48
အနွယ်တို့အမည်ကား။ ဒန်သည် မြောက်ဘက်၌၊ ဟာမတ်ပြည်နယ်စွန်းနှင့်ဟေသလုန်လမ်းတရှောက်။ဟာမတ်မြို့လမ်းဝနှင့်၊ဒမာသက်ပြည်နယ်စွန်းရှိဟာဇရေနန်မြို့ အထိ၊ အရှေ့ဘက်အနောက်ဘက်တိုင်အောင်၊ မြောက်ဝေပုံတစု။ အာရှာဇသည် ဒန်နယ်စပ်တလျှောက်၊ အရှေ့ဘက်မှအနောက်ဘက်တိုင်အောင်တစု။ နဿလိသည် အာရှာနယ်စပ်တရှောက်၊ အရှေ့ဘက်မှအနောက်ဘက်တိုင်အောင်တစု။ မနာရှေသည် နဿလိနယ်စပ်တရှောက်၊ အရှေ့ဘက်မှအနောက်ဘက်တိုင်အောင်တစု။ ဧဖရိမ်သည်၊မနာရှေနယ်စပ်တလျှောက်၊ အရှေ့ဘက်မှအနောက်ဘက်တိုင်အောင်တစု။ ရုဗင်သည် ဧဖရိမ်နယ်စပ်တရှောက်၊ အရှေ့ဘက်မှအနောက်ဘက်တိုင်အောင်တစု။ ယုဒသည် ရုဗင်နယ်စပ်တရှောက်၊ အရှေ့ဘက်မှအနောက်ဘက်တိုင်အောင်၊ တစုစီရှိကြစေ။
ယုဒနယ်စပ်တရှောက်၊ အရှေ့ဘက်မှအနောက်ဘက်တိုင်အောင်၊ တနွယ်နွယ်၏ဝေပုံအလျားနှင့်အမျှ။ အနံအတောင် နှစ်သောင်းငါးထောင်ကျယ်။ အလယ်တွင် သန့်ရှင်းရာဌာနတော်ပါရှိသောတစုကို၊ သင်္ဃိက အဖြစ်အလှူဆက်ကြရမည်။ ။ ၎င်းအနက်အလျားအတောင် နှစ်သောင်းငါးထောင်၊ အနံတသောင်းကျယ်မြေကွက်ကို ဝတ္ထုကံမြေအဖြစ်။ ထာဝရဘုရားထံဆက်ကြရမည်။ ။ 10-11 အလယ်တွင်ထာဝရဘုရား၏ သန့်ရှင်းရာဌာနတော်ပါလျက်။ အရှေ့၊ အနောက်၊ တောင်တသောင်းစီ။ တောင်၊ မြောက်၊ နှစ်သောင်းငါးထောင်စီကျယ်၊ သီးသန့်သော ထိုဝတ္ထုကံမြေကို။ ဣသရေလလူမျိုးလမ်းလွှဲရာတွင်။ လေဝိဂိုဏ်းသားတို့အလိုက်မလွှဲဘဲ။ အမှုတော်ကိုဆောင်ရွက်မြဲသူပရောဟိတ်အဖြစ် သီးသန့်ထားသော၊ ဇာဒုတ်အနွယ်သား တို့အဘို့။ 12 လေဝိဂိုဏ်းသားတို့မြေစပ်တရှောက်၊ အထူးသီးသန့်ရာဝတ္ထုကံမြေအဖြစ်ပေးကြလော့။ ။ 13 လေဝိဂိုဏ်းသားတို့လည်း။ ပရောဟိတ်တို့မြေစပ်တရှောက်၊ အလျားအတောင်နှစ်သောင်းငါးထောင်။ အနံတသောင်းကျယ်မြေကွက်ကိုရကြစေ။ နှစ်ကွက်ပေါင်းကား။ အလျားအတောင် နှစ်သောင်းငါးထောင်။ အနံနှစ်သောင်းတည်း။ ။ 14 ထာဝရဘုရားအဘို့သီးသန့်ပြီးဖြစ်သောကြောင့်။ ရောင်းစားခြင်း၊ လဲလှယ်ခြင်း၊ အဦးမှည့်သောအသီးအနှံလွှဲအပ်ခြင်းများကိုမပြုကြစေလင့်။ ။ 15 ထိုအတောင်နှစ်သောင်းငါးထောင်။ အစပ်၌ ကျန်သေးသော၊ သင်္ဃိကဆိုင်ရာအတောင်ငါး​ထောင်ကိုကား။ မသီးသန့်ရဘဲမြို့တည်ရာ၊လူနေရာ၊မြေလပ်ထားရာအရပ် များကိုဖြစ်စေ။ အလယ်တွင်တည်သောမြို့တော်။ 16 အတိုင်းအတာများကား။ အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ တဘက်စီအတောင်လေးထောင့်ငါးရာတည်း။ ။ 17 မြေလပ်အကျယ်ကား။ အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ တဘက်စီအတောင်နှစ်ရာ့ငါးဆယ်တည်း။ ။ 18-19 မြို့တော့်အရှေ့အနောက်၌။ သီးသန့်သောဝတ္ထုကံမြေစပ်တလျှောက်၊ ကျန်သေးသောအတောင်တသောင်းစီမြေကို။ မြို့တော်တွင် ဣသရေလတစ်ဆယ့်နှစ်နွယ်ဝင် လုပ်သားတို့သည်။ ခြံလုပ်၍ အသီးအနှံကို သုံးစားခွင့်ရကြလိမ့်မည်။ ။ 20 မြို့တော်ဆင်ခြေဖုံးနှင့်တကွ သီးသန့်ရာဝတ္ထုကံအဖြစ် လှူဆက်ရမည့်၊ မြေတကွက်လုံးကား။ စတုရန်းအတောင်နှစ်သောင်းငါးထောင်စီတည်း။ ။ 21-22 အလယ်တွင်သီးသန့်သောဝတ္ထုကံမြေနှင့်၊ သန့်ရှင်းရာဌာနတော်ပါသော၊ ပြည့်ရှင်မင်းအရာတော်ကား။ အတောင်နှစ်သောင်းငါးထောင်ကျယ်၊ သီးသန့်သောဝတ္ထုကံ မြေနှင့် မြို့တော်ဆင်ခြေဖုံးများ၏ အရှေ့အနောက်နှစ်ဘက်၌။ လေဝိဂိုဏ်းသားတို့ဝတ္ထုကံမြေစွန်းမှ၊ မြို့တော်ဆင်ခြေဖုံးစွန်အထိ။ အနွယ်တနွယ်၏ ဝေပုံအလျားနှင့်အမျှ၊ယုဒ ဗင်္ယာမိန်နှစ်နယ်ကြားတွင် ကျန်သေးသောမြေတည်း။
23 ကျန်သောအနွယ်များကား။ ဗင်္ယာမိန်သည် အရှေ့ဘက်မှ အနောက်ဘက်တိုင်အောင်တစု။ 24 ရှိမောင်သည် ဗင်္ယာမိန်နယ်စပ်တရှောက်၊ အရှေ့ဘက်မှ အနောက်ဘက်တိုင်အောင်တစု။ 25 ဣသခါသည် ရှိမောင်နယ်စပ်တရှောက်၊ အရှေ့ဘက်မှ အနောက်ဘက်တိုင်အောင်တစု။ 26 ဇာဗုလုန်သည်၊ ဣသခါနယ်စပ်တရှောက်၊ အရှေ့ဘက်မှအနောက်ဘက်တိုင်အောင်တစု။ 27 ဂဒ်သည် ဇာဗုလုန်နယ်စပ်တရှောက်၊ အရှေ့ဘက်မှအနောက်တိုင်ဘက်တိုင်အောင် တစုစီရှိကြစေ။ ။ 28 ဂဒ်နယ်စပ်တရှောက်တောင်အလားသည်။ တာမမြို့မှကာဒေရှမြို့မေရိဘစမ်းရေ၊ အိဂျစ်ချောင်းမြေထဲပင်လယ်ထိရောက်မည်။ ။ 29 ငါအရှင်ထာဝရဘုရားမိန့်ဆိုသည့်အတိုင်း။ ဣသရေလအနွယ်တို့အား၊ အပိုင်ဝေပေးရသောပြည်၊ အသီးအသီးတို့ရသောဝေပုံများကား။ ထိုသို့တည်း။
30 ဣသရေ အနွယ်များအလိုက် ကမ္ပည်းရှိတံခါးများပါသော မြို့ရိုးအတိုင်းအတာကား။ 31 မြောက်မျက်နှာ၌ ရုဗင်တတံခါး၊ ယုဒတတံခါး၊ လေဝိတံခါး၊ ပေါင်းသုံးတံခါးနှင့် ပြည့်စုံသောအတောင်လေးထောင့်ငါးရာ။ 32 အရှေ့မျက်နှာ၌ ယောသပ်တတံခါး၊ ဗင်္ဟာမိန်တတံခါး၊ ဒန်တတံခါး၊ ပေါင်းသုံးတံခါးနှင့်ပြည့်စုံသော၊ အတောင်လေးထောင့်ငါးရာ။ 33 တောင်မျက်နှာရှိ ရှိမောင်တတံခါး၊ ဣသခါတတံခါး၊ ဇာဗုလုန်တတံခါး၊ ပေါင်းသုံးတံခါးနှင့်ပြည့်စုံသော၊ အတောင်လေးထောင့်ငါးရာ။ 34 အနောက်မျက်နှာ၌ ဂဒ်တတံခါး၊ အာရှာတတံခါး၊ နဿလိတတံခါး၊ ပေါင်းသုံးတံခါးနှင့်ပြည့်စုံသော၊ အတောင်လေးထောင့်ငါးရာများတည်း။ ။ 35 ပတ်လည်အတောင်တသောင်းရှစ်ထောင်ရှိသော ထိုမြို့တော်ကို တည်ရာနေ့ကစ၍။ ထာဝရဘုရားစံရာတော်ဟု၊ သမုတ်ကြရမည်ဟူ၍တည်း။