6
သားသမီးဖြစ်သူတို့၊ သင့်လျော်သည့်အတိုင်း အရှင်ဘုရားအလိုတော်နှင့်အညီ မိဘစကားကိုနားထောင်ကြလော့။ 2-3 ကတိတော်ပါသောပထမပညတ်တော်အလိုက် မြေကြီးပေါ်တွင်တာရှည်ကောင်းစားအံ့သောငှါ မိဘကိုရိုသေသမှုပြုလော့။ အဘဖြစ်သူတို့၊ သားသမီးကိုအမျက်မတိုက်ဘဲ အရှင်ဘုရားနှင့်အညီဆုံးမပဲ့ပြင်လျက် မွေးမြူကြလော့။
5-6 ကျွန်ဖြစ်သူတို့၊ လူစိတ်နှင့်တွေ့လိုသူတို့နည်းတူ မျက်မှောက်၌သာမဟုတ်။ စိတ်ပါကိုယ်ရောက် ဘုရားသခင့်အလိုတော်ကိုဆောင်ရွက်သော ခရစ်တော်၏ကျွန်များအဖြစ် အမိန့်တော်ကိုနားထောင်သကဲ့သို့ ရုပ်ခန္ဓာအလျောက် အရှင်ဖြစ်သူတို့အမိန့်ကို ကြောက်ရွံ့တုန်လှုပ်စွာ ရိုးဖြောင့်သောစိတ်နှလုံးနှင့် နားထောင်ကြလော့။ 7-8 ကျွန်ဖြစ်စေ၊ လူလွတ်ဖြစ်စေ၊ အသီးအသီးဆောင်ရွက်သောကောင်းမှုအတိုင်း အရှင်ဘုရားထံအကျိုးခံစားရမည်ကိုသိလျက် လူ့အမှုမဟုတ်၊ အရှင်ဘုရားအမှုတော်ဟုမှတ်၍ ကောင်းသောစေတနာနှင့်ဆောင်ရွက်ကြလော့။ အရှင်ဖြစ်သူတို့၊ ကောင်းကင်ဘုံစံနေသော သင်တို့နှင့်သူတို့အရှင်သည် မျက်နှာရွေးတော်မမူကြောင်း သိကြသည့်အလျောက် ကျွန်တို့အားမခြိမ်းချောက်ဘဲ ထိုသို့စေတနာရှိကြလော့။
10 အဆုံးစကားမှာ အရှင်ဘုရားအားဖြင့်လည်းေကာင်း၊ အစွမ်းသတ္တိတော်အားဖြင့်လည်းေကာင်း၊ ခွန်အားကြီးလျက် မာရ်နတ်ပရိယာယ်များကို ရပ်ခံနိုင်ရန်၊ 11 ဘုရားသခင်၏လက်နက်စုံကို ဝတ်ဆင်ကြလော့။ 12 ငါတို့တိုက်လှန်ရသည်မှာ အသွေးအသားဖြစ်သူတို့နှင့်မဟုတ်။ နတ်မင်းများ၊ အာဏာရှင်များ၊ ဤမှောင်မိုက်၏ဧကရာဇ်များ၊ ကောင်းကင်နတ်ဆိုးများနှင့် တိုက်လှန်ရကြသည်ဖြစ်၍၊ 13 ဆိုးသွမ်းသောထိုနေ့ရက်၌ ခံရအံ့သောငှါလည်းေကာင်း၊ တာ၀န်မပြီးမချင်းရပ်ခံရအံ့သောငှါလည်းေကာင်း၊ ဘုရားသခင်၏ လက်နက်စုံကို စွဲကိုင်ကြလော့။ 14 ထိုသို့ သစ္စာစောင့်ခြင်းကိုခါးစည်းလျက်၊ ဖြောင့်မတ်ခြင်းရင်အုပ်ကိုဆင်ယင်လျက်၊ 15 ရန်ငြိမ်းရာသတင်းတော်မြတ်ကြောင့် အသင့်ရှိခြင်းဖိနပ်ကိုစီးလျက်၊ 16 မာရ်နတ်၏မီးမြှားဟူသမျှကိုကာသတ်နိုင်ရန် ယုံကြည်ခြင်းဒိုင်းလွှားကိုလည်းကိုင်လျက်၊ 17 ကယ်တင်ခြင်းမောက်ရူနှင့် ဘုရားသခင့်ဗျာဒိတ်တော်တည်းဟူသောဝိညာဉ်တော်ဓားကိုဆောင်လျက်၊ 18-20 ဝိညာဉ်တော်အားဖြင့်အခါခပ်သိမ်းတောင်းလျှောက် ပဌနာပြုလျက်ရပ်ခံကြလော့။ ငါအတည့်အလင်း ကြားပြောသင့်သည်နှင့်အညီ သတင်းတော်မြတ်နက်နဲရာကို အတည့်အလင်းဖော်ပြရန် ဟောပြောခြင်းနှုတ်သတ္တိကိုသနားတော်မူစေခြင်းငှါ ထိုသတင်းတော်မြတ်ကြောင့်အကျဉ်းခံရသော သံတမန်ဖြစ်သူငါ့အဖို့လည်းေကာင်း၊ သီးသန့်ထားတော်မူသူအပေါင်းတို့အဖို့လည်းေကာင်း ထိုသို့ ပဌနာပြုမြဲပြုလျက်စောင့်နေကြလော့။
21 ချစ်လှစွာသော ညီအစ်ကို၊ အရှင်ဘုရား၌ သစ္စာစောင့်သောအမှုတော်ဆောင်ဖြစ်သူ တုခိတ်သည် ငါ့အဖြစ်အပျက်မှစ၍ မည်သို့ရှိနေကြောင်းသင်တို့သိကြစေရန် အရာရာကိုကြား​ေပြာလိမ့်မည်။ 22 ငါတို့အဖြစ်အနေကိုသိကြသဖြင့် စိတ်နှစ်သိမ့်စေအံ့သောငှါ ထိုသူ့ကိုသင်တို့ထံ ငါစေလွှတ်ပြီ။
23 ခမည်းတော်ဘုရားသခင်မှစ၍ အရှင်ယေရှုခရစ်အထံတော်မှ ငြိမ်သက်ခြင်း၊ ချစ်ခြင်း၊ ယုံကြည်ခြင်းသည် ညီအစ်ကိုတို့၌တည်ရှိပါစေသော။ 24 ငါတို့အရှင်ယေရှုခရစ်တော်ကို နိယာမချစ်ခြင်းရှိသူတို့နှင့်အတူ ကျေးဇူးတော်တည်ရှိစေသတည်း။