35
တစ်ဖန်၊ ထာဝရဘုရား၏ဗျာဒိတ်တော်သည်၊ ငါသို့ရောက်လာ၍၊ အချင်းလူ့သား၊ စိရတောင်ကိုမျက်နှာမူလျက် ဟောပြောဆင့်ဆိုရမည်မှာ၊ အရှင်ထာဝရဘုရားက၊ အိုစိရတောင်၊ သင့်ဆန့်ကျင်ဘက်ဖြစ်သောငါသည်၊ ဆန့်တန်းသောလက်ရုံးတော်ဖြင့်၊ ဆိတ်ညံရာဖုန်းဆိုးကုန်းထား၍၊ မြို့ရွာများကိုလည်း၊ မြို့ဆိုးကုန်းရောက်စေသောကြောင့်၊ ဆိတ်ညံသောသင်သည်၊ ထာဝရဘုရားငါဖြစ်ကြောင်းသိရလတ္တံ့။ သင်သည် အစဉ်ရန်ညိုးဖွဲ့၍၊ အပြီးသတ်ပြစ်ဒဏ်ခံရာဘေးဥပဒ်သင့်သောကာလ၌၊ ဣသရေလအမျိုးသားတို့ကို၊ ဓားဘေးသို့အပ်နှင်းခဲ့သောကြောင့်၊ ငါသည် သင့်ကိုသွေးအိုင်ဖြစ်စေမည့်အလျောက်၊ သွေးသွန်းဘေးထက်ကြပ်လိုက်မည်။ သွေးသွန်းမှုကိုနှစ်သက်သောသင့်ကို၊ သွေးသွန်းဘေးထပ်ကြပ်လိုက်မည်ဟု၊ အသက်တော်ကိုတိုင်တည်၍၊ ငါအရှင်ထာဝရဘုရားမိန့်ဆို၏။ စိရတောင်ကို၊ ဆိတ်ညံရာ ဖုန်းဆိုးကုန်းထားသည့်အတိုင်း၊ ထွက်ဝင်သူအပေါင်းတို့ကိုပယ်ရှားလျက်၊ တောင်များကို အလောင်းနှင့်ဖုံးအုပ်၍၊ ကုန်း၊ ချိုင့်၊ ချောင်းရှိသမျှ၌၊ ဓားဖြင့်လုပ်ကြံခံရသူတို့ကိုလှဲချသော်၊ ပြည်ကိုအစဉ်ဆိတ်ညံရာ၊ မြို့ရွာများကိုနေသူမဲ့ရာ ဖြစ်စေသော ငါသည်၊ ထာဝရဘုရားဖြစ်ကြောင်းသင်သိရလတ္တံ့။ 10 ငါထာဝရဘုရားစံနေလျက်ပင်၊ သင်က၊ ဤလူနှစ်မျိုး၊ ဤပြည်နှစ်ပြည်ကို၊ ငါပိုင်အဖြစ်သိမ်းယူမည်ဟုဝင့်ဝါသောကြောင့်၊ 11 ငါလည်း၊ သင်မုန်းထားခြင်း၊ ဝန်တိုခြင်း၊ အမျက်ထွက်ခြင်းနှင့်အမျှ ဆပ်ပေးလျက်တရားစီရင်သည့်ကာလ၊ ထိုလူမျိုးအားထင်ရှားရာရောက်မည်ဟု၊ အသက်တော်ကို တိုင်တည်၍၊ ငါအရှင်ထာဝရဘုရားမိန့်ဆို၏။ 12 ဤခင်တန်းသည် ဆိတ်ညံရာရောက်လျက်၊ ငါတို့မျိုစားခွင့်ရကြပြီဟု ဣသရေလခင်တန်းကိုရည်လျက်၊ သင်ကြိမ်းပချက်ဟူသမျှကို၊ ငါထာဝရဘုရားကြားခဲ့ကြောင်း သိရလတ္တံ့။ 13 ငါ့တစ်ဘက်၌မြောက်များသောစကားဖြင့် သင်မောက်ကြွားသည်ကို ငါကြားခဲ့ပြီ။ 14 သို့ဖြစ်၍၊ ငါအရှင်ထာဝရဘုရားမိန့်ဆိုသည့်အတိုင်း၊ သင့်ကိုဆိတ်ညံရာငါဖြစ်စေသည့်ကာလ၊ မြေပထဝီလုံးရွှင်လန်းမည်။ 15 အိုစိရတောင်နှင့် ဧဒုံပြည်လုံး၊ ဣသရေလအမျိုးသားတို့ ပိုင်ပြည်ဆိတ်ညံရာရောက်သောကြောင့်၊ သင်ရွှင်လန်းသည်နှင့်အမျှ၊ ငါဆပ်ပေးသည့်အတိုင်း၊ တစ်ပြည်လုံး ဆိတ်ညံရာရောက်သော်၊ ထာဝရဘုရားငါဖြစ်သည်ကို သိရလတ္တံ့ဟု ၊အရှင်ထာဝရဘုရားမိန့်တော်မူကြောင်း၊ ဆင့်ဆိုလော့။