39
အချင်းလူ့သား၊ ဂေါဂမင်းကို ရည်လျက်ဟောပြောဆင့်ဆိုရဦးမည်မှာ၊ အရှင်ထာဝရဘုရားက၊ ရောရှ၊ မေရှက်၊ တုဗလလူမျိုးတို့အရှင် အိုဂေါဂမင်း၊ သင့်တစ်ဘက်၌နေသောငါသည်၊ သင့်ကိုလှည့်ချီစေ၍၊ မြောက်မျက်နှာစွန်းမှ၊ ဣသရေလတောင်တန်းပေါ်သို့၊ ရှေ့ဆောင်လျက် ချီတက်ဝင်ရောက်စေပြီးလျှင်၊ ဘယ်လက်ကိုင်လေးကိုပုတ်ချလျက်၊ ညာလက်ကိုင်မြှားကိုလည်း ခတ်ချသဖြင့်၊ ဣသရေလတောင်တန်းပေါ်တွင်ကျဆုံးအံ့သော သင်မှစ၍၊ တပ်သားများ၊ အပေါင်းပါလူမျိုးများကို၊ ငှက်ရဲအမျိုးမျိုးနှင့် တောသားရဲတို့အား၊ အစာအဖြစ်အပ်ပေးမည်။ ငါဗျာဒိတ်ပေးခဲ့သည့်အတိုင်း၊ သင်သည် စစ်မြေပြင်တွင်ကျဆုံးမည်ဟု ငါအရှင်ထာဝရဘုရားမိန့်ဆို၏။ မာဂေါဂပြည်မှစ၍၊ ဘေးမမြော်မြင်ဘဲ၊ ကမ်းခြေတစ်လှေျာက်နေထိုင်သူတု့ိအပေါ်သို့လောင်မီးကျစေသဖြင့်၊ ထာဝရဘုရားငါဖြစ်ကြောင်း၊ ၎င်းတို့သိရကြသည့်ပြင်၊ ဣသရေလလူမျိုးတော့်ဘောင်တွင်၊ သန့်ရှင်းသောငါ့နာမတော်ကို၊ နောင်ရှုတ်ချခွင့်မပေးဘဲ၊ ထင်ရှားစေသဖြင့်၊ ဣသရေလလူမျိုး၌ စံနေသောအရှင်၊ သန့်ရှင်းသောထာဝရဘုရားငါဖြစ်ကြောင်း၊ လူမျိုးခြားတို့သိရကြလတ္တံ့။ ထိုအမှုအရေးသည် သင့်ရောက်တည်နေလိမ့်မည်။ ငါမိန့်ဆိုခဲ့ရာနေ့ရက်သည်၊ ဤနေ့ရက်တည်းဟု၊ ငါအရှင်ထာဝရဘုရားမိန့်ဆို၏။ ထိုအခါ၊ ဣသရေလမြို့ရွာများတွင် နေထိုင်သူတို့သည်ထွက်၍၊ ဒိုင်းဝန်း၊ ဒိုင်းရှည်ကိုလည်းေကာင်း၊ လေးနှင့်မြှားများကိုလည်းေကာင်း၊ တုတ်နှင့်လှံများကိုလည်းေကာင်း၊ လက်နက်ဟူသမျှကို ခုနစ်နှစ်ပတ်လုံးထင်းလုပ်၍မီးဆိုက်ကြလိမ့်မည်။ 10 ထိုလက်နက်များကိုထင်းလုပ်ကြမည့်အလျောက်၊ လွင်ပြင်၌ထင်းခွေခြင်း၊ သစ်တော၌ ထင်းခုတ်ခြင်းမရှိကြချေ၊ ထိုသို့သူတို့သည်၊ လုယူခဲ့သောသူတို့ကိုပြန်လုလျက် လက်ရသိမ်းခဲ့သောသူတို့ကို ပြန်သိမ်းကြလိမ့်မည်ဟု၊ ငါအရှင်ထာဝရဘုရားမိန့်ဆို၏။
11 ထိုနေ့ရက်ကာလ၊ ငါသည် ပင်လယ်အရှေ့ဘက်ဖြတ်လမ်းချိုင့်ကို၊ ဣသရေလပြည်တွင် သင်္ချိုင်းအဖြစ်၊ ဂေါဂမင်းအဖို့စီရင်လျက်၊ ဖြတ်သန်းသူတို့လမ်းပိတ်အောင်၊ ဂေါဂမင်းနှင့်အလုံးအရင်းတို့ကို သင်္ဂြိုဟ်ကြမည့်အတွက်၊ 39.11  အဓိပ္ပါယ်ကား၊ ေဂါဂအလုံးအရင်းချိုင့်။ဟာမုန်ဂေါဂချိုင့်ဟု သမုတ်ကြရလတ္တံ့။ 12 ဣသရေလအမျိုးသားတို့သည်၊ နေပြည်မသန့်မချင်း၊ ခုနစ်လပတ်လုံးသင်္ဂြိုဟ်ကြရလိမ့်မည်။ 13 ပြည်သားအပေါင်းတို့သင်္ဂြိုဟ်ကြရသည်နှင့်၊ ဘုန်းတော်ဖွင့်သည့်ကာလ၌၊ အသရေရှိကြလိမ့်မည်ဟု၊ ငါအရှင်ထာဝရဘုရားမိန့်ဆို၏။ 14 ခုနစ်လလွန်ပြီးမှ၊ မြေအပြင်တွင် ကျန်သေးသမျှကိုသင်္ဂြိုဟ်ကြစေခြင်းငှာ၊ ရှာမြဲရှာလျက်၊ နေပြည်တွင် သွားလာရသူတို့ကိုခိုင်းရကြမည်။ 15 နေပြည်တွင် သွားလာတတ်သူတို့လည်း၊ ခရီးအကြားတွင် လူ့အရိုးကိုတွေ့လျှင်၊ ဟာမုန်ဂေါဂချိုင့်၌စဏ္ဍာလတို့မမြှုပ်မချင်း၊ မှတ်တိုင်စိုက်ထားရမည်။ 16 ဟာမုန်ခေါ်မြို့ကိုလည်း ထိုအရပ်၌တည်လိမ့်မည်။ သို့မှနေပြည်ကိုစင်ကြယ်ရာရောက်လတ္တံ့ဟု မိန့်တော်မူကြောင်းဆင့်ဆိုလော့။
17 အချင်းလူ့သား၊ ငါအရှင်ထာဝရဘုရားအမိန့်ရှိသည့်အတိုင်း၊ ငှက်အမျိုးမျိုး၊ တောသားရဲအမျိုးမျိုးတို့အား ခေါ်ဖိတ်ရမည်မှာ၊ သင်တို့အဖို့ငါစီရင်သောဣသရေလေတာင်တန်းပေါ်၌ယဇ်ပွဲကြီးသို့၊ အသွေးအသားကိုစားသောက်အံ့သောငှာ၊ အဘက်ဘက်ကလာရောက်၍၊ စုရုံးစည်းဝေးကြလော့။ 18 သင်တို့သည် ဗာရှန်ပြည်ထွက်ဆူဖြိုးသောသိုးထီး၊ သိုးသားငယ်၊ ဆိတ်နွားများသဖွယ် ဖြစ်သောသူရဲတို့နှင့်၊ မြေပေါ်ရှိအကြီးအကဲတို့၏ အသွေးအသားကိုစားရကြလတ္တံ့။ 19 သင်တို့အဖို့ငါစီရင်ပြီးယဇ်ဆီဥကို ဝစွာစားခွင့်၊ အသွေးကိုယစ်မူးစွာသောက်ခွင့်ရလျက်၊​ စားပွဲတော်၌၊ 20 မြင်းတပ်၊ ရထားတပ်၊ သူရဲတပ်မှစ၍၊ စစ်သာအမျိုးမျိုးနှင့်ဝပြောကြလတ္တံ့ဟု၊ ငါအရှင်ထာဝရဘုရားမိန့်ဆို၏။ 21 ငါ့ဘုန်းတော်ကို လူမျိုးခြားတို့တွင်၊ ထိုသို့ဖွင့်ပြလျက်၊ ငါစီရင်သောဒဏ်ချက်နှင့် တင်ဖိသောလက်ရုံးတော်ကို၊ ၎င်းတို့ရှုမြင်သည့်ပြင်၊ ထိုနေ့ရက်မှစ၍၊ 22 ကိုယ့်ဘုရားသခင်ထာဝရဘုရားငါဖြစ်ကြောင်း၊ ဣသရေလအမျိုးသားတို့သိရကြလတ္တံ့။ 23-24 ဣသရေလအမျိုးသားတို့သည်၊ ကိုယ့်ဒုစရိုက်ကြောင့်သိမ်းသွားခံရကြောင်း၊ သစ္စာတော်ကိုဖောက်ကျော်သည့်အတွက်မျက်နှာတော်လွှဲသော ငါသည်၊ ဓားဘေးဖြင့်ကျဆုံးကြသည့်တိုင်အောင်၊ ရန်သူတို့လက်တွင်းသို့အပ်ပေးခဲ့ကြောင်း၊ မသန့်ရာရောက်၍၊ သစ္စာတော်ဖောက်ကျော်မှုနှင့်အမျှ၊ ငါစီရင်လျက် မျက်နှာတော်လွှဲခဲ့ကြောင်းများကို၊ လူမျိုးခြားတို့သိရကြလတ္တံ့။ 25 ထို့ကြောင့်၊ ငါအရှင်ထာဝရဘုရားမိန့်ဆိုသည့်အတိုင်း၊ ငါသည် သုံ့ဖမ်းခံရသော ယာကုပ်လူမျိုးကို၊ ယခုပြန်လာစေလျက်၊ ဣသရေလတစ်မျိုးလုံးပေါ်၌ ကရုဏာသက်၍၊ သန့်ရှင်းသောနာမတော်အတွက်၊ ရှုစိတ်တော်မမူခြင်းဖြစ်လိမ့်မည်။ 26-27 ငါသည်၊ ရန်သူတို့နေပြည်များကစုသိမ်း၍၊ လူအမျိုးမျိုးမှပြန်ပို့သဖြင်း၊ လူမျိုးခြားတို့ရှေ့၊ သီးသန့်ရာရောက်သည့်ကာလ၊ ပြည်ရင်းတွင်ထိတ်လန့်မဲ့၊ စိတ်ချစွာနေထိုင်ပြန်ကြသော်၊ ကိုယ့်အရှက်ဝန်နှင့်၊ သစ္စာတော်ဖောက်ကျော်သမျှသောဝန်ကို၊ သူတို့ထမ်းဆောင်ရကြလတ္တံ့။ 28-29 လူမျိုးခြားတို့သို့ သိမ်းသွားခံစေလျက်၊ ပြည်ရင်းသို့စုသိမ်းပြန်၍၊ ဣသရေလအမျိုးသားတို့အပေါ်သို့ ဝိညာဉ်တော်ကိုသွန်းလောင်းခဲ့ပြီးဖြစ်သောကြောင့်၊ ငါသည်၊ ကိုယ့်ဘုရားသခင်ထာဝရဘုရားဖြစ်လျက်၊ နောင်တစ်ဦးတစ်ယောက်ကိုမျှမချန်မခြွင်း၊ မျက်နှာတော်ကိုလည်းမလွှဲကြောင်း၊ သူတို့သိရကြလတ္တံ့ဟု ဆင့်ဆိုလော့ဟူ၍တည်း။