14
မောရှေအား၊ ထာဝရဘုရားမိန့်တော်မူသည်မှာ ဣသရေလအမျိုးသားတို့သည်လှည့်၍ မိဂဒေါလမြို့နှင့်ပင်လယ်စပ်ကြား ပိဟဟိရုတ်မြို့၊ ဗာလဇေဖုန်မြို့များရှေ့မှာ စွဲရပ်ေစြခင်းငှါ မှာထားလော့။ ထိုမြို့ေရှ့၊ ပင်လယ်ကမ်းအနီးစွဲရပ်ကြရမည်။ ဣသရေလအမျိုးသားတို့နှင့်စပ်၍ ဖာရောမင်းက၊ ထိုသူတို့သည် ပြည်နယ်လမ်းရှူပ်ထွေးသဖြင့် သဲကန္တာရတွင် ကျဉ်းကျပ်လျက်ရှိပြီဟု ဆိုအံ့သည်နှင့်၊ ဖာရောမင်း၏စိတ်နှလုံးကို ငါခဲယဉ်းစေ၍ သူလိုက်လံလိမ့်မည်။ ထိုမင်းနှင့်ဗိုလ်ခြေတို့အားဖြင့် ဂုဏ်တော်ထင်ပေါ်လျက် ငါထာဝရဘုရားဖြစ်ကြောင်း အိဂျစ်လူတို့သိရကြလတ္တံ့ဟု မိန့်တော်မူသည့်အတိုင်း ဣသရေလလူတို့ပြုကြ၏။ ထိုလူမျိုးထွက်ပြေးကြောင်း အိဂျစ်ဘုရင်သတင်းကြားသော် မင်းနှင့်ကျေးကျွန်သင်းပင်းတို့ စိတ်ပြောင်းသဖြင့် ဣသရေလလူတို့ကို ငါတို့စေစားရာမှ သွားခွင့်ပြုကြသည်ကား၊ မည်သို့နည်းဟုဆိုလျက်၊ 6-7 ဖာရောမင်းသည် ရထားတော်ကိုကစေ၍ လက်ရွေးစစ်ရထားခြောက်ရာမှစသော အိဂျစ်စစ်ရထားရှိသမျှနှင့်တကွ ဗိုလ်မင်းတို့ပါအလုံးအရင်းကို ခေါ်ယူချီသွားလေ၏။ စိတ်နှလုံးကို ထာဝရဘုရားခဲယဉ်းစေတော်မူသဖြင့် အိဂျစ်ဘုရင်ဖာရောမင်းသည် ဣသရေလအမျိုးသားတို့ကို လိုက်လံလေ၏။ မောက်မာသောလက်ရုံးရည်ဖြင့် ဣသရေလအမျိုးသားတို့ထွက်သွားကြလျှင်၊ ဖာရောမင်း၏စစ်မြင်း၊ စစ်ရထား၊ မြင်းစီးသူရဲစသောအိဂျစ်ဗိုလ်ခြေတို့သည် လိုက်လံ၍ ပိဟဟိရုတ်မြို့အနီး ဗာလဇေဖုန်မြို့ရှေ့၊ ပင်လယ်ကမ်းခြေတွင် စွဲရပ်သောတပ်ကိုမှီကြ၏။ 10 ဖာရောမင်းချဉ်းလာရာ အိဂျစ်လူတို့လိုက်ချီသည်ကို ဣသရေလအမျိုးသားတို့သည် မျှော်ကြည့်၍မြင်သော် အလွန်ကြောက်လန့်သဖြင့် ထာဝရဘုရားထံဟစ်ကြသည့်ပြင်၊ 11 အိဂျစ်ပြည်တွင် သင်္ချၖိုင်းမရှိသောကြောင့် တော၌သေစေရန် ငါတို့ကိုဆောင်ခဲ့သလော။ အိဂျစ်ပြည်မှထုတ်ဆောင်၍ မည်သို့ပြုဘိသနည်း။ 12 အိဂျစ်လူတို့ထံကျွန်ခံ၍ နေပါရစေဟူသောစကားကို အိဂျစ်ပြည်တွင် ငါတို့ပြောခဲ့ကြသည်မဟုတ်လော။ တော၌သေရသည်ထက် အိဂျစ်လူတို့ထံကျွန်ခံရခြင်းသည် သာ၍ကောင်းသည်ဟု မောရှေအားဆိုကြလျှင်၊ 13 မောရှေက၊ မကြောက်ကြလင့်။ သင်တို့အတွက် ထာဝရဘုရား ယနေ့ပြုတော်မူမည့် ကယ်ဆယ်ခြင်းအမှုကို တန့်စားကြည့်ရှုကြလော့။ သင်တို့သည် အိဂျစ်လူတို့ကို ယနေ့မြင်ရသော်လည်း နောက်မည်သည့်အခါမျှ မြင်ရတော့မည်မဟုတ်။ 14 ထာဝရဘုရားသည် သင်တို့အဖို့စစ်တိုက်တော်မူမည်ဖြစ်၍ သင်တို့ဆိတ်ဆိတ်နေကြရမည်ဟု လူမျိုးအားဆို၏။
15 ထာဝရဘုရားသည်၊ မောရှေအားမိန့်တော်မူပြန်သည်မှာ၊ အဘယ်ကြောင့်ငါထံဟစ်သနည်း။ ဣသရေလအမျိုးသားတို့ ချီသွားစေခြင်းငှါမှာထားလော့။ 16 သင်မူကား တောင်ဝေးကိုမြှောက်ချီပြီးလျင် ပင်လယ်ပေါ်တွင်လက်ဆန့်၍ ရေကိုခွဲလော့။ ဣသရေလအမျိုးသားတို့သည် ပင်လယ်ထဲ၌ ကြည်းကြောင်းဝင်သွားရကြမည်။ 17 အိဂျစ်လူတို့စိတ်နှလုံးကို ငါခဲယဉ်းစေ၍ သူတို့လည်းဝင်လိုက်ကြသဖြင့် ဖာရောမင်းနှင့်ရထားတပ်၊ မြင်းတပ်စသော ဗိုလ်ခြေအပေါင်းတို့အားဖြင့် ဂုဏ်တော်ထင်ပေါ်လိမ့်မည်။ 18 ထိုဖာရောမင်းနှင့် ရထားတပ်၊ မြင်းတပ်များအားဖြင့် ဂုဏ်တော်ထင်ပေါ်သောအခါ ငါထာဝရဘုရားဖြစ်ကြောင်း အိဂျစ်လူတို့သိရကြလတ္တံ့ဟု မိန့်တော်မူ၏။ 19 ထိုအခါ ဣသရေလတပ်ဦးက ကြွတတ်သောဘုရားသခင့်စေတမန်တော်သည် နောက်သို့ရွှေ့၍လိုက်လေ၏။ တိမ်တိုင်လည်းရှေ့မှရွှေ့၍ နောက်၌တည်နေလေ၏။ 20 ထိုသို့အိဂျစ်တပ်နှင့် ဣသရေလတပ်ကြားတွင် ဝင်ရောက်ပြီးမှ ညဉ့်အခါလင်းစေလျက်ပင် တိမ်တိုက်နှင့်တကွမှောင်ကျသဖြင့် တစ်ညဉ့်ပတ်လုံးတစ်တပ်နှင့်တစ်တပ် မချဉ်းရာ။ 21 ပင်လယ်ပေါ်မှာ မောရှေလက်ဆန့်လျှင် ထာဝရဘုရားသည် တစ်ညဉ့်ပတ်လုံး ပြင်းထန်သောအရှေ့လေဖြင့် ရေကိုစီးစေလျက် ပင်လယ်ကိုကုန်းဖြစ်စေတော်မူသဖြင့် ရေချင်းကွဲပြတ်လျက်ရှိသည်နှင့်၊ 22 ပင်လယ်ထဲ၌ ဣသရေလအမျိုးသားတို့ ကြည်းကြောင်းသွားကြရာ ရေသည်ဝဲယာနှစ်ဘက်မှာ တံတိုင်းဖြစ်လေ၏။ 23 ဖာရောမင်း၏စစ်မြင်း၊ စစ်ရထား၊ မြင်းစီးသူရဲစသော အိဂျစ်တပ်အပေါင်းတို့ လိုက်လံ၍ ပင်လယ်ထဲသို့ဝင်ကြရာ၊ 24 ထာဝရဘုရားသည် မီးတိုင်၊ တိမ်တိုင်ထဲမှ အိဂျစ်တပ်ကိုမစ္ဆိမယံ၌စီးကြည့်၍ ရုန်းရင်းခတ်ဖြစ်စေတော်မူလျက်၊ 25 ထိုသူတို့ရထားအသွားခက်စေခြင်းငှါ ဘီးများကိုကပ်စေတော်မူ၏။ အိဂျစ်လူတို့ကလည်း၊ ထာဝရဘုရားသည် သူတို့ဘက်၌ ငါတို့ကိုစစ်တိုက်တော်မူသောကြောင့် ဣသရေလလူတို့ထံမှ ဆုတ်ပြေးကြကုန်အံ့ဟု ပြောဆိုကြ၏။
26 ထာဝရဘုရားကလည်း ရထားတပ်၊ မြင်းတပ်စသော အိဂျစ်တပ်များအပေါ်သို့ ရေပြန်စီးစေခြင်းငှါ ပင်လယ်ပေါ်တွင် လက်ဆန့်လော့ဟု မောရှေအားမိန့်တော်မူသည်အတိုင်း၊ 27 မောရှေလက်ဆန့်သဖြင့် အရုဏ်တက်အချိန် ပင်လယ်ရေစီးမြဲစီးပြန်၍ အိဂျစ်လူတို့ဖြတ်ပြေးကြသော်လည်း ပင်လယ်အလယ်တွင် ထာဝရဘုရားဖြိုလှဲတော်မူ၏။ 28 ရေစီးပြန်၍ ပင်လယ်ထဲသို့ဝင်လိုက်သော ဖာရောမင်း၏ရထားတပ်၊ မြင်းတပ် စသောဗိုလ်ခြေအပေါင်းတို့ကို လွှမ်းမိုးသဖြင့် တစ်ယောက်မျှမကျန်ချေ။ 29 ဣသရေလအမျိုးသားတို့မူကား ပင်လယ်အလယ်တွင် ကြည်းကြောင်းလျှောက်သွားလျက် ရေသည်ဝဲယာနှစ်ဘက်တံတိုင်းဖြစ်လေ၏။ 30 ထိုနေ့၌ ဣသရေလလူတို့ကို အိဂျစ်လူတို့လက်မှ ထာဝရဘုရားကယ်လွှတ်တော်မူသဖြင့် ပင်လယ်ကမ်းခြေတစ်လျှောက် အိဂျစ်လူတို့အလောင်းများကို မြင်ရကြ၏။ 31 ထိုသို့ အိဂျစ်လူတို့၌ ထာဝရဘုရားပြုတော်မူသောအမှုကြီးကို ဣသရေလလူတို့သည်မြင်၍ ထာဝရဘုရားကိုခန့်ညားလျက် ကိုယ်တော်နှင့်တကွ ကျွန်တော်ရင်းမောရှေကိုယုံကြည်ကြ၏။