ရမည်။ လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ အသက်မရှင်စေရ။ သိုးချိုတံပိုးမှုတ်မှသာ တောင်ကိုတက်ကြရမည်ဟု မောရှေအားမိန့်တော်မူ၏။ 14 မောရှေသည် တောင်ပေါ်မှ လူမျိုးရှိရာသို့ဆင်းသက်၍ သန့်ရှင်းစေသည့်ပြင် သူတို့လည်းအဝတ်ကိုဖွပ်လျှော်ကြ၏။ 15 မောရှေကလည်း၊ တတိယနေ့မတိုင်မီ အသင့်ရှိစေကြလော့။ မယားကိုမချဉ်းကြနှင့်ဟု လူမျိုးအားတားမြစ်၏။ 16 တတိယနေ့နံနက်အချိန်၌ မိုးချုန်းခြင်း၊ လျှပ်ပြက်ခြင်း၊ တောင်ပေါ်မှာတိမ်တိုက်လွှမ်းမိုးခြင်း၊ အလွန်ကျယ်စွာတံပိုးမှုတ်ခြင်းများဖြစ်သဖြင့် တပ်စခန်းရှိသူအပေါင်းတို့သည် တုန်လှုပ်ကြ၏။ 17 မောရှေလည်း၊ ဘုရားသခင်အားဖူးတွေ့စေခြင်းငှါ လူမျိုးကိုတပ်စခန်းမှခေါ်ဆောင်သဖြင့်၊ 18 သူတို့သည်တောင်ခြေရင်း၌ ရပ်နေကြစဉ် ထာဝရဘုရားသည် သိနာတောင်ထိပ်သို့ မီးတေဇော်နှင့်တကွ ဆင်းသက်တော်မူသောကြောင့် တောင်လုံးနှံ့မီးခိုးထွက်၍ မီးဖိုမှ အခိုးတက်သကဲ့သို့တက်လျက် တစ်တောင်လုံးပြင်းစွာတုန်လှုပ်လေ၏။ 19 တိုး၍တံပိုးသံကျယ်သောအခါ မောရှေလျှောက်တင်လျှင် အသံတော်ဖြင့် ဘုရားသခင်ပြန်၍မိန့်တော်မူ၏။ 20 ထာဝရဘုရားသည် သိနာတောင်ထိပ်သို့ဆင်းသက်၍ မောရှေကိုတောင်ပေါ်သို့ ခေါ်တော်မူသည့်အတိုင်း မောရှေတက်လေသော်၊ 21 ထာဝရဘုရားက၊ လူမျိုးသည်ဖူးမြင်လိုသဖြင့် ငါထာဝရဘုရားထံ ကျော်ဝင်မိသည့်အတွက် အများတို့မပျက်စီးကြစေရန် ဆင်း၍သတိပေးလော့။ 22 ငါထာဝရဘုရားဒဏ်မခတ်ရစေရန် ငါ့ထံချဉ်းကပ်ခွင့်ရှိသော ပရောဟိတ်တို့လည်း ကိုယ်ကိုသန့်ရှင်းကြစေဟု မောရှေအားမိန့်တော်မူ၏။ 23 မောရှေက၊ တောင်ကိုဆီးကာလျက် သန့်ရှင်းစေဟူ၍ မိန့်တော်မူသည့်အတိုင်း လူမျိုးသည်သိနာတောင်သို့မတက်နိုင်ကြပါဟု ထာဝရဘုရားအား ပြန်လျှောက်လျှင်၊ 24 ဆင်းသွားဦး။ သင်နှင့်အာရုန်သာတက်ရမည်။ ငါထာဝရဘုရားဒဏ်မခတ်ရစေရန် ပရောဟိတ်များနှင့်လူမျိုးသည် ငါ့ထံတက်လို၍ မကျော်မ၀င်စေနှင့်ဟု ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း၊ 25 မောရှေသည် လူမျိုးရှိရာသို့ဆင်း၍ ဆင့်ဆိုလေ၏။