33
တစ်ဖန်၊ ထာဝရဘုရား၏ဗျာဒိတ်တော်သည်၊ ငါသို့ရောက်လာ၍၊ အချင်းလူ့သား၊ အမျိုးသားချင်းတို့အားဟောပြောဆင့်ဆိုရမည်မှာ၊ တစ်တိုင်းတစ်ပြည်ပေါ်သို့ဓားဘေးကိုငါသင့်စေသော်၊ ကင်းစောင့်အဖြစ်၊ ပြည်သူပြည်သားတို့ရွေး ကောက် ခန့်ထားမည့်သူသည်၊ ဓားဘေးသင့်ကြောင်းသိမြင်လျက်၊ သတိပေးရန်တံပိုးမှုတ်လျှင်၊ တံပိုးမှုတ်သံကိုကြားသော်လည်း၊ သတိမမူသည့်အလျောက်၊ သင့်သောဓားဘေးကြောင့် ရုပ်သိမ်းခံရသူ၏အသွေးသည်၊ ချင်းဦးခေါင်းပေါ်၌တည်စေ။ ထိုသူသည်၊ တံပိုးမှုတ်သံကို ကြားလျက်သတိမမူသောကြောင့်၊ ချင်းအသွေးသည်၊ ချင်းအပေါ်၌တည်ရလတ္တံ့။ သတိမူခဲ့သော်ကား၊ အသက်ကယ်ရာရောက်လေပြီ။ ဓားဘေးသင့်ကြောင်းသိမြင်လျက်၊ သတိပေးရန်တံပိုးကိုကင်းစောင့်မမှုတ်သည်နှင့်၊ ဓားဘေးသင့်၍ လူတစ်ဦးကိုရုပ်သိမ်းလျှင်၊ ကိုယ့်ဒုစရိုက်ကြောင့်ထိုလူသေဒဏ် ခံရလျက်ပင်၊ အသွေးကိုကား၊​ ကင်းစောင့်ထံငါတောင်းဆိုမည်။ အချင်းလူ့သား၊ ဣသရေလအမျိုးသားတို့အဖို့၊ သင့်ကိုကင်းစောင့်သဖွယ်ငါထားပြီးဖြစ်၍၊ နှုတ်မြွက်သောဗျာဒိတ်တော်ကို နာခံလျက်၊ ထိုသူတို့အားသတိပေးလော့။ အချင်းလူဆိုး၊ သင်မုချသေဒဏ်ခံရမည်ဟုလူဆိုးအားငါမိန့်ဆိုရာ၌၊ ထိုလူဆိုးကိုအလေ့အလာမှ ကြဉ်ရှောင်ရန် နှိုးဆော်၍ သတိမပေးလျှင်၊ ကိုယ့်ဒုစရိုက်ကြောင့် ထိုလူဆိုးသေဒဏ်ခံရလျက်ပင်၊ အသွေးကိုကား၊ သင့်ထံငါတောင်းဆိုမည်။ ကြဉ်ရှောင်ရန်သင်သတိပေးသော လူဆိုးသည်၊ အလေ့အလာမှ မကြဉ်ရှောင်လျှင်၊ ကိုယ့်ဒုစရိုက်ကြောင့် သေဒဏ်ခံရလျက်ပင်၊ သင်မူကား၊ ကိုယ့်အသက်ကိုကယ် လေပြီဟူ၍တည်း။
10 အချင်းလူ့သား၊ ဣသရေလအမျိုးသားတို့အားဆင့်ဆိုရဦးမည်မှာ၊ ပြစ်မှားမှု၊လွန်ကျူးမှုများကိုထမ်းဆောင်၍၊ ပိန်ခြောက်သောအကျွန်ုပ်တို့သည်၊ မည်သို့အသက် ချမ်းသာရကြအံ့နည်းဟု၊ ဝန်ခံသောသင်တို့နှင့်စပ်လျဉ်း၍၊ 11 အရှင်ထာဝရဘုရားက၊ လူဆိုးသေဒဏ်ခံရသည်ကိုငါမနှစ်သက်၊ ကိုယ့်အလေ့အလာမှ လူဆိုးကြဉ်ရှောင်၍၊ အသက်ချမ်းသာရသည်ကိုငါနှစ်သက်၏။ အိုဣသရေလ အမျိုးသားတို့၊ သေဒဏ်ကို အဘယ့်ကြောင့်ခံကြမည်နည်း။ ဆိုးသွမ်းသောအလေ့အလာမှ ကြဉ်ရှောင်လျက်၊ပြန်လာကြလော့ဟု၊ အသက်တော်ကိုတိုင်တည်၍မိန့်တော်မူကြောင်း ဆင့်ဆိုရမည်။ 12 အချင်းလူ့သား၊ အမျိုးသားချင်းတို့အားဆင့်ဆိုရမည်မှာ၊ ဖြောင့်မတ်သူသည်၊ လွန်ကျူးမိသောကာလ၌၊ ယခင်ဖြောင့်မတ်ခြင်းကြောင့်ဘေးလွတ်ခွင့်၊ ပြစ်မှားမိသော ကာလ၌အသက်ရှင်ခွင့်ရတော့မည်မဟုတ်။ လူဆိုးလည်း၊ ဆိုးသွမ်းခြင်းမှကြဉ်ရှောင်သောကာလ၌၊ ယခင်ဆိုးသွမ်းခြင်းကြောင့်ပြိုလဲမည်မဟုတ်။ 13 မုချအသက်ချမ်းသာရမည်ဟု ငါဆိုရာ၌၊ ဖြောင့်မတ်သူသည်၊ ကိုယ်ဖြောင့်မတ်ခြင်းကို စိတ်ချလျက်၊ မတရားပြုလျှင်၊ ဖြောင့်မတ်မှုများကို အလျှင်းအရေးယူတော် မမူဘဲ၊ ပြုကျင့်သောမတရားမှုကြောင့် သေဒဏ်ခံရလတ္တံ့။ 14 တစ်နည်း၊ လူဆိုးအား၊ မုချသေဒဏ်ခံရမည်ဟု ငါဆိုရာ၌၊ ပြစ်မှုမှကြဉ်ရှောင်၍တရားသဖြင့်ဖြောင့်မတ်စွာဆောင်ရွက်လျက်၊ 15 အပေါင်ခံပစ္စည်းကိုပြန်ပေးခြင်း၊ လုယက်ဥစ္စာကိုဆပ်ခြင်း၊ မတရားမှုကိုဆက်လက်မပြုဘဲ၊ အသက်တည်ရာတည်ကြောင်းဖြစ်သောထုံးဖွဲ့ချက်အတိုင်း လိုက်လျှောက်ခြင်းများကိုပြုသော် ထိုလူဆိုးသည်၊ သေဒဏ်မခံရ၊ မုချအသက်ချမ်းသာရလတ္တံ့။ 16 ပြစ်မှားဖူးသောပြစ်မှုများကို အလျှင်းအရေးယူတော်မမူဘဲ၊ တရားသဖြင့်ဖြောင့်မတ်စွာဆောင်ရွက်သည့်အတိုင်း၊ မုချအသက်ချမ်းသာရလတ္တံ့။ 17 သို့ရာတွင်၊ အလေ့အလာမဖြောင့်သောသင့်အမျိုးသားချင်းတို့က၊ အရှင်ဘုရား၏တရားနည်းလမ်းတော်မဖြောင့်ဟု၊ ဆိုလေ့ရှိကြသည်တကား။ 18 ဖြောင့်မတ်သူသည်၊ ကိုယ့်ဖြောင့်မတ်ခြင်းမှဖောက်ပြန်လျက်၊ မတရားမှုကို ပြုကျင့်လျှင်၊ ထိုအမှုကြောင့်သေဒဏ်ခံရလတ္တံ့။ 19 တစ်နည်း၊ လူဆိုးသည်၊ ကိုယ့်ဆိုးသွမ်းမှုမှကြဉ်ရှောင်လျက်၊ တရားသဖြင့်၊ ဖြောင့်မတ်စွာဆောင်ရွက်လျှင်၊ အသက်ချမ်းသာရလိမ့်မည်။ 20 အရှင်ဘုရား၏ တရားနည်းလမ်းတော်မဖြောင့်ဟု ဆိုလေ့ရှိသော၊ အိုဣသရေလအမျိုးသားတို့၊ အသီးအသီးအလေ့အလာအလိုက်၊ သင်တို့ကိုငါတရားစီရင်မည့် အကြောင်း၊ ဆင့်ဆိုလော့ဟူ၍တည်း။
21 တစ်ဖန်၊ ငါတို့သိမ်းသွားခံရသော ဆယ့်နှစ်နှစ်၊ ဒသမလ၊ ငါးရက်တွင်၊ ယေရုရှလင်မြို့မှ ပြေးလွတ်သူသည်၊ ငါထံရောက်လာလျက် မြို့တော်ပေါက်ပါပြီဟု ပြန်ကြား လေ၏။ ထိုပြေးလွတ်သူမရောက်မီ၊ ညဉ့်ဦးကစ၍ နောက်နံနက်ထိုသူမရောက်မီအတွင်း၊ 22 ထာဝရဘုရား၏လက်တော်တည်သည့်အတိုင်း၊ ငါသည်ဆိတ်ဆိတ်မနေရဘဲ၊ နှုတ်မြွက်ခွင့်ရနှင့်သတည်း။ 23 ထိုအခါ၊ ငါသို့ရောက်လာသောထာဝရဘုရား၏ဗျာဒိတ်တော်ကား။ 24 အချင်းလူ့သား၊ ဣသရေလပြည်ရှိမြို့ပျက်များ၌ နေထိုင်သူတို့က၊ တစ်ဦးတည်းဖြစ်သောကြောင့်အာဗြဟံသည်၊ ပြည်တော်ကိုအပိုင်ရခဲ့၏။ အများဖြစ်သောငါတို့လည်း၊ အပိုင်ရအပ်ကြသည်ဟု ဆိုလေ့ရှိသောကြောင့်၊ 25 အသွေးပါသောအစာကိုစားလျက်၊ ရုပ်ပွားများကိုဖူးမြင်လျက်၊ သွေးသွန်းမှုပြုသောသင်တို့သည်၊ ပြည်တော်ကိုပိုင်အပ်ကြသလော။ 26 ဓားကိုတံကဲပြုလျက်၊ ရွံရှာဖွယ်အမှုကိုကျင့်လျက်၊ သူ့မယားကိုရှုတ်ချသောသင်တို့သည်၊ ပြည်တော်ကို ပိုင်အပ်ကြသလောဟု၊ ထာဝရဘုရားမိန့်တော်မူကြောင်း၊ ဆင့်ဆိုလော့။ 27 မြို့ပျက်များ၌ရှိနေသူတို့သည်၊ ဓားဖြင့်ကျဆုံးခြင်း၊ တော၌ရှိနေသူတို့သည်၊ သားရဲစာဖြစ် ထားတော်မူခြင်း၊ လုံခြုံရာ ဥမင်များ၌ရှိနေသူတို့သည်၊ ကပ်ရောဂါဖြင့် သေလွန်ခြင်းကိုခံရကြမည်။ 28 ပြည်တော်ကိုဆိတ်ညံရာဖုန်းဆိုးကုန်းငါဖြစ်စေမည့်အလျောက်၊ မောက်မာရာခံမြို့ပပျောက်သည့်ပြင်၊ ဣသရေလခင်တန်းလည်း၊ ဖြတ်သန်းသူကင်းသော ဆိတ်ညံရာ ရောက်မည်ဖြစ်၍၊ 29 ပြုဖူးသောရွံရှာဖွယ်မှုများအတွက်၊ တစ်ပြည်လုံးဆိတ်ညံရာဖုန်းဆိုးကုန်းဖြစ်စေသောငါသည်၊ ထာဝရဘုရားဖြစ်ကြောင်း၊ သူတို့သိရကြလတ္တံ့ဟု၊ အသက်တော်ကို တိုင်တည်၍၊ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကိုဆင့်ဆိုလော့။ 30 အချင်းလူ့သား၊ အိမ်နံရံ၊ အိမ်ဝများအနီး၌၊ သင့်ကိုရည်လျက် ပြောတတ်သောသင့်အမျိုးသားချင်းတို့က၊ ထာဝရဘုရားထံမှရောက်လာသောဗျာဒိတ်တော်ကို ကြားနာရန် လာကြကုန်ဟု၊ တစ်ယောက်ကိုတစ်ယောက်အချင်းချင်းခေါ်ဖိတ်ကြသည့်အတိုင်း၊ 31 လူမျိုးတော်ပရိတ်သတ်အဟန်၊ သင့်ထံလာရောက်ထိုင်နေကြစဉ်၊ မေတ္တာစကားလျှောက်ထားလျက်၊ လောဘစိတ်ရှိသည့်အလျောက်၊ သင်ဆင့်ဆိုချက်များကိုကြား နာသော်လည်း၊ နားမထောင်ကြချေ။ 32 ထိုသို့ဆင့်ဆိုချက်များကိုကြားနာလျက်၊ နားမထောင်ကြသောသူတို့ရှေ့တွင်၊ သင်သည် မေတ္တာသီချင်းကိုချိုစွာကျူးဧလျက်၊ စောင်းကိုသာယာစွာတီးသောသူမျှသာ ဖြစ်၏။ 33 သို့ရာတွင်၊ အတည်ဖြစ်မည့်ထိုဗျာဒိတ်အတိုင်း ဖြစ်ပျက်သည့်ကာလ၊ ချင်းတို့ဘောင်တွင်ပရောဖက်တစ်ပါးပေါ်ထွန်းသည်ကို၊ သိမှတ်ရကြလတ္တံ့ဟူ၍တည်း။