23
တစ်ဖန်၊ ငါသို့ရောက်လာသောထာဝရဘုရား၏ဗျာဒိတ်တော်ကား၊ အချင်းလူ့သား၊ မိစုံညီအစ်မနှစ်ယောက်တို့သည်၊ ငယ်ရွယ်စဉ်အခါ၊ အိဂျစ်ပြည်တွင် ပြည့်တန်ဆာလုပ်၍၊ ထိုပြည်၌ပင် အပျိုစင်ရင်သားကို ချေနယ်ခံရကြ၏။ အဟောလအမည်ရှိသောအမနှင့် ညီမအဟောလိဗတို့သည်၊ ငါ့ကာမပိုင်ဖြစ်လျက်၊ သားသမီးများကိုဖွားမြင်ကြ၏။ အမည်များမှာမူ၊ အဟောလသည် ရှမာရိမြို့၊ အဟောလိဗသည် ယေရုရှလင်မြို့ဖြစ်၏။ 5-6 ငါ့ကာမပိုင်ရှိလျက်ပင်၊ အဟောလသည် ပြည့်တန်ဆာလုပ်၍၊ ပြည်နီးချင်းအာရှုရိလူမျိုး၊ မြင်းစီးသူရဲ၊ နှစ်သက်ဖွယ်လူပျို၊ အပြာထည်ဝတ်လျက် မြို့ဝန်မြို့စားဖြစ်သောခင်မင်သူတို့ကိုတပ်မက်လျက်၊ လက်ရွေးဖြစ်သောထိုအာရှုရိလူတို့နှင့်ပြည့်တန်ဆာလုပ်သည်တကား၊ တပ်မက်သမျှသူတို့ရှိခိုးသော ရုပ်ပွားများဖြင့်လည်း၊ မသန့်ရာရောက်လေပြီ။ ၎င်းပြင်၊ ငယ်ရွယ်စဉ်အခါအိပ်စက်၍၊ အပျိုစင်ရင်သားကို ချေနယ်ခဲ့သောအိဂျစ်ပြည်သားတို့နှင့် ပြည့်တန်ဆာမှုကိုမဖြတ်ဘဲ၊ မေထုန်ကြူးခံသေးသောကြောင့်၊ တပ်မက်သောအာရှုရိအမျိုး ခင်မင်ဖူးသူတို့လက်တွင်းသို့၊ ငါအပ်နှင်းသည့်အလျောက်၊ 10 ထိုသူတို့သည်၊ သူ့ရှက်ဖွယ်ရာကိုလှစ်ပြ၍၊ ဓားဖြင့်ကွပ်မျက်လျက်၊ သားသမီးများကိုသုံ့ဖမ်းလျက်၊ စီရင်ဒဏ်ခတ်ကြသဖြင့်၊ မိန်းမတို့ဘောင်တွင် အမည်ပျက်လေ၏။
11 ထိုအမှုကို ညီမအဟောလိဗမြင်သော်လည်း၊ အစ်မထက်တပ်မက်၍ မှားယွင်းခြင်း၊ ပြည့်တန်ဆာလုပ်၍ကျူးလွန်ခြင်းကိုပြုလျက်၊ 12 ပြည်နီးချင်းအာရှုရိလူမျိုး၊ မြင်းစီးသူရဲ၊ နှစ်သက်ဖွယ်လူပျို၊ ဆန်းကြယ်စွာဝတ်သော မြို့ဝန်မြို့စားတို့ကို တပ်မက်သည်နှင့်၊ 13 နှစ်ဦးလုံးပင် တစ်လမ်းတည်းလိုက်၍၊ ညီမလည်းမသန့်ရာရောက်ကြောင်း၊ ငါသိမြင်၏။ 14-16 ချက်သိုရာခါလဒဲပြည်ရှိ ဗာဗုလုန်လူမျိုးသဏ္ဌာန်၊ နံရံပေါ်တွင်ဆေးနီဖြင့်ရေးသားသော၊ ခါးဝတ်စည်းလျက်၊ ရှည်လျားစွာခေါင်းပေါင်းမြိတ်ချလျက်၊ မင်းဟန်ရှိသောခါလဒဲပြည်သားတို့ ရုပ်ပုံများကိုမြင်သော်၊ ပြည့်တန်ဆာမှုကိုကျူးလွန်သေးလျက်၊ မြင်လျှင်မြင်ခြင်းတပ်မက်သဖြင့်၊ သူတို့ရှိရာခါလဒဲပြည်သို့ အောင်သွယ်များကိုစေလွှတ်သည့်အတိုင်း၊ 17 ကျင်လည်သောအိပ်ရာထက်၊ ရောက်လာသူဗာဗုလုန်လူမျိုးတို့သည် ထိုမိန်းမမသန့်ရာရောက်၍ မေတ္တာကုန်သည့်တိုင်အောင်၊ မေထုန်ပြုလျက်ညစ်ညူးစေကြ၏။ 18 အစ်မကို ငါမေတ္တာကုန်သည့်နည်းတူ၊ ရှက်ဖွယ်ရာပြည့်တန်ဆာမှုများကို ဖော်ပြသဖြင့်၊ မေတ္တာကုန်စေသောညီမသည်၊ 19 အိဂျစ်ပြည်တွင်ပြည့်တန်ဆာလုပ်ဖူးသော ငယ်ရွယ်စဉ်ကာလကို လွမ်းဆွတ်လျက်၊ ကျူးလွန်ပြန်သည့်ပြင်၊ 20 မြည်းလိင်၊ မြင်းသုတ်ရည်ရှိသောလင်မျှောင်များကိုတပ်မက်လေ၏။ 21 အိဂျစ်လူမျိုးတို့ဖြင့်အပျိုစင်ရင်သားကိုချေနယ်ခံခဲ့ရာ၊ ငယ်ရွယ်စဉ်အခါ ကာမဂုဏ်လိုက်စားခြင်းကို သတိရပြန်၏။ 22-23 သို့ဖြစ်၍၊ အိုအဟောလိဗ၊ ငါအရှင်ထာဝရဘုရားက၊ ဗာဗုလုန်လူမျိုး၊ ခါလဒဲလူမျိုး၊ ပေကုတ်လူမျိုး၊ ရှော့လူမျိုး၊ ကော့လူမျိုး၊ အာရှုရိလူမျိုးတည်းဟူသောမြင်းစီးသူရဲ၊ နှစ်သက်ဖွယ်လူပျို၊ မြို့ဝန်၊မြို့စား၊ ဗိုလ်မင်း၊ မင်းတိုင်ပင်ဖြစ်သူ၊ ခင်မင်ဖူးလျက် သင်မေတ္တာကုန်သူတို့ကို၊ ငါဆော်သြလျက်၊ အရပ်ရပ်မှ လာရောက်စေသည့်အတိုင်း၊ 24 ရထားတပ်၊ လှည်းတပ်၊ အလုံးအရင်းပါ၊ လက်နက်ဆောင်လျက် ချီတက်သည့်ပြင်၊ ဒိုင်းရှည်၊ ဒိုင်းဝန်း၊ မောက်ရူဆောင်းကိုင်လျက် ဝန်းဝိုင်းစွဲရပ်ကြသော်၊ တရားမှုကို ငါလွှဲအပ်သည်နှင့်အညီ၊ ကိုယ့်ဓမ္မသတ်အတိုင်းသင့်ကိုဆုံးဖြတ်ကြလိမ့်မည်။ 25 ငါလည်း၊ ရှုစိတ်တော်မမူခြင်းကို၊ သင့်ဆန့်ကျင်ဘက်ထားသည့်အလျောက်၊ အမျက်နှင့်စီရင်သောထိုသူတို့သည်၊ နှာခေါင်း၊ နားရွက်ဖြတ်ခြင်း၊ သားသမီးတို့ကို သုံ့ဖမ်းခြင်း၊ အကြွင်းအကျန်တို့ကိုဓားဖြင့်ဆုံးစေ၍၊ မီးဖြင့်ကုန်စေခြင်းများကိုပြုလျက်၊ 26 သင်၏ရတနာနှင့်အဝတ်များကိုချွတ်ယူကြပြီးနောက်၊ သင်ကာမဂုဏ်လိုက်စားခြင်း၊ 27 အိဂျစ်ပြည်တွင်ပြုခဲ့သော ပြည့်တန်ဆာလုပ်ခြင်းများကို၊ ငါပြတ်စေသဖြင့်၊ အိဂျစ်ပြည်ကိုမလွမ်း၊ ပြည်သားတို့ကိုလည်း မမြော်ဘဲနေရလိမ့်မည်ဟု မိန့်ဆို၏။ 28 သို့နှင့်အညီ၊ ငါအရှင်ထာဝရဘုရားက၊ သင်မေတ္တာကုန်လျက် မုန်းထားသူတို့လက်တွင်းသို့၊ ငါအပ်နှင်းသည့်အလျောက်၊ 29 သူတို့သည် မုန်းစိတ်နှင့် စီရင်လျက်၊ ချွေးနဲစာရှိသမျှကိုလုယူ၍၊ အဝတ်အချည်းစည်းထားသဖြင့်၊ သင့်ရှက်ဖွယ်ရာကာမဂုဏ်လိုက်စားမှုနှင့် ပြည့်တန်ဆာလုပ်မှုများထင်ရှားလိမ့်မည်။ 30 လူမျိုးခြားတို့နှင့် မှားယွင်း၍၊ ချင်းတို့ရုပ်ပွားများဖြင့် မသန့်ရာရောက်သောကြောင့်၊ ထိုသို့စီရင်ခံရလတ္တံ့။ 31 အစ်မ၏လမ်းကိုလိုက်လျှောက်ပြီးဖြစ်၍၊ သောက်ခဲ့ရာဖလားကိုသင့်လက်သို့၊ ငါလွှဲအပ်မည်ဟူ၍လည်းေကာင်း၊ 32 သင်သည်၊နက်ရှိုင်းကျယ်ဝန်း၍ များစွာဆံ့သော၊ အစ်မ၏ဖလားကို သောက်ရသဖြင့်၊ ပြက်ရယ်ပြုရာ၊ ပြောင်လှောင်ရာခံရသည့်ပြင်၊ 33 အစ်မရှမာရိဖလားတည်းဟူသော အံ့အားသင့်ခြင်း၊ ဆိတ်ညံခြင်းဖလားမှ၊ ယစ်မူးပူဆွေးခြင်းကိုအပြည့်သောက်လျက်၊ 34 ငါအရှင်ထာဝရဘုရားမိန့်ဆိုခဲ့သည့်အတိုင်းပင်၊ အကုန်အစင်သုံးသောက်ခြင်း၊ အစိတ်စိတ်ခွဲခြင်း၊ သားမြတ်ဖြုတ်ခြင်းများကို ပြုရမည်ဟူ၍လည်းေကာင်း မိန့်ဆို၏။ 35 သို့ဖြစ်၍ ငါအရှင်ထာဝရဘုရားက၊ ငါ့ကိုသတိလစ်လျက် ကျောခိုင်းပြီး ဖြစ်သောကြောင့်၊ ကိုယ့်ကာမဂုဏ်လိုက်စားခြင်း၊ ပြည့်တန်ဆာလုပ်ခြင်းပြစ်ဝန်ကို ထမ်းလော့ဟု၊ အမိန့်ရှိသည်ဟူ၍တည်း။
36 ငါ့အားထာဝရဘုရားမိန့်တော်မူပြန်သည်ကား၊ အချင်းလူ့သား၊ အဟောလနှင့် အဟောလိဗတို့ကိုစီရင်လျက်၊ ရွံရှာဖွယ်အမှုများကိုဖော်ပြလော့။ 37 သွေးစွန်းလက်ရှိသော ထိုသူတို့သည်၊ မျောက်မထားခြင်း၊ ရုပ်ပွားများနှင့်မှားယွင်းခြင်းကိုပြုလျက်၊ ငါဖြင့်ရသောသားများကိုလည်း၊ ကျွမ်းလောင်စေခြင်းငှာ ဆက်ကပ်ရက်ကြလေစွ။ 38-39 ၎င်းပြင်၊ သားများကိုရုပ်ပွားတို့ရှေ့စီရင်သောနေ့တွင်၊ ငါ့သန့်ရှင်းရာဌာနကိုဝင်လာ၍ ရှုတ်ချသဖြင့်၊ နေ့ချင်းပင် သန့်ရှင်းရာဌာနကိုမသန့်ရာရောက်စေခြင်း၊ ဥပုသ်နေ့တော်ကိုရှုတ်ချခြင်းများကို၊ ဗိမာန်တော်အတွင်းပြုလျက်၊ ငါ့အားပြစ်မှားကြလေပြီ။ 40 အောင်သွယ်ကိုစေလွှတ်၍၊ အဝေးကခေါ်ဖိတ်သောလူတို့ရောက်လာကြရာ၊ သင်သည် ရေချိုးခြင်း၊ မျက်ခမ်း၌ ဆေးသားခြင်း၊ တန်ဆာဆင်ယင်ခြင်းများကိုပြုလျက်၊ 41 ငါ့နံ့သာပေါင်းနှင့် ဆီကိုထည့်လျက်၊ ခင်းကျင်းပြီးစားပွဲရှေ့၊ ကြက်သရေညောင်စောင်းပေါ်တွင်၊ ထိုင်လင့်သည်တကား။ 42 လူအများတို့ပျော်ပါးသံကိုကြားရသည့်ပြင်၊ သဲတောနေသေဘလူမျိုးတို့နှင့်တကွ လူသာမန်တို့ဝင်နေကြစဉ်၊ လက်ကောက်ဆင်ခြင်း၊ တင့်တယ်သောသရဖူဆောင်းခြင်းများကိုပြုသဖြင့်၊ 43 မျောက်မထား၍ နွမ်းရိသော ထိုသူ့ကိုရည်လျက်ငါက၊ သူတို့အချင်းချင်းမှားယွင်းကြမည်ဟု အောက်မေ့ကြသည့်အတိုင်း၊ 44 ပြည့်တန်ဆာထံဝင်တတ်သည့်နည်းတူ၊ ဝင်သွားကြ၏။ ထိုအတိုင်း၊ မိန်းမရွှင်ဖြစ်သော အဟောလနှင့် အဟောလိဗတို့ထံဝင်လေ့ရှိကြသတည်း။ 45 သွေးစွန်းလက်ရှိလျက်၊ မျောက်မထားကြသောကြောင့်၊ ဖြောင့်မတ်သူတို့သည်၊ မျောက်မထား၍ အသွေးသွန်းသော မိန်းမတို့ခံထိုက်ရာ ဒဏ်စီရင်ကြလိမ့်မည်။ 46 ငါအရှင်ထာဝရဘုရားက၊ ငါသည် ပရိသတ်ကိုခေါ်၍၊ ထိတ်လန့်ခံ၊ လုယက်ခံထားသောထိုသူတို့ကို၊ 47 ခဲပစ်ဒဏ်၊ ဓားခုတ်ဒဏ်၊ သားသမီးတို့ပါ ကွပ်မျက်ဒဏ်၊ တိုက်အိမ်မီးရှို့ဒဏ်များကို၊ ပရိသတ်ခတ်ခြင်းဖြင့်၊ 48 ကာမဂုဏ်လိုက်စားမှုကို၊ နေပြည်အတွင်းမှပြတ်စဲစေ၍၊ သင်တို့ကဲ့သို့မလိုက်စားရန်အဆုံးအမကို၊ မိန်းမအပေါင်းတို့ခံကြလိမ့်မည်။ 49 ကာမဂုဏ်လိုက်စားမှုအတွက်၊ ဆပ်ပေးခံရသူသင်တို့လည်း၊ ရုပ်ပွားကိုးကွယ်မှုပြစ်ဝန်ကိုထမ်းလျက်၊ အရှင်ထာဝရဘုရားငါဖြစ်ကြောင်းသိရကြလတ္တံ့ဟူ၍တည်း။