20
၎င်းပြင်၊ ခုနစ်နှစ်ပဥ္စမလဆယ်ရက်တွင်၊ ဣသရေလလူကြီးအချို့တို့သည်၊ ထာဝရဘုရားထံမေးလျှောက်ရန်လာ၍၊ ငါ့ရှေ့ထိုင်နေကြစဉ်၊ ငါသို့ရောက်သောထာဝရဘုရား၏ဗျာဒိတ်တော်ကား၊ အချင်းလူ့သား၊ ငါ့ထံမေးလျှောက်ရန် ရောက်လာကြပြီလော။ အသက်တော်ကိုတိုင်တည်၍၊ ငါအရှင်ထာဝရဘုရားမိန့်ဆိုသည့်အတိုင်း၊ ငါ့ထံသင်တို့မေးလျှောက်ခွင့် မရကြချေဟု၊ ထာဝရဘုရားမိန့်တော်မူကြောင်း၊ ဣသရေလလူကြီးတို့အားဆင့်ဆိုလော့။ အချင်းလူ့သား၊ ထိုသူတို့ကိုစီရင်ဆုံးဖြတ်လော့။ ဘိုးဘေးတို့ရွံရှာဖွယ်အမှုများကို ဖော်ပြလျက်၊ ဆင့်ဆိုရမည်မှာ၊ အရှင်ထာဝရဘုရားက၊ ငါသည် သင်တို့ဘုရားသခင်ထာဝရဘုရားဖြစ်သည်ဟုလက်ရုံးမြှောက်လျက်သစ္စာဆိုသည့်ကာလ၊ ဣသရေလအမျိုး၊ ယာကုပ်အနွယ်သားတို့ကို၊ အိဂျစ်ပြည်တွင်ရွေးချယ်၍၊ ကိုယ်တော်တိုင်ကိုထင်ရှားစေသည့် နေ့ရက်ကာလ၌ပင်၊ အပြည်ပြည်၏ရတနာဖြစ်သည့်အလျောက်၊ ငါရွေးခဲ့ရာ၊ နို့ရည်ပျားရည်လွှမ်းစီးသောပြည်သို့၊ အိဂျစ်ပြည်မှပို့တော်မူမည်ဟု လက်ရုံးမြှောက်လျက် ငါက၊ အိဂျစ်ပြည်ရှိ ရုပ်ပွားများနှင့် ကိုယ်ကိုမညစ်ညူးစေဘဲ၊ အသီးအသီးဖူးမြင်သောစက်ဆုပ်ဖွယ်ရုပ်တုများကိုစွန့်ပစ်ကြလော့။ ငါသည်သင်တို့ဘုရားသခင်ထာဝရဘုရား ပေတည်းဟု မိန့်ဆိုသော်လည်း၊ အမိန့်တော်ကိုနာခံခြင်း၊ အသီးအသီးဖူးမြင်သောစက်ဆုပ်ဖွယ်ရုပ်တုများကိုစွန့်ပစ်ခြင်း၊ အိဂျစ်ပြည်ရှိရုပ်ပွားများကို စွန့်ပယ်ခြင်းမပြုဘဲ၊ ငါ့ကိုပုန်ကန်ကြသဖြင့်၊ အိဂျစ် ပြည်တွင်ပင်၊ ထိုသူတို့အပေါ်သို့အမျက်ဒေါသကုန်သွန်းလောင်းမည်ဟု၊ ငါအောက်မေ့၏။ သို့ရာတွင်၊ အိဂျစ်ပြည်မှ ထုတ်ဆောင်ခြင်းအားဖြင့် ကိုယ်ကိုထင်ရှားစေသည်ကို၊ သိမြင်သောရောပြွမ်းသူလူမျိုးခြားတို့ရှေ့၊ နာမတော်ရှုတ်ချမခံရစေခြင်းငှာ၊ ပြုစု သည်နှင့်အညီ၊ 10 ထိုပြည်မှသဲတောရောက်ခေါ်သွားပို့ဆောင်ပြီးလျှင်၊ ပြုကျင့်သူတိုင်း၊ 11 အသက်တည်ရာတည်ကြောင်းဖြစ်သော၊ ငါထုံးဖွဲ့ချက်၊ ဆုံးဖြတ်ချက်များကိုသနား၍ ဖော်ပြသည့်ပြင်၊ 12 သီးသန့်ထားသောထာဝရဘုရားငါဖြစ်သည်ဟု သိခွင့်ရကြစေခြင်းငှာ၊ ငါနှင့်သူတို့ကြားတွင် သက်သေလက္ခဏာအဖြစ်၊ ဥပုသ်နေ့တော်ကိုလည်းစီမံသေး၏။ 13 ဣသရေလအမျိုးသားတို့မှာမူ၊ ပြုကျင့်သူတိုင်း၊ အသက်တည်ရာတည်ကြောင်းဖြစ်သော၊ ငါ့ထုံးဖွဲ့ချက်၊ ဆုံးဖြတ်ချက်များကို မလျှောက်မလိုက်ဘဲ စွန့်ပစ်ခြင်း၊ ဥပုသ် နေ့တော်ကိုလည်းပုတ်ခတ်ရှုတ်ချခြင်းပြုလျက်၊ သဲတောတွင် ငါ့ကိုပုန်ကန်ကြသဖြင့်၊ ထိုတောတွင်ပင် သူတို့ကုန်ခန်းအောင်၊ အမျက်တော်ကို သွန်းလောင်းမည်ဟုအောက်မေ့ သော်လည်း၊ 14 ထုတ်ဆောင်တော်မူခဲ့ခြင်းကိုသိမြင်သောလူမျိုးခြားတို့ရှေ့၊ နာမတော်ရှုတ်ချမခံရစေခြင်းငှာ၊ ပြုစုသေး၏။ 15-16 ၎င်းပြင်ကိုယ့်ရုပ်ပွားများကိုစိတ်စွဲလမ်းသောထိုသူတို့သည်၊ ငါ့ထုံးဖွဲ့ချက်၊ ဆုံးဖြတ်ချက်များကိုမလျှောက်မလိုက်ဘဲစွန့်ပစ်လျက်၊ ဥပုသ်နေ့တော်ကိုလည်း ရှုတ်ချကြသည့် အတွက်၊ အပြည်ပြည်၏ရတနာဖြစ်သည့်အလျောက်ငါပေးခဲ့ရာ၊ နို့ရည်ပျားရည်လွှမ်းစီးသောပြည်ထဲသို့မဆောင်မသွင်းဟု၊ သဲတောတွင်လက်ရုံးမြှောက်လျက် သစ္စာဆိုသော်လည်း၊ 17 ထိုတောတွင် ကုန်ခန်းအောင်မဖျက်ဆီးဘဲ၊ မျက်စောင်းနှင့်ညှာတာသေး၏။ 18 သဲတောတွင် သားမြေးတို့အားလည်း၊ ငါက၊ ဘိုးဘေးတို့ထုံးဖွဲ့ချက်များအတိုင်း လိုက်လျှောက်ခြင်း၊ ဆုံးဖြတ်ချက်များကိုစောင့်ထိန်းခြင်း၊ ရုပ်ပွားများဖြင့် ကိုယ်ကိုညစ်ညူး စေခြင်း၊ မပြုကြလင့်။ 19 ငါသည်၊ သင်တို့ဘုရားသခင်ထာဝရဘုရားပေတည်း။ ငါ၏ထုံးဖွဲ့ချက်၊ ဆုံးဖြတ်ချက်များအတိုင်း၊ လိုက်လျှောက်စောင့်ထိန်းပြုကျင့်လျက်၊ 20 ငါသည် သင်တို့ဘုရားသခင်ထာဝရဘုရားဖြစ်ကြောင်းသိခွင့်ရကြအံ့သောငှာ၊ ငါနှင့်သင်တို့ကြားတွင် သက်သေလက္ခဏာဖြစ်လတ္တံ့သော ဥပုသ်နေ့တော်ကို သီးသန့် စောင့်ရှောက်ကြလော့ဟုမိန့်ဆိုသော်၊ သားမြေးတို့လည်း၊ ပြုကျင့်သူတိုင်း၊ 21 အသက်တည်ရာတည်ကြောင်းဖြစ်သော၊ ငါ့ထုံးဖွဲ့ချက်၊ ဆုံးဖြတ်ချက်များအတိုင်း မလိုက်မလျှောက်၊ မစောင့်မထိန်း၊ မပြုမကျင့်ဘဲ၊ ဥပုသ်နေ့တော်ကိုရှုတ်ချလျက်၊ ငါ့အားပုန်ကန်ကြသည့်အတွက်၊ သဲတောတွင် ထိုသူတို့အပေါ်သို့ အမျက်ဒေါသကုန်သွန်းလောင်းမည်ဟု အောက်မေ့သော်လည်း၊ 22 ထုတ်ဆောင်တော်မူခဲ့ခြင်းကို သိမြင်သောလူမျိုးခြားတို့ရှေ့၊ နာမတော်ရှုတ်ချမခံရစေခြင်းငှာပြုစုလျက်၊ လက်တော်မဖိချေ။ 23-24 ၎င်းပြင်၊ ငါ့ဆုံးဖြတ်ချက်၊ ထုံးဖွဲ့ချက်များကိုမပြုမကျင့်ဘဲစွန့်ပစ်လျက်၊ ဥပုသ်နေ့တော်ကိုလည်းရှုတ်ချလျက်၊ ဘိုးဘေးတို့ရုပ်ပွားများကိုစက္ခုအာရုံစွဲလမ်းကြသောကြောင့်၊ လူအမျိုးမျိုးအပြည်ပြည်တွင် အနှံ့အပြားကွဲလွင့်စေမည်ဟု၊ သဲတောတွင်လက်ရုံးမြှောက်လျက်၊ 25 မကောင်းသောထုံးဖွဲ့ချက်များကိုလည်းေကာင်း၊ အသက်တည်ရာတည်ကြောင်းမဟုတ်သော ဆုံးဖြတ်ချက်များကိုလည်းေကာင်း၊ ပေးသည့်ပြင်၊ 26 ငါသည် ထာဝရဘုရားဖြစ်ကြောင်း၊ သူတို့ဆိတ်ညံရာရောက်၍ သိရကြစေခြင်းငှာ၊ ဦးစွာဖွားသော သားတို့ကို ဆက်ကပ်ရာအလှူဒါနများဖြင့်၊ ထိုသူတို့ကိုညစ်ညူး စေသည်ဟုမိန့်တော်မူကြောင်း၊ ဆင့်ဆိုလော့။
27 သို့ဖြစ်၍၊ အချင်းလူ့သား၊ ဣသရေလအမျိုးသားတို့အားဆင့်ဆိုရမည်မှာ၊ အရှင်ထာဝရဘုရားက၊ ဘိုးဘေးတို့သည်၊ ငါ့သစ္စာတော်ကိုဖောက်ကျော်ခြင်းတစ်နည်းဖြင့်၊ ငါ့အားပုတ်ခတ်ကြလေပြီ။ 28 ပေးမည်ဟု လက်ရုံးမြှောက်လျက် သစ္စာဆိုခဲ့ရာပြည်သို့ငါဆောင်သွင်းပြီးလျှင်၊ ထိုသူတို့သည်၊ အရပ်ရပ်ရှိမြင့်လှသောကုန်း၊ အရွက်ဖြာသောသစ်ပင်များကိုရှာဖွေ လျက်၊ ယဇ်ပူဇော်ခြင်း၊ အမျက်တော်တိုက်အလှူလှူခြင်း၊ စိတ်ပြေဖွယ်ရနံ့ဆက်သွင်းခြင်း၊ သွန်းလောင်းရာ သက္ကာတင်သခြင်းကို၊ ထိုအရပ်များ၌ ပြုကြသည်တကား။ 29 သို့ဖြစ်၍ငါက၊ သင်တို့အဖူးသွားသော 20.29  ပါဠိ - ဗာမာမြင့်သောဌာနကား၊ အသို့နည်းဟုမေးချက်အရ၊ ယခုတိုင်အောင်ဗာမာဟူ၍သမုတ်ကြသည်ဟုမိန့်တော်မူကြောင်း၊ ဆင့်ဆိုလော့။
30 သို့ဖြစ်၍၊ ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရဦးမည်မှာ၊ အရှင်ထာဝရဘုရားက၊ ဘိုးဘေးတို့အလေ့အလာအတိုင်းကိုယ်ကိုညစ်ညူးစေခြင်း၊သူတို့စက်ဆုပ်ဖွယ် ရုပ်တုများနှင့်မှားယွင်းခြင်း၊ 31 သားတို့ကို မီးဖြင့်ဆပ်ကပ်သောအလှူလှူလျက်၊ ရုပ်ပွားများနှင့်ကိုယ်ကို ညစ်ညူးစေခြင်းများကိုယခုတိုင်ပြုကြသော၊ အိုဣသရေလအမျိုးသားတို့၊ သင်တို့သည်ငါ့ထံ မေးလျှောက်ခွင့်ရကြမည်လော။ အသက်တော်ကိုတိုင်တည်၍၊ ငါအရှင်ထာဝရဘုရားမိန့်ဆိုသည့်အတိုင်း၊ ငါ့ထံမေးလျှောက်ခွင့်မရကြချေ။ 32 ကျောက်၊ သစ်သားဘုရားများကို၊ ဝတ်ပြုသော အပြည်ပြည်သား၊ လူမျိုးခြားတို့ကဲ့သို့၊ ဝတ်ပြုမည်ဟူသောသင်တို့အကြံအလျှင်းမမြောက်ရ၊ 33 အသက်တော်ကိုတိုင်တည်၍၊ ငါအရှင်ထာဝရဘုရားမိန့်ဆိုသည့်အတိုင်း၊ အမျက်တော်ကိုသွန်းလောင်းလျက်၊ အားကြီးသောလက်ရုံးတော်ကိုဆန့်တန်း၍၊ ငါသည် ဘုရင့်အဖြစ်၊ သင်တို့ကိုအုပ်စိုးသဖြင့်၊ 34 အမျက်တော်ကိုသွန်းလောင်းလျက်၊ အားကြီးသော လက်ရုံးတော်ကိုဆန့်တန်း၍၊ လူအမျိုးမျိုးအပြည်ပြည်တွင် ကွဲလွင့်နေရာသင်တို့ကို စုသိမ်းထုတ်ဆောင်ပြီးလျှင်၊ 35 လူမျိုးခြားတို့နယ်ဆုံသဲတောထဲသို့ ဆောင်သွင်း၍၊ သင်တို့ကို မျက်နှာချင်းဆိုင်စီရင်လတ္တံ့။ 36 ငါအရှင်ထာဝရဘုရားမိန့်ဆိုသည့်အတိုင်း၊ အိဂျစ်ပြည်နယ်ဆုံသဲတောတွင်၊ ဘိုးဘေးတို့ကို ငါစီရင်ခဲ့သည့်နည်းတူ၊ သင်တို့ကိုလည်း စီရင်လျက်၊ 37 တောင်ဝေးအောက်စီသွားစေခြင်း၊ ပဋိညာဉ်တော်ဖွဲ့ကြိုးအတွင်း လျှိုသွားစေခြင်းပြုသည့်ကာလ၊ 38 ငါ့အားပုန်ကန်သူ၊ လွန်ကျူးသူတို့ကို၊ တည်းခိုရာပြည်မှထုတ်ဆောင်သော်လည်း၊ သင်တို့ဘောင်ကချွတ်ပစ်လျက်၊ ဣသရေလပြည်ထဲသို့ဝင်ခွင့်မပေးသည့်အလျောက်၊ ထာဝရဘုရားငါဖြစ်သည်ကို၊ သင်တို့သိရကြလတ္တံ့ဟု မိန့်တော်မူကြောင်း၊
39 အိုဣသရေလအမျိုးသားတို့၊ သင်တို့ကိုရည်လျက် အရှင်ထာဝရဘုရားက၊ အသီးအသီးတို့၏ရုပ်ပွားများကို သွား၍ဝတ်ပြုကြဦး၊ နောင်ကာလ၌ကား၊ အလှူဒါနနှင့် ရုပ်ပွားများဖြင့်၊ သန့်ရှင်းသောနာမတော်ကိုမရှုတ်ချဘဲ၊ အမိန့်တော်ကိုနာခံရကြလိမ့်တကား။ 40 အသို့ဆိုသော်၊ ပြည်တော်ရှိဣသရေလအမျိုးသားအပေါင်းတို့သည်၊ ဣသရေလတောင်တန်းအထွဋ်၊ သန့်ရှင်းရာငါ့တောင်တော်ပေါ်၌၊ ငါ့ကိုဝတ်ပြုကြသည့်အ လျောက်၊ ထိုတောင်တွင်ပင် မြှောက်ဆက်ရာအလှူ၊ လက်ဦးလက်ဖျားအလှူမှစ၍၊ အလှူဝတ္ထုအမျိုးမျိုးကို ငါတောင်းယူလျက်၊ သင်တို့ကိုလက်ခံမည်။ 41 လူအမျိုးမျိုးအပြည်ပြည်တွင်၊ ကွဲလွင့်နေရာသင်တို့ကို စုသိမ်းထုတ်ဆောင်သည့်ကာလ၊ စိတ်တော်ပြေဖွယ်ရနံ့အဖြစ်လက်ခံသဖြင့်၊ လူမျိုးခြားတို့ရှေ့၊ သီးသန့်ရာရောက်ဦးမည်။ 42 ဘိုးဘေးတို့အားပေးမည်ဟု လက်ရုံးမြှောက်လျက်၊ သစ္စာဆိုခဲ့ရာ၊ ဣသရေလပြည်ထဲသို့၊ ငါဆောင်သွင်းသည့်ကာလ၊ ထာဝရဘုရားငါဖြစ်ကြောင်း၊ သင်တို့သိရကြသည့်အတိုင်း၊ 43 ကိုယ်ကိုညစ်ညူးစေရာ အလေ့အလာအပြုအမူဟူသမျှကိုသတိရလျက်၊ ပြုကျင့်သမျှသောဆိုးသွမ်းမှုအတွက်၊ ကိုယ်ကိုစက်ဆုပ်ရွံရှာရာမှတ်ကြလတ္တံ့။ 44 အိုဣသရေလအမျိုးသားတို့၊ ဆိုးသွမ်းသောအလေ့အလာ၊ ပျက်ယွင်းသောအပြုအမူများအတိုင်းမဟုတ်၊ ငါ့နာမတော်အဖို့သာ၊ သင်တို့၌ ငါပြုစုသည့်ကာလ၊ ထာဝရဘုရားငါဖြစ်သည်ကို သင်တို့သိရကြလတ္တံ့ဟု၊ မိန့်တော်မူကြောင်းများကို၊ ဆင့်ဆိုလော့ဟူ၍တည်း။
45 တစ်ဖန်၊ ငါသို့ရောက်လာသောထာဝရဘုရား၏ဗျာဒိတ်တော်ကား၊ 46 အချင်းလူ့သား၊ ဒက္ခိဏလမ်းသို့မျက်နှာမူလျက်၊ တောင်ဘက်သို့စကားလွှင့်လျက်၊ တောင်ပိုင်းရှိတောတန်းကိုရည်၍ ဟောပြောလျက်၊ ထိုတောင်ပိုင်းတောအား ဆင့်ဆိုရမည်မှာ၊ 47 ထာဝရဘုရား၏ ဗျာဒိတ်တော်ကိုနာခံလော့။ ငါသည် စိမ်းလန်းသောအပင်၊ သွေ့ခြောက်သောအပင်ဟူသမျှကို၊ ကျွမ်းလောင်လတ္တံ့သောမီးကိုမွေးသည့်အလျောက်၊ ပြောင်လက်သောအရှိန်မငြိမ်းရဘဲ၊ တောင်ပိုင်းကမြောက်ပိုင်းအထိ၊ လူတို့မျက်နှာတိုင်းလောင်လိမ့်မည်။ 48 မငြိမ်းနိုင်အောင်ထိုမီးကို ငါထာဝရဘုရားမွေးခဲ့ကြောင်း၊ လူအပေါင်းတို့သိမြင်ရကြလတ္တံ့ဟု၊ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကို ဆင့်ဆိုလော့ဟူသော ဗျာဒိတ်တော်ရောက်လာသော်၊ 49 ငါက၊ အိုအရှင်ထာဝရဘုရား၊ ပုံဆောင်တတ်သူတည်းဟု၊ အကျွန်ုပ်အားရည်လျက် ဆိုလေ့ရှိကြသည်တကားဟူ၍ပြန်လျှောက်လေ၏။