41
1-2 ထို့နောက် ဗိမာန်တော်ဝသို့ငါ့ကိုခေါ်သွားသော်၊ ဝဲယာရှိ တံခါးတိုင်နံရံကိုထုခြောက်တောင်၊ အနံငါးတောင်၊ အပေါက်ဝကို တဲတော်အနံအလိုက်ဆယ်တောင်၊ ဗိမာန်တော်ကို အလျား အတောင်လေးဆယ်၊ အနံအတောင်နှစ်ဆယ်တိုင်းပြီးလျှင်၊ ထိုသူသည် အတွင်းခန်းသို့ဝင်၍၊ တံခါးတိုင်နံရံကို ထုနှစ်တောင်၊ အနံခုနစ်တောင်၊ အပေါက်ဝကို ခြောက်တောင်၊ အပြင်ခန်းရှေ့အလျားအနံအတောင်နှစ်ဆယ်စီတိုင်းလျက်၊ ဤကားအထူးသန့်ရှင်းရာဌာနဖြစ်သည်ဟု ဆို၏။ ဗိမာန်တော်နံရံထုကိုခြောက်တောင်၊ ဗိမာန်တော်ပတ်လည်၊ အောက်ခန်းငယ်တိုင်းအနံကိုလေးတောင်စီတိုင်း၏။ အဆင့်သုံးထပ်၌ စီတန်းသောအခန်းငယ်သုံးဆယ်စီများအဖို့၊ ဗိမာန်တော်နံရံကိုမဖောက်ဘဲ၊ အခန်းငယ်ဆွယ်ရာဗိမာန်တော်နံရံ၌၊ ရက်မခံဖောင်းရစ်များရှိ၏။ ဗိမာန်တော်ကို၊ တစ်ဆင့်ထက်တစ်ဆင့်ပတ်လည်၊ အခန်းငယ်များသည်၊ တစ်ဆင့်ထက်တစ်ဆင့်ကျယ်သည့်အလျောက်၊ အထက်ဆင့်အကျယ်ဆုံးဖြစ်၏။ အောက်ဆင့်မှ အထက်ဆင့်သို့တက်သော်၊ အလယ်ဆင့်ကိုဝင်၍တက်ရ၏။ အခန်းငယ်အမြစ်အခြေအဖြစ်၊ ဗိမာန်တော်ပတ်လည်၌၊ တစ်ညီတည်းခြောက်တောင်ရှည်တာတစ်ဝါးမြင့်သော၊ သမံတလင်းရှိသည်ကို ငါမြင်၏။ အခန်းငယ်များ၏ အပြင်နံရံသည်၊ ထုငါးတောင်ရှိလျက်၊ ကျန်သမံတလင်းအစွန်းကား၊ ဗိမာန်တော်ရှိအခန်းငယ်ဆိုင်ရာစင်္ကြံတည်း။ 10 ဗိမာန်တော်ပတ်လည်၌၊ အတောင်နှစ်ဆယ်ကွာသောလှိုင်များရှိသေး၏။ 11 ကျန်သောသမံတလင်းအစွန်းသည်၊ အကျယ်ငါးတောင်ရှိလျက်၊ ထိုအစွန်းပေါ်တွင်၊ မြောက်ဘက်၊ တောင်ဘက်သို့ပေါက်သော၊ အခန်းငယ်တံခါးဝများရှိ၏။ 12 ဗိမာန်တော်မဟာရံအနောက်စွန်းရှိအဆောင်သည်၊ အလျားအတောင်ကိုးဆယ်၊ အနံအတောင်ခုနစ်ဆယ်ရှိလျက်၊ နံရံထုကား ငါးတောင်တည်း။ 13 ထိုသို့ဗိမာန်တော်အလျားကို အတောင်တစ်ရာ၊ မဟာရံနှင့်တကွ၊ အဆောင်ကိုနံရံထုပါ၊ အတောင်တစ်ရာ၊ 14 ဗိမာန်တော်အနံနှင့်တကွ၊ အရှေ့ဘက်မဟာရံကို အတောင်တစ်ရာ၊ 15 ဗိမာန်တော်ကျောဘက်မဟာရံစွန်းရှိအဆောင်ကို၊ ဝဲယာရှိ စင်္ကြံများပါ၊ အတောင်တစ်ရာစီတိုင်း၏။ အတွင်းခန်း၊ အပြင်ခန်းတံတိုင်းလှည့်မုတ်ဆောင်၊ 16-17 တံခါးခုံများ၊ ရာဇမတ်ပေါက်များ၊ တံခါးခုံများကိုလှည့်သောစင်္ကြံသုံးရပ်များသည်၊ ပျဉ်နှင့်ကာရံလျက်ရှိ၏။ အတွင်းခန်း၊ အပြင်ခန်းနံရံများကား၊ ကြမ်းမှစ၍၊ ရာဇမတ် ပေါက်နှင့်၊ တံခါးအထက်တိုင်အောင်၊ 18 ခေရုဗများ၊ စွန်ပလွံပင်များနှင့်တစ်ပုံတည်းချယ်လယ်လျက်ရှိ၏။ စွန်ပလွံပင်ကြားရှိသောခေရုဗတိုင်း၊ 19 နှစ်မျက်နှာစီရှိသည့်အလျောက်၊ တစ်ဘက်၌ထုသော စွန်ပလွံပင်သို့၊ လူ့မျက်နှာ၊ တစ်ဘက်၌ထုသော စွန်ပလွံပင်သို့၊ ခြင်္သေ့ပျိုမျက်နှာမူလျက်ရှိ၏။ 20 ဗိမာန်တော်အတွင်းပတ်လည်၌၊ ကြမ်းမှစ၍ တံခါးအထက်တိုင်အောင် ခေရုဗများ၊ စွန်ပလွံပင်များနှင့်ထိုသို့ချယ်လှယ်လျက်ရှိ၏။ 21 ဗိမာန်တော်နံရံရှိတံခါးများသည်၊ ဘောင်လေးထောင့်ခွေလျက်ရှိ၏။ အတွင်းခန်းနှင့် အပြင်ခန်းကိုဆီးသောနံရံနှစ်ဖက်သည် အဆင်တူ၏။ 22 အမြင့်သုံးတောင်၊ အလျားနှစ်တောင်ရှိ၍၊ ခြေများ၊ ထောက်များ၊ ဘေးများပါပျဉ်ဖြင့်ပြီးသောပလ္လင်တော်ကိုပြလျက်၊ ဤကား၊ ထာဝရဘုရားရှေ့တော်စားပွဲဖြစ်သည်ဟု ဆို၏။ 23-24 အပြင်ခန်း၊ အတွင်းခန်းများ၌၊ ခေါက်တံခါးရွက်တစ်စုံစီရှိလျက်၊ 25 နံရံပေါ်တွင်ချယ်လယ်သည့်နည်းတူခေရုဗများ၊ စွန်ပလွံပင်များနှင့် ချယ်လယ်လျက်ရှိ၏။ မုတ်ဆောင်အပြင်တွင်စမြင်ကပ်လျက်၊ 26 မုတ်ဆောင်ဝဲယာများ၌လည်း၊ ရာဇမတ်ပေါက်များရှိသည့်ပြင်၊ စွန်ပလွံပင်ပုံထုပြီးရှိ၏။ အခန်းငယ်များနှင့်စမြင်လည်းထိုသို့ ထုလျက်ရှိသတည်း။