6
ထိုအခါ၊ ဒါရိမင်းအမိန့်တော်အရ၊ ဗာဗုလုန်မြို့ဘဏ္ဍာသိုထားရာစာရင်းတိုက်မှစ၍ ရှာဖွေကြလျှင်၊ မေဒိပြည်၊ အာခမေသမြို့စံနန်းတော်၌တွေ့သောအမိန့်တော်စာလိပ်ကား၊ ကုရုမင်းနန်းစံတစ်နှစ်တွင်၊ ထုတ်ဆင့်တော်မူသည်မှာ၊ ယေရုရှလင်မြို့ ဘုရားသခင့် ဗိမာန်တော်နှင့်စပ်လျဉ်း၍၊ ပူဇော်သက္ကာဆက်ကပ်ရာဌာနဗိမာန်တော်ကို၊ ခိုင်ခံ့သော အမြစ်ချပြီးလျှင်၊ အမြင့်အတောင်ခြောက်ဆယ်၊ အနံအတောင်ခြောက်ဆယ်၊ ကြီးမားသောကျောက်သုံးရစ်၊ သစ်သားတစ်ရစ်ကျ၊ တည်ဆောက်ကြစေ၊ ကုန်ဝင်စရိတ်ကိုလည်း၊ ရွှေတိုက်တော်ကထုတ်ပေးစေ။ ယေရုရှလင်မြို့ဘုရားသခင့်ဗိမာန်တော်မှ၊ နေဗုခဒ်နေဇာမင်းထုတ်ယူလျက်၊ ဗာဗုလုန်မြို့သို့ဆောင်ခဲ့သောရွှေငွေအသုံးအဆောင်တော်များကို၊ ယေရုရှလင်မြို့ဗိမာန် တော်နေရာရင်းသို့ပြန်သွင်းစေ။ သင်လည်း၊ ဗိမာန်တော်တွင်းသို့ကိုယ်တိုင်ပြန်သွင်းလော့ဟူ၍တည်း။
ထို့ကြောင့်၊ မြစ်ကြီးအနောက်ဘက် ဘုရင်ခံချုပ်တာတနဲ၊ ရှေသာဗောဇနဲတို့မှစ၍၊ ဘက်ပါအနောက်ဘက်သား အဖာသသက် လူမျိုးတို့၊ ကင်းကင်းနေ၍၊ ဗိမာန်တော်တည်ဆောက်မှုကိုရှိစေလော့။ ယုဒဘုရင်ခံနှင့် အကြီးအကဲတို့သည်၊ နေရာရင်း၌ဤဗိမာန်ကိုတည်ဆောက်ကြစေ။ ၎င်းပြင်၊ ဤဗိမာန်ကိုတည်ဆောက်သူ ယုဒအကြီးအကဲတို့အား ထောက်မရန်ထုတ်ဆင့်သည်ကား၊ အလုပ်မဖင့်နွှဲရစေရန်၊ ကုန်ဝင်စရိတ်ကို၊ ပိုင်တော်မူရာမြစ်ကြီး အနောက်ဘက်ငွေတော်ထဲက၊ လုံ့လထုတ်၍ ပေးကြလော့။ 9-10 ငါဧကရာဇ်မှစ၍ သားတော်အစဉ်၊ မြေးတော်အဆက် အသက်ရှည်ရမည့်အကြောင်း၊ မိုးကောင်းကင့်ရှင်ဘုရားသခင့်ထံ၊ စိတ်တော်ပြေဖွယ် ရနံ့ကိုဆက်ကပ်လျက်၊ တောင်းလျှောက်ကြစေရန်၊ ယေရုရှလင်မြို့ရှိပရောဟိတ်တို့စီမံသည့်အတိုင်း၊ ထိုဘုရားသခင့် ရှေ့မီးရှို့ရာသက္ကာအဖြစ်၊ နွားပေါက်၊ သိုးထီး၊ သိုးသားငယ်နှင့်တကွ၊ ဂျုံစပါး၊ ဆား၊ စပျစ်ရည်၊ ဆီ၊ အလိုရှိသမျှကို၊ နေ့စဉ်မပြတ်ပေးကြလော့။ 11 မည်သူမဆို၊ ထိုအမိန့်တော်ကိုဖီဆန်လျှင်၊ ချင့်အိမ်မှထုတ်ယူသောထုပ်လျောက်စွန်းတွင်၊ ချင်းကိုကြိုးတင်လျက်၊ အိမ်ကိုလည်း ကိုယ်သုတ်သင်ရာအိမ်ဖြစ်စေ။ 12 ယေရုရှလင်မြို့ဤဗိမာန်တော်ကိုဖျက်ဆီးရန်သော်လည်းေကာင်း၊ အမိန့်တော်ကိုဖီဆန်ရန်သော်လည်းေကာင်း၊ ကြံစည်သောမင်းမှစ၍ပြည်သူပြည်သားအပေါင်းတို့ကို၊ ထိုဗိမာန်၌နာမတော် တည်စေသောဘုရားသခင်သည်၊ ဖြိုလှဲတော်မူပါစေသော။ ငါဒါရိမင်းအမိန့်တော်ထုတ်ပြီ။ လုံ့လပြု၍ ဆောင်ရွက်ကြလော့ဟူ၍တည်း။
13 ထိုသို့ထုတ်ဆင့်သောဒါရိမင်းအမိန့်တော်ကြောင့်၊ မြစ်ကြီးအနောက်ဘက်ဘုရင်ခံချုပ် တာတနဲ၊ ရှေသာဗောဇနဲတို့နှင့်၊ ဘက်ပါသူတို့သည်၊ လုံ့လထုတ်၍ ဆောင်ရွက်ကြ၏။ 14 ယုဒအကြီးအကဲတို့လည်း၊ ပရောဖက်ဟဂ္ဂဲ၊ ဣဒေါ့သားဇာခရိတို့နှိုးဆော်ဟောပြောသည့်အတွက်၊ ကြံတိုင်းအောင်ဆောင်တိုင်းမြောက်လျက်၊ ဣသရေလလူမျိုး၏ ဘုရားသခင်၏အမိန့်တော်နှင့်၊ ပေရသိဘုရင် ကုရုမင်း၊ ဒါရိမင်း၊အာတဇေရဇ်မင်းတို့အမိန့်တော်အရတည်ဆောက်၍၊ 15 ဒါရိမင်းနန်းစံခြောက်နှစ်၊ အာဒါခေါ်လ၊ တတိယရက်တွင်၊ ဗိမာန်တော်ပြီးမြောက်လေ၏။ 16 ပရောဟိတ်များ၊ လေဝိဂိုဏ်းသားများမှစ၍၊ သုံ့ဘမ်းခံရသူဣသရေလအမျိုးသားတို့သည်၊ ဤဗိမာန်တော်အနုမောဒနာပွဲကိုဝမ်းမြောက်စွာ ကျင်းပကြရာ၊ 17 နွားတစ်ရာ၊ သိုးထီးနှစ်ရာ၊ သိုးသားငယ်လေးရာများကိုဆက်ကပ်သည့်ပြင်၊ အပြစ်ဖြေရာသက္ကာအဖြစ်၊ ဣသရေလတစ်မျိုးလုံးအဖို့၊ အမျိုးအနွယ်များအလိုက်၊ ဆိတ်ထီး ဆယ့်နှစ်ကောင်ကိုဆက်ကပ်ကြ၏။ 18 မောရှေ၏ကျမ်းချက်အရ၊ ယေရုရှလင်မြို့တွင် ဘုရားဝတ်ကိုဆောင်ရွက်ကြစေရန်၊ အလှည့်ကျခွဲထားသောတာဝန်ကို၊ ပရောဟိတ် နှင့်လေဝိဂိုဏ်းသားတို့အားအပ်ပေးကြ၏။
19-20 ပရောဟိတ်နှင့်လေဝိဂိုဏ်းသားတို့သည်၊ တစ်သဘောတည်းကိုယ်ကိုသန့်ရှင်းစေလျက်၊ အားလုံးသန့်ရှင်းကြသည်နှင့်အညီ၊ ကိုယ်မှစ၍ ဆွေမျိုးသားချင်း ပရောဟိတ်တို့နှင့် သုံ့ဘမ်းခံရသူအပေါင်းတို့အတွက်၊ ပသခါသိုးသားငယ်များကိုစီရင်ကြရာ၊ သုံ့ဘမ်းခံရသူတို့သည်၊ ပဌမလဆယ့်လေးရက်တွင်၊ ထိုပွဲကိုကျင်းပကြကုန်၏။ 21 သုံ့ဘမ်းရာမှပြန်ရသူတို့နှင့်၊ ဣသရေလလူမျိုး၏ဘုရားသခင်ထာဝရဘုရားကို ရှာဖွေအံ့သောငှာ၊ ထိုပြည်နေလူမျိုးခြားတို့မသန့်ရာ မှခွဲထွက်သူဣသရေလအမျိုးသားတို့သည်၊ 22 ကိုယ့်ဘုရားသခင့်ဗိမာန်တော်တည်ဆောက်မှု၌၊ အာရှုရိဘုရင်အား၊ ထောက်မလိုသောစိတ်ကိုသွင်းပေးလျက်၊ ဝမ်းမြောက်ခွင့်ပြုတော်မူသည့်အတိုင်း၊ ခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ပွဲကို၊ ရွှင်လန်းစွာကျင်းပ၍ စားသောက်ကြကုန်၏။