6
ထိုညဉ့်၌၊ ဘုရင်မင်းစက်တော်မခေါ်နိုင်သဖြင့်၊ နေ့စဉ်မှတ်စာတန်းကို ဆက်သွင်းစေရန်အမိန့်တော်အတိုင်း၊ ရှေ့တော်တွင်ဖတ်သော်၊ အာရွှေရုမင်းအား၊ အဝင်အထွက်စောင့်ကြည့်ရသောမိန်းမစိုးဗိဂသံ၊ တေရက်နှစ်ယောက်တို့လက်ရောက်ပြုမည့်အကြံကိုမော်ဒကဲဖော်ပြကြောင်းတွေ့လျှင်၊ ဘုရင်မင်းက၊ ထိုအတွက် မော်ဒကဲသည်၊ မည်သည့်အရာ၊ မည်သည့်ဂုဏ်ထူးကိုခံရပြီနည်းဟုမေးမြန်းသော်၊ အပါးတော်မြဲကျေးကျွန်သင်းပင်းတို့က၊ မည်သည်မျှမရ သေးပါဟုပြန်လျှောက်ကြရာ၊ နန်းမြို့ရိုးအတွင်း၊ မည်သူရှိသနည်းဟုဘုရင်မင်းမေးလေ၏။ ထိုအခါ၊ ဟာမန်သည်၊ စိုက်ပြီးလည်ဆွဲတိုင်၌မော်ဒကဲကိုဆွဲထားရမည့်အကြောင်းသံတော်ဦးတင်ရန်၊ အပြင်နန်းမြို့ရိုးအတွင်းဝင်လာခိုက်ဖြစ်၍၊ ကျေးကျွန်သင်းပင်းတို့က၊ ဟာမန်သည်၊ နန်းမြို့ရိုးအတွင်းစောင့်နေပါသည်ဟု တင်လျှောက်ကြရာ၊ ဝင်စေဟူသောအမိန့်တော်အတိုင်းဟာမန်ဝင်လျှင်၊ ဘုရင်မင်းက၊ ငါဘုရင်ချီးမြှင့်လိုသောသူ့အား၊ မည်သို့ပြုထိုက်သနည်းဟုမေးမြန်းရာ၊ ငါ့ထက်သာ၍ ဘုရင်မင်းချီးမြှင့်လိုသောသူ၊ မည်သူရှိတော့အံ့နည်းဟုအောက်မေ့ သောဟာမန်က၊ ဘုရင်မင်းချီးမြှင့်လိုသူအဖို့ကား၊ 7-8 ဘုရင်မင်းဆင်ယင်တော်မူသောမင်းမြောက်တန်ဆာ၊ စီးတော်မြင်း၊ တင်တော်မူသောမကိုဋ်များကိုယူပြီးလျှင်၊ ဘုရင်မင်းချီးမြှင့်လိုသူ့ကို ဆင်ယင်ရန်၊ မင်းမြောက်တန်ဆာနှင့် မြင်းတော်ပါ၊ ကြီးမြတ်သောအမတ်တစ်ပါးပါးကိုင်စေလျက်၊ မြို့လမ်းမတော်တလျှောက်မြင်းစီးရာတွင်၊ ဘုရင်မင်းချီးမြှင့်လိုသောသူ့အားထိုသို့ပြုရမည့်အကြောင်း၊ သူရှေ့က ကြော်ငြာပါလေစေဟုတင်လျှောက်သော်၊ 10 ဘုရင်မင်းက၊ သင်တင်သည့်အတိုင်း၊ မင်းမြောက်တန်ဆာနှင့်မြင်းတော်ပါအသော့ယူသွား၍၊ နန်းတော်တံခါးအတွင်းနေထိုင်သောယုဒလူမျိုးမော်ဒကဲအား၊ မယုတ် မလျော့ပြုလော့ဟုမိန့်ဆို၏။ 11 ဟာမန်သည်၊ မင်းမြောက်တန်ဆာနှင့် မြင်းတော်ပါယူသွား၍၊ မော်ဒကဲကိုဆင်ယင်ပြီးလျှင်၊ မြို့လမ်းမတော်တစ်လျှောက်စီးစေရာတွင်၊ ဘုရင်မင်းချီးမြှင့်လိုသောသူ့အား၊ ထိုသို့ပြုရမည့်အကြောင်း၊ သူ့ရှေ့ကကြော်ငြာလျက်၊ 12 နန်းတော်တံခါးသို့မော်ဒကဲပြန်ရောက်လေ၏။ ဟာမန်မူကား၊ မြည်တမ်း၍ ဦးခေါင်းခြုံလျက်၊ အိမ်သို့အမြန်သွားပြီးလျှင်၊ 13 မယားဇေရက်နှင့်အဆွေခင်ပွန်းအပေါင်းတို့ထံဖြစ်ပျက်သမျှကိုဖော်ပြသော်၊ မယားဇေရက်နှင့်ပညာရှိအဆွေတို့က၊ သင်နှိမ့်ချစပြုခဲ့ရသောမော်ဒကဲသည်၊ ယုဒလူမျိုး မှန်လျှင်၊ သင်နိုင်မည်မဟုတ်။ မုချအနိမ့်ခံရမည်ဟုပြန်ပြောကြ၏။ 14 ထိုသို့ပြောစဉ်တွင်၊ ဘုရင်မင်းမိန်းမစိုးတို့ရောက်လာ၍၊ ဧသတာယင်သောစားသောက်ပွဲသို့၊ ဟာမန်အသော့လိုက်လာရမည့်အကြောင်းပြန်ကြားကြ၏။