40
တစ်ဖန်၊ ငါတို့သိမ်းသွားခံရသောနှစ်ဆယ့်ငါးနှစ်၊ မြို့တော်ပေါက်သောတစ်ဆယ့်လေးနှစ်၊ နှစ်ဦးလဆယ်ရက်တွင်ပင်၊ ငါ့အပေါ်၌ ထာဝရဘုရား၏ လက်တော်တည်လျက် ရှိရာ၊ မြို့တော်သို့ငါ့ကိုဆောင်ကြွတော်မူ၏။ ဘုရားသခင့်ဆိုင်ရာရူပါရုံ၌၊ ဣသရေလပြည်သို့ ငါ့ကိုဆောင်ကြွ၍၊ အလွန်မြင့်သောတောင်ထိပ်ပေါ်တွင်၊ ချထားပြီးလျှင်၊ တောင်မျက်နှာ၌တည်ပြီး၊ မြို့သဏ္ဌာန်ရှိရာသို့ ချဉ်းကပ်စေတော်မူသော်၊ မြို့တံခါးဝ၌ရပ်လျက်၊ တာဝါးနှင့်ပိတ်ကြိုးကိုကိုင်စွဲသော၊ ကြေးအဆင်းရှိသူတစ်ပါးကိုငါမြင်ရာ၊ ​ အချင်းလူ့သား၊ ဤအချင်းအရာများကိုငါဖော်ပြရန်၊ အပို့အဆောင်ကို သင်ခံရသည့်အလျောက်၊ မျက်စိနှင့်ရှုကြည့်လျက်၊ နားနှင့်နာခံလျက်၊ ငါဖော်ပြသမျှကို၊ နှလုံးသွင်းပြီးလျှင်၊ မြင်သမျှအတိုင်း၊ ဣသရေလအမျိုးသားတို့အား၊ ပြန်ကြားလော့ဟု မှာလေ၏။
ဗိမာန်တော်အပြင်ပတ်လည်၌၊ တံတိုင်းရိုးရှိသဖြင့်၊ သံတောင်ခြောက်တောင်ရှည်လျားသောတာဝါးကို၊ ကိုင်စွဲသောထိုသူသည်၊ တံတိုင်းရိုးထုအမြင့်ကို၊ တာတစ်ဝါးစီ တိုင်းပြီးလျှင်၊ အရှေ့တံခါးဝသို့သွားရောက်၍၊ ဆိုင်ရာလှေကားကိုတက်သော်၊ တံခါးခုံထုကိုတာတစ်ဝါးတိုင်း၏။ 7-8 ကင်းတဲတိုင်းအနံအလျားကား၊ တာတစ်ဝါးစီ၊ ကင်းတဲများကြားတွင် ငါးတောင်စီ၊ ဗိမာန်တော်ရင်ဆိုင် တံခါးမုတ်ဆောင်၏ တံခါးခုံအလျားတာတစ်ဝါးရှိ၏။ ဗိမာန်တော်ရင်ဆိုင်တံခါးမုတ်ဆောင်ကိုရှစ်တောင်၊ တံခါးတိုင်နံရံကိုနှစ်တောင်တိုင်း၏။ 10 အရှေ့တံခါးဝ ဝဲယာ၌၊ အတိုင်းအတာညီမျှသောကင်းတဲ၊ သုံးခန်းစီရှိ၏။ ဝဲယာ၌တံခါးတိုင်နံရံလည်းညီမျှ၏။ 11 တံခါးဝအနံကိုဆယ်တောင်၊ တံခါးအကျယ်ကိုဆယ့်သုံးတောင်တိုင်း၏။ 12 ဝဲယာရှိသောကင်းတဲမျက်နှာစာတွင်၊ တစ်တောင်ကျယ်သော ပုံနားကွယ်ရှိ၏။ ဝဲယာရှိသောကင်းတဲများလည်း ခြောက်တောင်စီတည်း။ 13 ကင်းတဲပြင်ပေါက်၊ အမိုးတစ်ဘက်မြိတ်မှ တစ်ဘက်မြိတ်ရောက်တံခါးအနံကို၊ နှစ်ဆယ့်ငါးတောင်တိုင်း၏။ 14 တံခါးမုတ်ဆောင်ပတ်လည်၌၊ အပြင်တံတိုင်းရှိလျက်၊ မုတ်ဆောင်ကို အတောင်နှစ်ဆယ်တိုင်း၏။ 15 အပြင်တံခါးပေါက်မှ အတွင်းတံခါးမုတ်ဆောင်ဝအထိ၊ အတောင်ငါးဆယ်တည်း။ 16 ပတ်လည်ရှိသောကင်းတဲများ၊ တံခါးနံရံများနှင့်၊ မုတ်ဆောင်၌အပြင်အတွင်းရာဇမတ်ပေါက်များရှိ၏။ တံခါးတိုင်နံရံများ၌လည်း၊ စွန်ပလွံပင်ပုံထုပြီးရှိ၏။
17 ထို့နောက်၊ အပြင်တံတိုင်းသို့ ငါ့ကိုခေါ်သွားသော်၊ တံတိုင်းတွင်းပတ်လည်ခင်းပြီးကျောက်သမံတလင်းပေါ်၌၊ လှိုင်ပေါင်းသုံးဆယ်ရှိ၏။ 18 တံခါးများကြားတွင်၊ ခင်းပြီးသောထိုအောက်သမံတလင်းသည်၊ တံခါးအလျားနှင့်အမျှကျယ်၏။ 19 အောက်တံခါးအတွင်းပေါက်မှ၊ အတွင်းတံတိုင်းရောက်၊ အရှေ့မျက်နှာ၊ မြောက်မျက်နှာကို၊ အတောင်တစ်ရာစီတိုင်း၏။ 20 အပြင်တံတိုင်းမြောက်တံခါး၊ အနံအလျားကိုလည်းတိုင်းသော်၊ 21 ဝဲယာ၌ကင်းတဲသုံးခန်းစီ၊ တံခါးနံရံများနှင့် မုတ်ဆောင်ပါ၊ တိုင်းပြီးတံခါးနှင့်အမျှအလျားအတောင်ငါးဆယ်၊ အနံနှစ်ဆယ့်ငါးတောင်ရှိလျက်၊ 22 လေသာပေါက်မုတ်ဆောင်နှင့် စွန်ပလွံပင်ပုံများသည်၊ အရှေ့တံခါးပမာဏအလိုက်ဖြစ်၏။ လှေကားခုနစ်ထစ်ဖြင့်တက်ရသော မုတ်ဆောင်သည်၊ ကျောဘက်ရှိ၏။ 23 မြောက်ဘက်၊ အရှေ့ဘက်၌ အတွင်းတံတိုင်းတံခါးများနှင့်၊ အပြင်တံခါးများသည်၊ မျက်နှာချင်းဆိုင်ဖြစ်လျက်၊ တစ်တံခါးမှတစ်တံခါးသို့အတောင်တစ်ရာတိုင်း၏။ 24 တောင်မျက်နှာသို့ငါ့ကိုခေါ်ဆောင်သော်၊ တောင်တံခါးဆိုင်ရာမုတ်ဆောင်နှင့် တံခါးနံရံများကို၊ ထိုပမာဏအလိုက်တိုင်း၏။ 25 တံခါးမုတ်ဆောင်ပတ်လည်ရှိလေသာပေါက်များသည်၊ အထက်လေသာပေါက်များနှင့်တူ၏။ တံခါးအလျားအတောင်ငါးဆယ်၊ အနံနှစ်ဆယ့်ငါးတောင်တည်း။ 26 လှေကားခုနစ်ထစ်ဖြင့် တက်ရသောမုတ်ဆောင်သည်၊ ကျောဘက်ရှိလျက်၊ ဝဲယာရှိတံခါးတိုင်နံရံများ၌၊ စွန်ပလွံပင်တစ်ပုံစီထုပြီးရှိ၏။ 27 အတွင်းတံတိုင်းရှိတောင်ဘက်တံခါးသို့၊ အပြင်တံခါးမှအတောင်တစ်ရာတိုင်း၏။
28 ထို့နောက် တောင်တံခါးဖြင့်၊ အတွင်းတံတိုင်းသို့၊ ငါ့ကိုခေါ်သွားသော် တောင်တံခါးကို၊ 29 မုတ်ဆောင်ကင်းတဲများ၊ တံခါးနံရံများပါ၊ အထက်ပမာဏအလိုက်တိုင်း၏။ တံခါးနှင့်မုတ်ဆောင်ပတ်လည်တွင်၊ လေသာပေါက်များရှိ၏။ တံခါးအလျားအတောင်ငါးဆယ်၊ အနံနှစ်ဆယ့်ငါးတောင်တည်း။ 30 ပတ်လည်၌လည်းအလျားနှစ်ဆယ့်ငါးတောင်၊ အနံငါးတောင်ကျယ်မုတ်ဆောင်များရှိ၏။ 31 တံခါးတိုင်နံရံများ၌၊ စွန်ပလွံပင်ပုံထုပြီးရှိလျက်၊ လှေကားရှစ်ထစ်ဖြင့်တက်ရသော ထိုမုတ်ဆောင်သည်၊ အပြင်တံတိုင်းသို့၊ မျက်နှာမူ၏။ 32 အရှေ့ဘက်အတွင်းတံတိုင်းသို့ငါ့ကိုခေါ်သွားသောတံခါးကို၊ 33 မုတ်ဆောင်ကင်းတဲများ၊ တံခါးနံရံများပါ၊ အထက်ပမာဏ အလိုက်တိုင်း၏။ တံခါးနှင့်မုတ်ဆောင်ပတ်လည်တွင်၊ လေသာပေါက်များရှိ၏။ တံခါးအလျားအတောင် ငါးဆယ်၊ အနံနှစ်ဆယ့်ငါးတောင်တည်း။ 34 ဝဲယာရှိတံခါးတိုင်နံရံများ၌၊ စွန်ပလွံပင်ပုံထုပြီးရှိလျက်၊ လှေကား ရှစ်ထစ်ဖြင့်တက်ရသော ထိုမုတ်ဆောင်သည်၊ အပြင်တံတိုင်းသို့မျက်နှာမူ၏။ 35 မြောက်တံခါးသို့ငါ့ကိုခေါ်သွားသော်၊ 36 မုတ်ဆောင်၊ ကင်းတဲများ၊ တံခါးနံရံများပါ၊ အထက်ပမာဏ အလိုက်တိုင်း၏။ တံခါးပတ်လည်တွင်လေသာပေါက်များရှိ၏။ တံခါးအလျားအတောင်ငါးဆယ်၊ အနံနှစ်ဆယ့် ငါးတောင်တည်း။ 37 ဝဲယာရှိတံခါးတိုင်နံရံများ၌၊ စွန်ပလွံပင်ပုံထုပြီး ရှိလျက်၊ လှေကားရှစ်ထစ်ဖြင့်၊ တက်ရသောထိုမုတ်ဆောင်သည်၊ အပြင်တံတိုင်းသို့မျက်နှာမူ၏။ 38 တံခါးတိုင်နံရံများအနီး၌၊ မီးရှို့ရာသက္ကာကို ဆေးကြောရန်၊ တံခါးပေါက်နှင့်တကွ အခန်းရှိ၏။ 39 တံခါးမုတ်ဆောင်အတွင်းဝဲရာ၌၊ မီးရှို့ရာသက္ကာ၊ အပြစ်ဖြေရာသက္ကာ၊​ပြစ်ဒဏ်ပြေရာ သက္ကာများကို၊ စီရင်ရန်ခုံနှစ်ခုစီ၊ 40 မြောက်တံခါးဝသို့ရောက်သော်၊ တံခါးမုတ်ဆောင်အပြင်ဝဲယာ၌ လည်းခုံနှစ်ခုစီ၊ တံခါးဝဲယာ၌ ခုံလေးခုစီရှိ၏။ 41 စီရင်ရန်ခုံပေါင်းရှစ်ခုတည်း။ 42 ၎င်းပြင်၊ မီးရှို့ရာသက္ကာမှစ၍၊ သက္ကာအမျိုးမျိုးကိုစီရင်သော၊ ကိရိယာများတင်ထားရန်၊ အလျားတစ်တောင့်ထွာ၊ အနံတစ်တောင့်ထွာ၊အမြင့်တစ်တောင်ရှိ၊ ဆစ်ပြီးကျောက်ခုံ လေးခုရှိ၏။ 43 အလှူဝတ္ထုအသားကို၊ တင်ထားရာ ခုံများပတ်လည်၌၊ ဗျက်လက်တစ်ဝါးအကာတပ်လျက်ရှိ၏။ 44 အတွင်းတံတိုင်းတွင်၊ မြောက်တံခါးအနီးတောင်ဘက်သို့မျက်နှာမူသောတစ်လှိုင်၊ တောင်တံခါးအနီးမြောက်ဘက်ဘို့မျက်နှာမူသောတစ်လှိုင်၊ ဤနှစ်လှိုင်ကိုပြသော်၊ တောင်ဘက်သို့မျက်နှာမူသောလှိုင်ကား၊ 45 ဗိမာန်တော်ကိုစောင့်ရှောက်သူပရောဟိတ်တို့အဖို့၊ မြောက်ဘက်သို့မျက်နှာမူသောလှိုင်ကား၊ 46 အမှုတော်ကိုဆောင်ရွက်ရန် လေဝိဂိုဏ်းသားတို့အနက်၊ ထာဝရဘုရားထံချဉ်းကပ်ရသူ၊ ပူဇော်ရာပလ္လင်တော်ကို၊ စောင့်ရှောက်သောဇာဒုတ်အနွယ်သားပရောဟိတ်တို့အဖို့၊ ဖြစ်သည်ဟုဆို၏။ 47 အလျားကိုအတောင်တစ်ရာ၊ အနံကိုအတောင်တစ်ရာတိုင်းသည့်အလျောက်၊ စတုရန်းဖြစ်သော၊ ထိုတံတိုင်းအတွင်း၊ ဗိမာန်တော်ဦး၌၊ ပူဇော်ရာပလ္လင်တော်ရှိ၏။ 48 ထိုနောက် ဗိမာန်တော်မုတ်ဆောင်သို့၊ ငါ့ကိုခေါ်သွားသော်၊ မုတ်ဆောင်ဝဲယာရှိတံခါးတိုင်နံရံကို၊ ထုငါးတောင်၊ အနံသုံးတောင်စီတိုင်း၏။ 49 မုတ်ဆောင်အလျား အတောင်နှစ်ဆယ်၊ အနံဆယ့်တစ်တောင်တည်း။ လှေကားဆယ်ထစ်ဖြင့်တက်ရသော၊ တံခါးတိုင်နံရံဝဲယာ၌၊ တိုင်ထူးတစ်တိုင်စီရှိ၏။