19
သင်ကလည်း၊ ဣသရေလမင်းတို့နှင့်ဆိုင်ရာငိုချင်းကိုဖွဲ့ဆိုရမည်မှာ၊ သင့်မယ်တော်ကား၊ ခြင်္သေ့တို့ကြားတွင်ဝပ်လျက်၊ ခြင်္သေ့ပျိုတို့ဘောင်တွင်၊ သားငယ်များကို မွေးမြူသောခြင်္သေ့မဖြစ်လှလေစွ။ မွေးမြူသော သားငယ်တစ်ကောင်သည်၊ ခြင်္သေ့ပျိုအရွယ်ရောက်သော်၊ အမဲလိုက်တတ်သည့်ပြင်၊ လူတို့ကိုကိုက်စားလေ့ရှိသည်ကို၊ သတင်းကြားသောလူမျိုးခြားတို့သည်၊ တွင်းကျထောင်ဖမ်းပြီးလျှင်၊ နှာဖားကြိုးထိုးလျက်အိဂျစ်ပြည်သို့ဆွဲငင်ကြ၏။ ခြင်္သေ့မသည်၊ စောင့်မြော်ရာအကြောင်းနှောင့်နှေးပျက်စီးသည်ကိုသိမြင်သဖြင့်၊ သားငယ်တစ်ကောင်ကိုရွေးကောက်လျက်၊ ခြင်္သေ့ပျိုအရွယ်ရောက် မွေးမြူ၍၊ ခြင်္သေ့တို့အလယ်တွင် သွားလာလျက် ခြင်္သေ့ပျိုအရွယ်ရောက်သောထိုသားငယ်လည်း၊ အမဲလိုက်တတ်သည့်ပြင်၊ လူတို့ကိုကိုက်စား ခြင်း၊ ဘုံဗိမာန်များကို သိကျွမ်း၍၊ မြို့ရွာများကိုဖျက်ဆီးခြင်းပြုလျက်၊ ဟိန်းဟောက်သံကြောင့်၊ နေပြည်နှင့်ရှိရှိသမျှပါ၊ ဆိတ်ညံရာရောက်၏။ ထိုအခါ၊ ပတ်ဝန်းကျင်ပြည်နယ်ရှိလူမျိုးခြားတို့သည် လိုက်လံ၍၊ ပိုက်ကွန်ဖြန့်ချလျက်တွင်းကျထောင်ဖမ်းသောထိုခြင်္သေ့ကိုလည်း၊ နှာဖားကြိုးထိုးလျက်ချိုင့်လှောင်၍၊ ဗာဗုလုန်ဘုရင်ထံယူသွားကြ၏။ ဣသရေလခင်တန်း၌၊ နောင်ဟိန်းဟောက်သံမကြားရအံ့သောငှာ၊ လှောင်အိမ်များအတွင်းသွင်းထားကြလေစွ။
10 တစ်နည်း၊ မယ်တော်သည်၊ ရေအနီး၌စိုက်ပျိုးသော၊ သင့်သွေးသားတူ စပျစ်ပင်သဖွယ်၊ ရေများသည့်အတွက် အသီးနှင့်အခက်အလက်များစည်ကားလျက်ရှိရာ၊ 11 မြောက်မြားသော အခက်အလက်အထက်၊ မိုးသားကိုမီ၍ ရှည်လျားခိုင်ခံ့သော အကိုင်းများသည်၊ ရာဇလှံတံများအဖြစ်ထင်ရှားသော်လည်း၊ 12 ဒေါသဖြင့်ဆွဲနုတ်ခြင်းမြေအထိ ဖြတ်လှဲခြင်း၊ အရှေ့လေဖြင့်အသီးခြောက်ခြင်းများကိုခံရာ၊ ခိုင်ခံသောအကိုင်းများလည်း၊ ကျိုးပြတ်သွေ့ခြောက်၍လောင်စာ ဖြစ်လေစွ။ 13 ယခုမှာပင်၊ ရေခေါင်လျက်သွေ့ခြောက်ရာတောအရပ်တွင်၊ ရွှေ့စိုက်ခံနေရသည့်ပြင်၊ အသီးကိုကျွမ်းလောင်သောမီးသည်၊ 14 အခက်အလက်နှင့်အကိုင်းများမှပေါ်ထွက်သဖြင့်၊ ရာဇလှံတံအဖြစ်ခိုင်ခံ့သော အကိုင်းတစ်လက်မျှမရှိချေဟုဖွဲ့ဆိုလော့။ ဤအချက်သည်၊ ဖွဲ့ဆိုရန်ငိုချင်းချက်ဖြစ်သည် ဟူ၍တည်း။