5
သုံးရက်မြောက်သောနေ့၌ ဧသတာသည်၊ မာလိကတန်ဆာကိုဆင်ယင်ပြီးလျှင်၊ နန်းတော်အတွင်းမြို့ရိုး၊ နန်းဦးရင်ဆိုင်ရပ်နေရာ၊ နန်းဦးမုတ်ဝတူရူရာဇပလ္လင်ထက် စံနေသောဘုရင်မင်းသည်၊ မြို့ရိုးတော်အတွင်း ရပ်နေသောမိဖုရားဧသတာကိုမြင်လျှင်၊ မျက်နှာသာပေး၍၊ လက်သုံးတော်ရာဇရွှေလှံတံကိုကမ်းလှမ်းသော်၊ ဧသတာချဉ်းကပ်လျက် လှံတံတော် ဖျားကိုထိလေ၏။ ဘုရင်မင်းက၊ မိဖုရားဧသတာ၊ ဘယ်အကြောင်းနည်း။ မည်သည်ကိုလိုသနည်း။ နိုင်ငံတော်တစ်ဝက်တိုင်အောင်ငါပေးမည်ဟုမိန့်ဆိုလျှင်၊ ဧသတာက၊ ဘုရင်မင်းသဘောတော်မြတ်ပါမူ၊ ဘုရင်မင်းအဖို့ကျွန်မယင်သော စားသောက်ပွဲသို့၊ ဟာမန်နှင့်တကွ၊ ယနေ့ကြွတော်မူပါဟုလျှောက်သော်၊ မိဖုရားတင်လျှောက်သည့်အတိုင်းဝင်ရန်၊ အလျင်အမြန်ဟာမန်လာစေဟု ဘုရင်မင်းမိန့်ဆိုပြီးမှ၊ မိဖုရားယင်သောစားသောက်ပွဲသို့၊ ဟာမန်နှင့်အတူကြွဝင်လေ၏။ စပျစ်ရည်ပွဲတော်သုံးစဉ် ဘုရင်မင်းက၊ မည်သို့တောင်းလျှောက်လိုသနည်း။ ငါပေးမည်။ မည်သည်ကိုလိုသနည်း။ နိုင်ငံတော်တစ်ဝက်တိုင်အောင်ငါပေးမည်ဟု၊ ဧသတာ အားမိန့်ဆိုလျှင်၊ ကျွန်မတောင်းလျှောက်လိုသည်ကား၊ အထံတော်၌မျက်နှာသာရ၍၊ ကျွန်မတောင်းလျှောက်မည့်အလိုဆန္ဒကိုသဘောတော်မြတ်ပါမူ၊ နက်ဖြန်ကျွန်မယင်မည့်စားသောက်ပွဲသို့၊ ဟာမန်နှင့်အတူ ကြွတော်မူ ပါဦး။ အမိန့်တော်မြတ်ရင်းအတိုင်း၊ ကျွန်မအသနားတော်ခံပါမည်ဟုတင်လျှောက်လေ၏။
ဟာမန်သည်၊ ထိုနေ့ဝမ်းမြောက်ရွှင်လန်းစွာထွက်သွားရာ၊ နန်းတော်တံခါးဝတွင်၊ တုန်လှုပ်ခြင်းကင်းလျက်၊ မထဘဲနေမြဲနေသောမော်ဒကဲကိုမြင်သဖြင့်၊ 10 ဒေါသထွက်သော်လည်း၊ ချုပ်တည်းလျက်အိမ်သို့သွား၍ မယားဇေရက်နှင့်အဆွေခင်ပွန်းတို့ကိုခေါ်ပြီးလျှင်၊ ကိုယ့်စည်းစိမ်ကြီးမြတ်ကြောင်းကိုလည်းေကာင်း၊ 11 သားသမီးများပြားကြောင်းကိုလည်းေကာင်း၊ ဘုရင်မင်းသူကောင်းပြုတော်မူကြောင်းနှင့်၊ မှူးတော်မတ်တော်ကျေးကျွန်သင်းပင်းတို့ထက် နေရာထူးပေးတော်မူကြောင်းကိုလည်းေကာင်း ဖော်ပြပြီးနောက်၊ 12 မိဖုရားဧသတာလည်း၊ ယင်တော်မူသောစားသောက်ပွဲသို့၊ ငါမှတစ်ပါးမည်သူ့ကိုမျှ ဘုရင်မင်းနှင့်အတူဝင်ခွင့်မပေး။ နက်ဖြန်နေ့ပင် ဘုရင်မင်းနှင့်အတူငါ့ကိုခေါ်ဖိတ် တော်မူသေး၏။ 13 သို့ရာတွင်၊ နန်းတော်တံခါးဝ၌၊ ယုဒလူမျိုးမော်ဒကဲနေထိုင်ခွင့်ရသမျှကာလပတ်လုံး၊ ဖော်ပြခဲ့သည့်အရာမလောက်သေးပါဟုဆိုရာ၊ 14 မယားဇေရက်နှင့်အဆွေခင်ပွန်းအပေါင်းတို့က၊ တောင်ရေငါးဆယ်မြင့်သော လည်ဆွဲတိုင်စိုက်ပါစေ။ ထိုတိုင်၌မော်ဒကဲကိုဆွဲထားစေရန်နက်ဖြန်သံတော်ဦးတင်လော့။ ထို့နောက်၊ ဘုရင်မင်းနှင့်အတူ၊ စားသောက်ပွဲသို့၊ ရွှင်လန်းစွာဝင်ခွင့်ရလိမ့်မည်ဟူသောအကြံကို၊ ဟာမန်နှစ်သက်သဖြင့်၊ လည်ဆွဲတိုင်စိုက်စေ၏။