4
1-3 သို့ဖြစ်၍ အရှင်ဘုရား၌အကျဉ်းသားဖြစ်သူငါက သင်တို့သည်မေတ္တာနှင့်အချင်းချင်းသည်းခံလျက် ဝိညာဉ်တော်ပေးသောတဝတည်းအဖြစ်ကို ရန်ကင်းခြင်းအဖွဲ့အနှောင်အားဖြင့်စောင့်ထိန်းရန် စေတနာထက်သန်လျက် ခပ်သိမ်းသောနှိမ့်ချခြင်း၊ သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းနှင့်တကွ ခေါ်ထားတော်မူရာအဖြစ်အနေနှင့်ထိုက်လျော်စွာ ကျင့်ကြံကြစေရန်နှိုးဆော်ပါ၏။ ခေါ်ထားတော်မူခြင်းကြောင့် ေမျှာ်လင့်ခွင့်တစ်ပါးတည်းရရှိကြသည့်အလျောက်၊ ကိုယ်ခန္ဓာတော်တစ်ပါး၊ ဝိညာဉ်တော်တစ်ပါး၊ အရှင်ဘုရားတစ်ပါး၊ ယုံကြည်ခြင်းတရားတစ်ပါး၊ ဗတ္တိဇံမင်္ဂလာတစ်ပါး၊ ရှိသမျှတို့အပေါ်တွင်၊ ရှိသမျှတို့အတွင်းတွင်၊ ရှိသမျှတို့အနှံအပြားတွင်၊ ရှိသမျှတို့အဘ ဘုရားသခင်တစ်ဆူတည်းရှိ၏။ သို့ရာတွင်ငါတို့အသီးအသီးသည် ခရစ်တော်၏ဆုတော်နှင့်အမျှ ကျေးဇူးတော်ကိုခံစားရလေပြီ။ ထိုသို့ကိုယ်တော်သည် သုံ့ဖမ်းရာကိုသုံ့ဖမ်းလျက် မြင့်ရာသို့တက်ကြွ၍ လူတို့အားဆုများကို ချပေးတော်မူသည်ဟု ဗျာဒိတ်တော်ရှိ၏။ တက်ကြွတော်မူသည်မှာ အောက်မြေကြီးသို့လည်းဆင်းသက်တော်မူသည်ဟု ဆိုလိုသည်မဟုတ်လော။ 10 ထိုသို့ဆင်းသက်တော်မူသောအရှင်သည် အရာရာကိုပြည့်စုံစေခြင်းငှါ ကောင်းကင်အထပ်ထပ်အထက် တက်ကြွတော်မူသောအရှင်ဖြစ်သည့်အတိုင်း၊ 11-13 ဘုရားသခင့်သားတော်ကိုယုံကြည်သိကျွမ်းခြင်းကြောင့် တစ်ဝတည်းအဖြစ်၊ အရွယ်ရောက်သူအဖြစ်၊ ခရစ်တော်၏ပြည်စုံခြင်းလုံးရပ်အဖြစ်သို့ ငါတို့ရှိသမျှရောက်သည့်တိုင်အောင် သီးသန့်ထားတော်မူသူတို့ကို စုံလင်ကြစေရန် အမှုတော်ဆောင်ရွက်ခြင်း၊ ခရစ်တော်၏ကိုယ်ခန္ဓာတော် တည်ဆောက်ခြင်းအလို့ငှါ တမန်တော်များ၊ ပရောဖက်များ၊ ဓမ္မကထိကများ၊ အုပ်ထိန်းသူဆရာများကို ချပေးတော်မူ၏။ 14 သို့မှငါတို့သည် လူတို့လှည့်စားခြင်း၊ မိစ္ဆာဒိဌိကြံစည်ရာစဉ်းလဲခြင်းဖြင့် ရှိသမျှသောသြဝါဒ လေဝှေ့တိုက်ရာပါသွားသော သူငယ်များမဖြစ်ဘဲ၊ 15 မေတ္တာနှင့်သမ္မာတရားကိုစွဲမြဲလျက် ဦးထိပ်တည်းဟူသောခရစ်တော်၌ အနည်းနည်းအားဖြင့် ကြီးပွားရကြ၏။ 16 တစ်ခန္ဓာလုံးသည် အင်္ဂါအသီးအသီးပြုပြင်သည်နှင့်အမျှ အင်အားအရင်းနှင့်ဆက်သွယ်ခြင်းအမျိုးမျိုးဖြင့် စေ့စပ်ဖွဲ့စည်းလျက် မေတ္တာ၌ကိုယ်ကိုဆောက်တည်ရခြင်းအလို့ငှါ ဦးထိပ်တော်မှကြီးပွားမှုပြုရ၏။
17 သို့ဖြစ်၍အချည်းနှီးကြံစည်လျက် ပြုကျင့်လေ့ရှိသောလူမျိုးခြားတို့ကဲ့သို့ သင်တို့မပြုကျင့်ကြစေရန် အရှင်ဘုရားအားဖြင့် ငါဆုံးမသတိပေး၏။ 18 ထိုသူတို့သည် ဉာဏ်မိုက်မဲလျက် စိတ်ခဲယဉ်းခြင်းကြောင့်ဖြစ်သော အဝိဇ္ဇာအားဖြင့် ဘုရားသခင်၏အသက်တော်နှင့်စိမ်းကားလျက်၊ 19 ပြောင်တိုက်ဝံ့သည့်အလျောက် ကာမဂုဏ်လိုက်စားရန်ကိုယ်ကိုလွှဲအပ်သဖြင့် ညစ်ညူးမှုအမျိုးမျိုးကို ရမ္မက်နှင့်ပြုတတ်ကြ၏။ 20-21 သင်တို့မူကား ယေရှု၌သမ္မာတရားတည်သည်နှင့်အညီ ကိုယ်တော့်အကြောင်းကြားနာခြင်း၊ ကိုယ်တော့်အားဖြင့် သင်ကြားခြင်းခံခဲ့သည်မှန်လျှင်၊ 22 ထိုသို့မသင်ကြားဘဲ အထက်အပြုအကျင့်ဖြစ်သောလှည့်စားခြင်းလောဘအလိုက် ပျက်ယွင်းတတ်သော လူဟောင်းကို ချွတ်ပယ်စေရန်လည်းေကာင်း၊ 23 စိတ်အကြံအစည်အသစ် ရစေရန်လည်းေကာင်း၊ 24 သမ္မာတရားဆိုင်ရာဖြောင့်မတ်သန့်ရှင်းခြင်းအားဖြင့် ဘုရားသခင့်အလိုတော်နှင့်အညီ ဖန်ဆင်းသောလူသစ်ကိုဝတ်ဆင်စေရန်လည်းေကာင်း သင်ကြားကြလေပြီ။
25 သို့ဖြစ်၍ငါတို့သည် ကိုယ်အင်္ဂါချင်းဖြစ်ကြသောကြောင့်မုသာကိုစွန့်ပယ်လျက်၊ သစ္စာစကားကို အချင်းချင်းပြောဆိုကြလော့။ 26-27 စိတ်ဆိုးသည်တွင် အပြစ်မသင့်စေနှင့်။ မာရ်နတ်ကိုအခွင့်မပေးဘဲ၊ နေမဝင်မီစိတ်ပြေကြလော့။ 28 ခိုးဖူးသူသည် ထပ်မံမခိုးဘဲ ဆင်းရဲသူ့အားပေးကမ်းနိုင်ရန် ကောင်းသောအလုပ်ကို ကိုယ့်လက်ဖြင့်ကြိုးစားလုပ်ကိုင်စေ။ 29 သင်တို့နှုတ်မှ အလဇ္ဇီစကားမထွက်စေဘဲ၊ ကြားနာသူတို့၌ အကျိုးကျေးဇူးဖြစ်စေရန်၊ ဆောက်တည်ဖွယ်ကောင်းသောစကား ကိုသာထွက်စေကြလော့။ 30 ရွေးနုတ်တော်မူမည့်နေ့အဖို့ သင်တို့ကိုတံဆိပ်ခတ်ထားရာဘုရားသခင်၏သန့်ရှင်းသော ဝိညာဉ်တော်ကိုမပူပန်စေကြနှင့်။ 31 နစ်နာစေခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ ကျိန်ဆဲခြင်း၊ ကုန်းချောခြင်းအမျိုးမျိုးနှင့် ခပ်သိမ်းသောရန်ညှိုးဖွဲ့ခြင်းကို စွန့်ပယ်ကြလော့။ 32 တစ်ဦးကိုတစ်ဦးထောက်ထားညှာတာလျက် သင်တို့ကိုခရစ်တော်၌ ဘုရားသခင်ချမ်းသာပေးတော်မူသည့်နည်းတူ အချင်းချင်းတို့အားချမ်းသာပေးကြလော့။