37
ငါ့အပေါ်တွင် ထာဝရဘုရား၏ လက်တော်တည်လျက်ရှိရာ၊ ဝိညာဉ်တော်အားဖြင့် ငါ့ကိုချီဆောင်လျက်၊ အရိုးများနှင့်ပြည့်သောမြေပြင်အလယ်တွင်ချထားပြီးလျှင်၊ ဝိုင်းသွားစေတော်မူသော်၊ မြေပြင်ပေါ်တွင် အရိုးများပြား၍အလွန်သွေ့ခြောက်သည်ကို ငါမြင်ရ၏။ ထိုအခါ၊ အချင်းလူ့သား၊ ဤအရိုးများသည် ရှင်နိုင်မည်လောဟုမေးတော်မူသော်၊ အိုအရှင်ထာဝရဘုရား၊ ကိုယ်တော်သိတော်မူပါ၏ဟု ငါပြန်လျှောက်လျှင်၊ ဤအရိုးများအားဟောပြောဆင့်ဆိုရမည်မှာ၊ အိုသွေ့ခြောက်သောအရိုးတို့၊ ထာဝရဘုရား၏ ဗျာဒိတ်တော်ကိုနာခံကြလော့။ အရိုးများအား အရှင်ထာဝရဘုရားက၊ ငါသည် သင်တို့အထဲသို့ရှူသက်သွင်းလျက်၊ ရှင်စေမည်။ သင်တို့အပေါ်တွင်အကြောရောက်ခြင်း၊ အသားတက်ခြင်း၊ အရေဖုံးခြင်း၊ ရှုသက်သွင်းခြင်းများကိုစီရင်သည့်အလျောက်၊ ရှင်ရသောသင်တို့သည်၊ ငါထာဝရဘုရား ဖြစ်ကြောင်း သိရကြလတ္တံ့ဟူသောအမိန့်တော်ကိုဆင့်ဆိုလော့ဟု၊ မိန့်တော်မူသည့်အတိုင်း ငါဟောပြော၏။ ထိုသို့ဟောပြောစဉ်တွင်၊ အသံပြုခြင်း၊ လှုပ်ရှားခြင်းရှိရာ၊ အရိုးချင်းများသည် စေ့စပ်ပြီးလျှင်၊ ငါရှုကြည့်သော်၊ အကြောရောက်လျက်၊ အသားတက်လျက်၊ အရေဖုံးလျက်ရှိသည်ကို မြင်ရာတွင်၊ ရှူသက်မရှိသေးချေ။ ကိုယ်တော်ကလည်း၊ အချင်းလူ့သား၊ လေအားဟောပြောလျက်၊ အိုလေ၊ အရပ်လေးမျက်နှာမှတိုက်လာ၍၊ လုပ်ကြံခံရသောဤသူတို့ရှင်ရစေရန်မှုတ်သွင်းလော့ဟု အရှင်ထာဝရဘုရားမိန့်တော်မူသည်ကို၊ ဟောပြောဆင့်ဆိုရမည့်အကြောင်း၊ 10 မှာတော်မူသည့်အတိုင်း ငါဟောပြောရာ၊ လေဝင်သောထိုသူတို့သည် အသက်ရှင်၍၊ အလွန်မြောက်မြားသောအလုံးအရင်းအဖြစ်၊ ခြေစုံရပ်နေကြ၏။ 11 တစ်ဖန်ကိုယ်တော်က၊ အချင်းလူ့သား၊ ဤအရိုးများကား၊ ငါတို့သည် အရိုးသွေ့ခြောက်၍၊ စောင့်မြော်ရာအကြောင်းပျက်လျက်၊ တိမ်ကောခဲ့လေစွဟု၊ ဆိုတတ်သော ဣသရေလ တစ်မျိုးလုံးဖြစ်သည်ကိုထောက်၍၊ သင်ဟောပြောဆင့်ဆိုရမည်မှာ၊ 12 အိုငါ့လူမျိုးတော်၊ ငါသည် သင်တို့သင်္ချၖိုင်းများကို ဖွင့်လျက်ထွက်လာစေပြီးလျှင်၊ ဣသရေလပြည်သို့ပို့ဆောင်မည်။ 13 အိုငါ့လူမျိုးတော်ထိုသို့သင်္ချၖိုင်းများကိုဖွင့်လျက်၊ ထွက်လာစေသောငါသည်၊ ထာဝရဘုရားဖြစ်ကြောင်းသင်တို့သိရကြလတ္တံ့။ 14 ဝိညာဉ်တော်ကိုလည်း ငါသွင်း၍၊ သင်တို့ကို ရှင်ပြန်စေပြီးလျှင်၊ ပြည်ရင်းတွင် ထားသဖြင့်၊ ငါထာဝရဘုရားမိန့်ဆိုလျက်စီရင်သည်ကို၊ သင်တို့သိရကြလတ္တံ့ဟု အရှင်ထာဝရဘုရားမိန့်တော်မူကြောင်း၊ ဆင့်ဆိုလော့ဟူ၍တည်း။
15 တစ်ဖန်၊ ငါသို့ရောက်လာသောထာဝရဘုရား၏ဗျာဒိတ်တော်ကား၊ 16 အချင်းလူ့သား၊ တုတ်တစ်ချောင်းကိုယူလျက်၊ ယုဒအမျိုးနှင့်အပေါင်းအပါဣသရေလအမျိုးသားတို့အဖို့ဟူ၍လည်းေကာင်း၊ တစ်ချောင်းကိုယူလျက်၊ ယောသပ်အမျိုးနှင့်အပေါင်း အပါဣသရေလအမျိုးသားတို့အဖို့၊ ဧဖရိမ်အမျိုးတည်းဟူသောတုတ်ဟူ၍လည်းေကာင်း၊ 17 အက္ခရာတင်ပြီးလျှင်၊ စွဲကိုင်လျက်ပင်၊ တုတ်တစ်ချောင်းတည်းဖြစ်စေခြင်းငှာ၊ ပူးကပ်လော့။ 18 ဤအရာအနက်ကိုဖော်ပြပါဟု၊ အမျိုးသားချင်းတို့မေးလျှောက်ကြသည့်ကာလ၊ 19-20 အက္ခရာတင်ပြီးသောတုတ်နှစ်ချောင်းကို၊ ၎င်းတို့ရှေ့စွဲကိုင်လျက်နေသောသင်က၊ ငါသည်၊ ဧဖရိမ်အမျိုး၏လက်ရှိ၊ ယောသပ်အမျိုးနှင့်အပေါင်းအပါ ဣသရေလအနွယ်သားတို့တည်းဟူသော တုတ်ယူ၍၊ ယုဒအမျိုးတည်းဟူသောတုတ်နှင့် ပူးထားလျက်၊ လက်တော်တွင်တုတ်တစ်ချောင်းတည်းဖြစ်စေမည်ဟု၊ အရှင်ထာဝရဘုရားမိန့်တော်မူကြောင်း ဆင့်ဆိုလော့။ 21 သင်ဆင့်ဆိုရဦးမည်မှာ၊ အရှင်ထာဝရဘုရားက၊ ဣသရေလအမျိုသားတို့ကို၊ အဘက်ဘက်ကစုသိမ်းလျက်၊ သွားနေရာလူမျိုးခြားတို့မှ ထုတ်ဆောင်၍၊ နေရင်းပြည်သို့ ပို့သွင်းပြီးလျှင်၊ 22 လူနှစ်မျိုး၊ နိုင်ငံနှစ်နိုင်ငံ၊ နောင်မကွဲရဘဲ၊ ဣသရေလပြည်တော်ရှိ တောင်တန်းပေါ်တွင်၊ ဘုရင်တစ်ပါးတည်းအုပ်စိုးသော တစ်မျိုးတည်းဖြစ်စေမည်။ 23 ရုပ်ပွားကိုးကွယ်မှု၊ စက်ဆုပ်ဖွယ်မှု၊ လွန်ကျူးမှုများကြောင့်၊ နောင်ညစ်ညူးရာမရောက်သော ထိုသူတို့ကို၊ ပြစ်မှားေဖာက်ပြန်မှုအမျိုးမျိုးမှ ငါကယ်တင်၍ စင်ကြယ် စေသဖြင့်၊ ထိုသူတို့သည် ငါ့လူမျိုး၊ ငါလည်းသူတို့ဘုရားသခင်ဖြစ်လိမ့်မည်။ 24 ကျွန်တော်ရင်းဒါဝိဒ်မင်းအုပ်စိုးခြင်းကိုခံလျက်၊ အထိန်းအကျောင်း တစ်ဦးတည်းအောက် နေသောထိုသူတို့သည်၊ ငါဆုံးဖြတ်ချက်များအတိုင်းလိုက်လှေျာက်လျက်၊ ထုံးဖွဲ့ ချက်များကိုစောင့်ထိန်းလိုက်နာကြရာ၊ 25 ကျွန်တော်ရင်းယာကုပ်အားငါပေးသည့်အတိုင်း၊ ဘိုးဘေးတို့နေထိုင်ခဲ့သောပြည်တွင်၊ သား၊ မြေး၊ မြစ်အဆက်ဆက်နေထိုင်ကြမည့်ပြင်၊ ကျွန်တော်ရင်းဒါဝိဒ်သည် အစဉ်မပြတ်အုပ်စိုးမည်။ 26 ငါသည် ထာဝရပဋိညာဉ်အဖြစ်မဟာမိတ် ပဋိညာဉ်ကိုဖွဲ့လျက်၊ နေရာပေး၍ တိုးပွားစေပြီးလျှင်၊ သူတို့ဘောင်တွင်၊ အမျိုးအဆက်ဆက် သန့်ရှင်းရာဌာနတော်ကို တည်မည့်အတိုင်း၊ 27 စံရာတော်ပါရှိသော ထိုသူတို့သည် ငါ့လူမျိုး၊ ငါလည်း သူတို့ဘုရားသခင်ဖြစ်လိမ့်မည်။ 28 သူတို့ဘောင်တွင်၊ အမျိုးအဆက်ဆက်သန့်ရှင်းရာဌာနတည်နေသည့်အတိုင်း၊ ဣသရေလအမျိုးသားတို့ကိုသီးသန့်ထားသောထာဝရဘုရားငါဖြစ်သည်ကို၊ လူမျိုးခြား တို့သိရကြလတ္တံ့ဟု၊ မိန့်တော်မူကြောင်းဆင့်ဆိုလော့ဟူ၍တည်း။