29
တစ်ဖန်၊ ဆယ်နှစ်၊ ဒသမလ၊ ဆယ့်နှစ်ရက်တွင်၊ ငါသို့ရောက်လာသောထာဝရဘုရား၏ဗျာဒိတ်တော်ကား၊ အချင်းလူ့သား၊ အိဂျစ်ဘုရင်ဖာရောမင်းသို့မျက်နှာမူလျက်၊ ထိုမင်းမှစသော တစ်ပြည်လုံးကိုရည်၍၊ ဟောပြောဆင့်ဆိုရမည်မှာ၊ အရှင်ထာဝရဘုရားက၊ မြစ်လက်ကြားတွင် ဖွတ်မိကျောင်းသဖွယ်ဝပ်၍၊ ငါဖန်ဆင်းသောဤမြစ်ကား၊ ငါပိုင်ဖြစ်ပြီဟု အောက်မေ့သူအိဂျစ်ဘုရင်၊ အိုဖာရောမင်း၊ ငါသည် သင့်တစ်ဘက်နေ၍၊ ပါးချိတ်၌ကွင်းတပ်လျက်၊ အကြေးကြားတွင် သင့်မြစ်ရှိငါးများ ကပ်စေပြီးလျှင်၊ အကြေးကြားတွင် ကပ်သောထိုငါးရှိသမျှနှင့်တကွ၊ သင့်မြစ်လက်ကြား များမှ သင့်ကိုဆွဲတင်လျက်၊ ထိုငါးရှိသမျှပါ၊ သဲတောတွင် ပစ်ထားမည်။ မြေသတ္တဝါလေသတ္တဝါအစာအဖြစ်၊ ငါထားသောသင့်အလောင်းသည်၊ မြေအပြင်တွင် စုပုံခြင်းကင်းလျက်၊ လဲကျ၍ နေရသည့်အတွက်၊ ဣသရေလအမျိုးသားတို့အဖို့၊ ကျူတုတ်မျှသာဖြစ်ဖူးသောအိဂျစ်ပြည်သားအပေါင်းတို့သည်၊ ထာဝရဘုရားငါဖြစ်သည်ကိုသိရကြလတ္တံ့။ စွဲကိုင်ကြသည့်ကာလ၊ ကြေမွသောသင်သည် ပခုံးထိရှခြင်း၊ တံကဲပြုကြသည့်ကာလ၊ ကျိုးပြတ်သောသင်သည်၊ ခါးကိုရှ၍ တုန်စေခြင်း ပြုသည်တကား။ 8-9 သို့ဖြစ်၍၊ ငါအရှင်ထာဝရဘုရားက၊ ငါဖန်ဆင်းသောဤမြစ်ကား၊ ငါပိုင်ဖြစ်သည်ဟု အောက်မေ့သူသင့်အပေါ်သို့၊ ဓားဘေးကိုငါသင့်စေ၍၊ လူသူတိရစ္ဆာန်ပါ၊ ပယ်ရှားမည့်အလျောက်၊ အိဂျစ်ပြည်သည် ဆိတ်ညံရာဖုန်းဆိုးကုန်းဖြစ်သောအခါ၊ ထာဝရဘုရားငါဖြစ်သည်ကို သိရကြလတ္တံ့။ 10 သို့နှင့်အညီ၊ ငါသည် သင်မှစသော၊ မြစ်လက်ကြားများကိုဆန့်ကျင်ဘက်နေ၍၊ မိဂဒေါလမြို့မှ ကုရှနယ်စွန်၊ သုဏေမြို့တိုင်အောင်၊ အိဂျစ်တစ်ပြည်လုံးကို ဆိတ်ညံရာဖုန်းဆိုးကုန်းထားသည့်အတိုင်း၊ 11 အနှစ်လေးဆယ်အတွင်းနေသူမဲ့လျက်၊ လူသူတိရစ္ဆာန်ခြေချတော့မည်မဟုတ်။ 12 ဆိတ်ညံရာရောက်သောတိုင်းနိုင်ငံများအလယ်တွင်၊ အိဂျစ်ပြည်ကိုလည်းေကာင်း၊ ဖုန်းဆိုးကုန်းဖြစ်သောမြို့များအလယ်တွင်၊ မြို့ရွာများကိုလည်းေကာင်း၊ အနှစ်လေးဆယ်တိုင်တိုင်ဆိတ်ညံရာဖြစ်စေမည့်ငါသည်၊ အိဂျစ်ပြည်သူပြည်သားတို့ကို၊ လူအမျိုးမျိုးအပြည်ပြည်၌၊ အနှံ့အပြားကွဲလွင့်စေမည်ဟု မိန့်ဆို၏။ 13 ငါအရှင်ထာဝရဘုရားကလည်း၊ အနှစ်လေးဆယ်စေ့ပြီးမှ၊ ငါသည် ကွဲလွင့်လျက်နေရာ လူအမျိုးမျိုးမှ အိဂျစ်ပြည်သူပြည်သားတို့ကို စုသိမ်းလျက်၊ 14 သုံ့ပန်းခံရသူတို့ကို၊ ဖွားမြင်ရာ ပါသရုပြည်သို့ပြန်ပို့ခေါ်သွင်းပြီးလျှင်၊ သိမ်ငယ်သောနိုင်ငံဖြစ်စေမည်။ 15 လူမျိုးခြားတို့ကို အုပ်စိုးခွင့်မရသည့်တိုင်အောင် သိမ်ဖျင်းစေလျက်၊ တိုင်းနိုင်ငံတကာထက်သိမ်ငယ်ရာရောက်သဖြင့်၊ လူမျိုးခြားတို့အပေါ်တွင် ဂုဏ်ရှိတော့မည်မဟု​​တ်။ 16 ဣသရေလအမျိုးသားတို့ငဲ့၍ စောင့်မြော်ကိုးစားသဖြင့်၊ ဒုစရိုက်ထင်ရှားစေရာအကြောင်း၊ နောင်မဖြစ်ရဘဲ၊ အရှင်ထာဝရဘုရားငါဖြစ်သည်ကို သိရကြလတ္တံ့ဟု မိန့်ဆိုကြောင်း ဆင့်ဆိုလော့ဟူ၍တည်း။
17 တစ်ဖန်၊ နှစ်ဆယ့်ခုနစ်နှစ်၊ ပဌမလတစ်ရက်တွင်၊ ငါသို့ရောက်လာသော၊ ထာဝရဘုရား၏ ဗျာဒိတ်တော်ကား၊ 18 အချင်းလူ့သား၊ ဗာဗုလုန်ဘုရင်နေဗုဒ်နေဇာမင်းသည်၊ တပ်သားအပေါင်းတို့ခေါင်းပြောင်၍၊ ပခုံးပွန်းသည့်တိုင်အောင်၊ တုရုမြို့တစ်ဘက်အရေးကြီးသောအမှုကို၊ ထမ်းစေသော်လည်း၊ မင်းသော်လည်းေကာင်း၊ ဗိုလ်ထုသော်လည်းေကာင်း၊ ထမ်းသော အမှုအတွက်၊ 19 တုရုမြို့မှအခမရသည်ကိုထောက်၍၊ ငါအရှင်ထာဝရဘုရားက၊ အိဂျစ်ပြည်ကိုငါအပ်ပေးသည့်အတိုင်း၊ ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာမင်းသည်၊ ဗိုလ်ထုတို့အခအဖြစ်၊ ပြည်သူပြည်သားတို့ကို သိမ်းသွားလျက်၊ ဥစ္စာဘဏ္ဍာကိုလည်း၊ လက်ရယူငင်ရလိမ့်မည်။ 20 ငါ့အမှုကိုထမ်းကြသည့်အတွက် ချွေးနဲစာအဖြစ်၊ အိဂျစ်ပြည်ကိုအပ်ပေးမည်ဟု၊ ငါအရှင်ထာဝရဘုရားမိန့်ဆို၏။
21 ထိုကာလငါသည်၊ ဣသရေလအမျိုးသားတို့တွင်ဦးချိုကို ပေါက်စေလျက်၊ သင့်အားလည်းနှုတ်မြွက်ခွင့်ပေးမည့်အလျောက်၊ ထာဝရဘုရားငါဖြစ်သည်ကိုသိရကြလတ္တံ့ ဟူ၍တည်း။