11
1 မောရှေအား ထာဝရဘုရားကလည်း၊ ဖာရောမင်းနှင့်အိဂျစ်ပြည်ပေါ်မှာ ဘေးတစ်ကြိမ်ထပ်၍ငါသင့်စေမည်။ ထိုနောက်သင်တို့ကို ဤပြည်မှလွှတ်လိမ့်မည်။ လွှတ်သောအခါ အကုန်အစင်နှင်ထုတ်လိမ့်မည်။
2 ယောက်ျားသည် ယောက်ျားချင်းမှလည်းေကာင်း၊ မိန်းမသည် မိန်းမချင်းမှလည်းေကာင်း၊ ရွှေထည်ငွေထည်များကို တောင်းစေခြင်းငှါ လူမျိုးအားကြားပြောလော့ဟု မိန့်တော်မူ၏။
3 ထာဝရဘုရားသည် ထိုလူမျိုးကို အိဂျစ်လူတို့ထံမျက်နှာသာရစေတော်မူ၏။ မောရှေလည်း အိဂျစ်ပြည်တွင် ဖာရောမင်း၏ကျေးကျွန်သင်းပင်းပြည်သူပြည်သားတို့ရှေ့ အသရေကြီးမြင့်လေ၏။
4 တစ်ဖန်မောရှေဆင့်ဆိုသည်မှာ ထာဝရဘုရားက၊ ငါသည်သန်းခေါင်ယံ၌ အိဂျစ်ပြည်လယ်သို့ကြွသွား၍၊
5 နန်းစံသောဖာရောမင်း၏သားဦးမှစ၍ ကြိတ်ဆုံကြိတ်သောကျွန်မိန်းမ၏ သားဦးတိုင်အောင် တိရစ္ဆာန်များ၏သားဦးများပါ အိဂျစ်ပြည်၌သားဦးဟူသမျှတို့သည် သေကြလိမ့်မည်။
6 ရှေးကာလ၌ မဖြစ်စဖူး၊ နောင်၌လည်းမဖြစ်လတ္တံ့သောကြီးစွာဟစ်ကြွေးသံသည် အိဂျစ်ပြည်တစ်ဝှမ်းလုံးတွင်ဖြစ်လိမ့်မည်။
7 သို့ရာတွင် ငါထာဝရဘုရားသည် အိဂျစ်လူမျိုးနှင့်ဣသရေလလူမျိုးတို့ကို ခွဲခြားထားတော်မူကြောင်း သင်တို့သိမှတ်စေခြင်းငှါ ဣသရေလအမျိုးသား လူသူတိရစ္ဆာန်များကို ခွေးမျှမဟိန်းရဟုမိန့်တော်မူပြီ။
8 အရှင့်ကျေးကျွန်သင်းပင်းဖြစ်သော ဤသူအပေါင်းတို့ကား ကျွန်တော့်ထံလာ၍ ကိုယ်တော်နှင့်နောက်ပါလူအပေါင်းတို့ ထွက်ကြွကြပါဟု ရှိခိုးတောင်းပန်မှ ကျွန်တော်ထွက်သွားမည်ဟု လျှောက်ဆိုလျက် ဒေါသမီးလောင်၍ ဖာရောမင်းထံမှထွက်သွားလေ၏။
9 ထာဝရဘုရားကလည်း၊ အိဂျစ်ပြည်တွင် ငါ့သက်သေနိမိတ်များကိုတိုးပွားစေရန် သင်တို့စကားကို နားမထောင်ဘဲ ဖာရောမင်းနေရလိမ့်မည်ဟု မောရှေအားမိန့်တော်မူ၏။
10 ဖာရောမင်းရှေ့မှာ ဆိုခဲ့သောသက်သေနိမိတ်အမျိုးမျိုးကို မောရှေနှင့်အာရုန်ပြုသော်လည်း ထာဝရဘုရားသည် ဖာရောမင်း၏စိတ်နှလုံးကိုခဲယဉ်းစေတော်မူသဖြင့် ဣသရေလအမျိုးသားတို့ကို ပြည်တော်မှမလွှတ်ဘဲနေသေးသတည်း။