46
အရှင်ထာဝရဘုရားကလည်း၊ လုပ်ဆောင်ရသောခြောက်ရက်ပတ်လုံး၊ အတွင်းတံတိုင်းအရှေ့တံခါးကို ပိတ်ထားရသော်လည်း၊ ဥပုသ်နေ့လဆန်းနေ့များ၌ဖွင့်ရမည်။ ပြည့်ရှင်မင်းသည်၊ ထိုတံခါးအပြင်မုတ်ဆောင်ဖြင့်ဝင်၍၊ ပါလာသောမီးရှို့ရာသက္ကာနှင့် မိတ်သဟာရသက္ကာများကို၊ ပရောဟိတ်တို့ဆက်ကပ်ကြစဉ်၊ တံခါးတိုင်အနီး တံခါးခုံပေါ်တွင် ရပ်လျက်ရှိခိုးပြီးလျှင်၊ ထွက်သွားရမည်။ တံခါးကိုကား၊ ညဉ့်ဦးမတိုင်မီ မပိတ်ရ။ ပြည်သူပြည်သားတို့လည်း၊ ဥပုသ်နေ့၊ လဆန်းနေ့များ၌ ထိုတံခါးပေါက်အနီး၊ ငါထာဝရဘုရားရှေ့ရှိခိုးကြရမည်။ ဥပုသ်နေ့၌ ထာဝရဘုရားထံ ပြည့်ရှင်မင်းတင်သွင်းရသောမီးရှို့ရာသက္ကာမှာ၊ ကြန်အင်စုံသောသိုးသားငယ်ခြောက်ကောင်၊ သိုးထီးတစ်ကောင်၊ ဘောဇဉ်သက္ကာအဖြစ်၊ တစ်တင်းလျှင်ဆီလေးပိဿာစီပါ၊ သိုးထီးဆိုင်ရာမုန့်ညက်တစ်တင်း၊ သိုးသားငယ်ဆိုင်ရာ၊ ထိုက်သင့်သောမုန့်ညက်များတည်း။ လဆန်းနေ့၌စီမံရမည့်မီးရှို့ရာသက္ကာမှာ၊ ကြန်အင်စုံသောနွားပေါက်တစ်ကောင်၊ သိုးသားငယ်ခြောက်ကောင်၊ သိုးထီးတစ်ကောင်၊ ဘောဇဉ်သက္ကာအဖြစ်၊ တစ်တင်းလျှင်ဆီလေးပိဿာစီပါ၊ နွားပေါက်၊ သိုးထီးဆိုင်ရာမုန့်ညက်တစ်တင်းစီ၊ သိုးသားငယ်များဆိုင်ရာ၊ ထိုက်သင့်သောမုန့်ညက်များတည်း။ ပြည့်ရှင်မင်းတို့ဝင်တိုင်း၊ ထိုတံခါးမုတ်ဆောင်ဖြင့် ဝင်ထွက်ရမည်။ ပြုမြဲပွဲများ၌ ထာဝရဘုရားထံ တိုးဝင်သော ပြည်သူပြည်သားတို့သည်၊ မြောက်တံခါးဖြင့်ရှိခိုးရန်ဝင်ရောက်လျှင်၊ တောင်တံခါးဖြင့်လည်းေကာင်း၊ တောင်တံခါးဖြင့်ဝင်ရောက်လျှင်၊ မြောက်တံခါးဖြင့်လည်းေကာင်း၊ ဝင်ရောက်ရာတံခါးဖြင့်မပြန်ဘဲ၊ တည့်တည့်သွား၍ထွက်ကြရမည်။ 10 ပြည့်ရှင်မင်းလည်း၊ ဝင်ထွက်သူတို့နှင့်အတူ ဝင်ထွက်ရမည်။ 11 အထက်နည်းအတိုင်း ပူဇော်ပွဲ၊ ပြုမြဲပွဲများ၌ ဘောဇဉ်သက္ကာမှာ၊ တစ်တင်းလျှင်ဆီလေးပိဿာစီပါ၊ နွား၊ သိုးထီးဆိုင်ရာ၊ မုန့်ညက်တစ်တင်းစီ၊ သိုးသားငယ်များဆိုင်ရာ၊ ထိုက်သင့်သောမုန့်ညက်များတည်း။ 12 ပြည့်ရှင်မင်းသည်၊ ထာဝရဘုရားအဖို့မီးရှို့ရာ သက္ကာကိုသော်လည်းေကာင်း၊ မိဿဟာယသက္ကာကိုသော်လည်းကောင်း၊ စေတနာအလျောက် စီမံသောအခါတိုင်း၊ အရှေ့တံခါး ဖွင့်ပြီးမှ၊ မီးရှို့ရာသက္ကာ၊ မိတ်သဟာရသက္ကာများကို၊ ဥပုသ်နေ့ထုံးနည်းအလိုက်စီမံ၍ ထွက်သွားစေ၊ ထွက်လျှင်ထွက်ချင်း၊ တံခါးကိုပိတ်ရမည်။ 13 မီးရှို့ရာသက္ကာအဖြစ်၊ ကြန်အင်စုံလျက်၊ အခါလည်သောသိုးသားငယ်တစ်နေ့တစ်ကောင်ကျ၊ 14 နံနက်တိုင်း ထာဝရဘုရားထံ ဆက်ကပ်လျက် အစဉ်အထုံးအဖွဲ့အတိုင်း၊ ထာဝရဘုရားထံဆက်မြဲဘောဇဉ်သက္ကာအဖြစ်၊ ဆီတစ်ပိဿာရောသော မုန့်ညက်သုံးပြည် ကို ဆက်ကပ်ကြစေ၊ 15 ဆက်မြဲမီးရှို့ရာသက္ကာအဖြစ်သိုးသားငယ်ကို၊ ဆီပါသောဘောဇဉ်သက္ကာနှင့်တကွ၊ နံနက်တိုင်း ဆက်ကပ်ကြစေဟု မိန့်တော်မူ၏။
16 အရှင်ထာဝရဘုရားကလည်း၊ ပြည့်ရှင်မင်းသည် သားတော်တစ်ယောက်ယောက်အား၊ အရာတော်မှပေးလျှင်၊ သားတော်ပိုင်ထိုက်ရာဖြစ်သည့်အလျောက်၊ အမြဲပိုင် စေ။ 17 ကျေးကျွန်သင်းပင်းတစ်ယောက်ယောက်အားပေးမူကား၊ လွတ်ခွင့်စည်းကမ်းသတ်နှစ်တိုင်အောင်ပိုင်စေပြီးမှ၊ ပြည့်ရှင်မင်းပြန်သိမ်းစေ၊ ​အရာတော်ကား၊ သားတော်တို့ ပိုင်ရာတည်း။ 18 ထိုနည်းတူပြည့်ရှင်မင်းသည်၊ ငါ့လူမျိုးတော်ကို အသီးအသီးတို့ပိုင်မြေမှ မကွာစေခြင်းငှာ၊ ထိုပိုင်မြေကိုမောင်းနှင်သိမ်းယူမှုမပြုဘဲ၊ အရာတော်မှသားတော်တို့အား၊ အပိုင်ပေးရမည်ဟုမိန့်တော်မူ၏။
19 ထို့နောက်တံခါးအနီးရှိသော ဝင်ပေါက်ဖြင့်ပရောဟိတ်တို့ သန့်ရှင်းရာမြောက်အခန်းစဉ်သို့ငါ့ကိုခေါ်သွားသော်၊ အခန်းစဉ်အနောက်ကျောဘက်၌ဇနပုဒ်တစ်ခုကိုပြပြီးလျှင်၊ 20 ဤကား၊ လူပရိသတ်သီးသန့်ရာရောက်မည်ကိုစိုး၍၊ ပြစ်ဒဏ်ပြေရာသက္ကာ၊ အပြစ်ဖြေရာသက္ကာကို၊ အပြင်တံတိုင်းသို့မထုတ်ဘဲပြုတ်ခြင်း၊ ဘောဇဉ်သက္ကာပေါင်းခြင်း ကို၊ ပရောဟိတ်တို့ပြုရသော ဇနပုဒ်တည်းဟုဆိုပြီးနောက်၊ 21 အပြင်တံတိုင်းတွင်းသို့ခေါ်သွား၍၊ ထိုတံတိုင်းလေးထောင့်ကိုလျှောက်သွားစေသော်၊ ထောင့်တိုင်း၌ တစ်ကွက်စီကာရံထားသည်ကိုလည်းေကာင်း၊ 22 အလျားအတောင်လေးဆယ်၊ အနံသုံးဆယ်ကျယ်ညီမျှသော၊ 23 ထိုလေးထောင့်ရှိအကွက်တိုင်းဝင်ဘက်ပတ်လည်၌ ကျောက်အဆင့်အောက်၊ မီးဖိုများရှိသည်ကိုလည်းေကာင်း၊ ပြပြီးလျှင်၊ ဤကား၊ 24 လူပရိသတ်ပူဇော်သက္ကာများကို၊ ဗိမာန်တော်ကံကျွေးတို့ချက်ပြုတ်ကြရသော မီးဖိုများတည်းဟုဆို၏။